၂၀၁၃ ခုနှစ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး အောင်မြင်တိုးတက်မှုများ အတိပြီးကာ မြန်မာပြည်သူပြည်သား အားလုံး ပျော်ရွှင်စိတ်ချမ်းသာရသော နှစ်တနှစ် ဖြစ်ပါစေဟု ဧရာဝတီက နှစ်သစ်ဆုတောင်း ပြုလိုပါသည်။
မြန်မာပြည်တွင် စစ်အုပ်ချုပ်ရေး ကာလတလျှောက်လုံး မကြုံခဲ့ဘူးသော တိုင်းပြည်ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံး ကလည်း ပြည်သူပြည်သားများအတွက် နှစ်သစ် ဆုမွန်ကောင်းများ တောင်းပေးသည်ကို ၂၀၁၃ ခုနှစ် အဝင်တွင် မြင်ခဲ့ကြားခဲ့ကြရပြီ။
သမ္မတက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်ရန် လိုအပ်ကြောင်း၊ အစိုးရ ယန္တရား၏ ဖြည့်ဆည်းနိုင်မှု စွမ်းအားနှင့် ပြည်သူများ၏ လိုအပ်ချက် ကွာဟမှု နည်းနိုင်သမျှ နည်းစေရန် အစိုးရက ကြိုးစားရမည်ဟု ယုံကြည်ကြောင်း ပြောသွားသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ပြည်သူပြည်သားများ တနေ့ထက် တနေ့ အရည်အချင်းများ တိုးတက်ကာ ကိုယ့်တာဝန် ကိုယ်သိ၍ ကိုယ်ရသင့်ရထိုက်သည့် အခွင့်အရေးအတွက် လုပ်ရဲကိုင်ရဲ ရှိပါစေဟု နှစ်သစ်ဆုမွန် တောင်းပေးခဲ့သည်။
သမ္မတ ဦးသိန်းစိန်၏ နှစ်သစ် မိန့်ခွန်း ဆုတောင်းထဲတွင် ပါဝင်သကဲ့သို့ မြန်မာပြည်၏ အနေအထားသည် နှစ်ပေါင်းများစွာ ပွင့်လင်းလွတ်လပ်မှု ကင်းမဲ့ခဲ့ပြီး အထီးကျန် ဆန်ခဲ့သောကြောင့် ပြုပြင်ပြောင်းလဲရမည့် အခြေအနေများနှင့် ပြည့်နှက်နေရာ ပြည်သူလူထုဘက်က လိုအပ်ချက်များမှာ ဖြည့်ဆည်း၍ မဆုံးနိုင်အောင် ဖြစ်နေပေလိမ့်မည်။ ထို့အတွက် ပြည်သူလူထု ဘက်က ၎င်းတို့၏ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းထုတ်ဖော် တောင်းဆိုရန် လိုအပ်ပေလိမ့်မည်။
ပြည်သူလူထု၏ လိုအင်ဆန္ဒများနှင့် ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်တင်ပြခွင့် ရှိမှသာလျှင် ဒီမိုကရေစီ၏ အနှစ်သာရ ပေါ်လွင်မည်ဟု ယူဆပါသည်။ အလားတူ အစိုးရဘက်ကလည်း ဆောင်ရွက်နေသမျှကို ကြားခံမီဒီယာများအား အသုံးချ၍ ပြည်သူလူထု သိရှိစေရန် ပွင့်လင်းမြင်သာစွာ ချပြရမည့် တာဝန်ရှိပေသည်။ သို့မှသာ သမ္မတ ပြောကြားသကဲ့သို့ ပြည်သူနှင့် အစိုးရအကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်ပေလိမ့်မည်။
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆုတောင်းနှစ်ခုကို ပေါင်းစပ်ကြည့်မည်ဆိုလျှင် ၂၀၁၃ ခုနှစ်တွင် ပြည်သူတရပ်လုံး ရင့်ကျက်မှုရှိစွာဖြင့် မိမိအခွင့်အရေးအတွက် တောင်းဆိုရဲလာသကဲ့သို့ အစိုးရဘက်ကလည်း ပိုမို၍ ပွင့်လင်းမြင်သာမှုနှင့် အသားကျကာ ပြည်သူနှင့် တသားတည်း ဖြစ်လာစေရန် အားထုတ်လိမ့်မည်ဟု ယုံကြည်ပါသည်။
အစိုးရနှင့် ပြည်သူအကြား ကွာဟချက် နည်းနိုင်သမျှ နည်းရေးအတွက် မီဒီယာများ၏ အခန်းကဏ္ဍကလည်း အရေးပါလှသည်။ မြန်မာပြည်တွင် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် စာပေစိစစ်ရေးဌာနကြီးကို ၂၀၁၂ တွင် ပယ်ဖျက်ပေးခဲ့ပြီ ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသဖြင့် ကိန်းအောင်းခဲ့သော ကြောက်စိတ်က မြန်မာ့မီဒီယာများအကြား ကိန်းအောင်း နေသေးသည်ကို ၂၀၁၂ ခုနှစ်အတွင်း မြင်တွေ့ခဲ့ရသည်။ ယခုမှ စ၍ ထိုကြောက်စိတ်များ ကင်းစင်ကာ အားကောင်းသော၊ ပိုမို၍ အနှောင်အဖွဲ့ကင်းကင်းနှင့် လွတ်လပ်သော မြန်မာ့မီဒီယာများ ပေါ်ထွက်လာပါစေဟု ဧရာဝတီက ဆုတောင်းပါသည်။
တာဝန်သိပြီး လူထုအကျိုးရှေ့ရှုသော မြန်မာ့မီဒီယာများ အားကောင်း၍ လွတ်လပ်မှု ရှိစေရန် ဧရာဝတီမီဒီယာကလည်း တထောင့်တနေရာမှ ပါဝင်ကြိုးပမ်းမည်ဟု ဆန္ဒပြုပါသည်။
ဧရာဝတီမီဒီယာ အနေဖြင့် ၂၀၁၂ နှစ်ကုန်ခါနီးတွင် ပြည်တွင်း၌ အခြေချ ရုံးစိုက်နိုင်ခဲ့ပြီ၊ အင်္ဂလိပ် ဘာသာဖြင့် ရိုက်နှိပ်ထားသော ဧရာဝတီမဂ္ဂဇင်းကို ပထမဆုံး တရားဝင် ပြည်တွင်း၌ ဖြန့်ချိနိုင်ခဲ့ပြီဖြစ်သည်။ ထိုအောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းကာ မြန်မာဘာသာဖြင့် ရေးသားတင်ဆက်သည့် သတင်းဝက်ဘ်ဆိုက်တွင်လည်း ယခုနှစ်သစ်မှ စ၍ ပိုမို တိကျ ခိုင်မာသည့် သတင်းများ၊ ဆောင်းပါးများနှင့်တကွ ပိုမိုဝေဆာစွာ ဖော်ပြနိုင်ရန် ဧရာဝတီ အဖွဲ့သားများ အားလုံး ပူးပေါင်း၍ ကြိုးပမ်းသွားပါမည်။
သမ္မတ ဦးသိန်းစိန် ပြောသွားသကဲ့သို့ ပြည်သူလူထု၏ လိုအပ်ချက်များမှာ ဖြည့်ဆည်း၍ မဆုံးနိုင်အောင် များပြားမည် မှန်သော်လည်း မြန်မာပြည်သူတို့၏ တခုတည်းသော လိုအပ်ချက်မှာ ချုပ်လျှင် ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးပင် ဖြစ်သည်။
၂၀၁၃ ခုနှစ်သည် မြန်မာပြည်အတွက် အားယူရမည့် နှစ်တနှစ်လည်း ဖြစ်နေပေသည်။ နှစ်များစွာ ကျင်းပခွင့်မရခဲ့သော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ ကျင်းပရမည့်နှစ်ဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများအလယ်တွင် မြန်မာပြည်၏ ပြန်လည်ဆန်းသစ်သော ခွန်အားကို ယခုနှစ်တွင် ပြသရတော့မည်။
၂၀၁၂ ခုနှစ်တနှစ်လုံး ဖြစ်ထွန်းခဲ့သည့် နိုင်ငံရေးတိုးတက်မှုများကို မြင်တွေ့ခဲ့ရသကဲ့သို့ စိတ်မချမ်းသာဖွယ် စစ်မက်ဖြစ်ပွားမှု၊ ပဋိပက္ခကိစ္စများလည်း ကြုံတွေ့ခဲ့ရပြီးပြီ။ ၂၀၁၃ တွင် စစ်မက်ဖြစ်ပွားမှုများ၊ ပဋိပက္ခများ အေးငြိမ်းကာ တိုးတက်ဖြစ်ထွန်း မှုများဆီ ဦးတည်နိုင်ရန် ဧရာဝတီက ဆုမွန်ကောင်း တောင်းပေးချင်ပါသည်။
၂၀၁၂ ခုနှစ်သည် မြန်မာ့ဒီမိုကရေစီ၏ အာရုဏ်ဦးဆိုလျှင် ၂၀၁၃ ခုနှစ်သည် နံနက်ခင်းအလင်းရောင်ကို ပိုမို ပီပြင်စွာ မြင်တွေ့ရမည့် နှစ်တနှစ် ဖြစ်ရပေလိမ့်မည်။ ။