“ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့” (Tourist Police) အမည်ဖြင့် ပြည်ပ ခရီးသွားများအား ကူညီစောင့်ရှောက်ရေး အတွက် သီးသန့်ရဲတပ်ဖွဲ့တခုကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရသည်။
ပထမဆုံး ဖွဲ့စည်းသည့် ယင်း Tourist Police ရဲတပ်ဖွဲ့သည် ရန်ကုန်မြို့တွင် ရုံးစိုက်ပြီး ကမ္ဘာလှည့်ခရီးသွား အများစု ဝင်ထွက်သွားလာသည့် မန္တလေး၊ ပုဂံ၊ အင်းလေး၊ ညောင်ရွှေ၊ ကလော စသည့် ဒေသများတွင် ဦးစားပေး တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့မှ အရာရှိတဦးက “နိုင်ငံခြားသားတွေ ခရီးသွားလာရာမှာ အခက်အခဲ တစုံတရာရှိရင် ကူညီဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့တာပါ။ အဓိကကတော့ ပြည်ပခရီးသွားတွေ အတွက်ပါ”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုရောက်ရှိလာခြင်းနှင့် လာမည့် ၂၀၁၃ ခုနှစ် နေပြည်တော်၊ ရန်ကုန် စသည့်မြို့ကြီးများတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA Games) များ အတွက် ကြိုတင်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း အဆိုပါအရာရှိက ဆိုသည်။
နိုင်ငံခြားသား ခရီးသွားများနှင့် ဆက်ဆံရာတွင် အဆင်ပြေ ချောမွေ့နိုင်ရေးအတွက် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် လေ့လာသင်ယူဖူးသူ ရဲတပ်ဖွဲ့ဝင်များဖြင့် ဦးစားပေး ဖွဲ့စည်းထားပြီး၊ ဘွဲ့ရပညာတတ်များကိုသာ ခေါ်ယူ စုဆောင်းထားခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အပြောင်းအလဲများ ပြုလုပ်လာခြင်း၊ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု များပြားလာခြင်းတို့ကြောင့် အာရှ၊ ဥရောပ နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွား တိုးတက် များပြားလျက်ရှိကြောင်း၊ ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား တသန်းခန့် လာရောက်ကြောင်း အစိုးရ ထုတ်ပြန်ချက်များအရ သိရသည်။
ကမ္ဘာလှည့် ခရီးသွားများ များပြားလာသည့်နည်းတူ မကြာသေးမီက ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် နယ်မြေတွင် ပြည်ပ ခရီးသွားများအား လုယက်မှု ၄ မှု ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် နယ်မြေအတွင်း လည်ပတ်နေသည့် ကမ္ဘာလှည့်ခရီးသွားများ လုံခြုံရေးအတွက် Tourist Police တပ်ဖွဲ့ဝင် ၃၀ ဦးကို ယနေ့ ဖြန့်ချထားကြောင်း ပုဂံရဲစခန်းမှ ပြောသည်။
ကမ္ဘာလှည့် ခရီးသွားများသည် ၄၂ ကီလိုမီတာခန့် ကျယ်ဝန်းသည့် ပုဂံမြို့ဟောင်းနှင့် မြို့သစ်ဧရိယာအတွင်း စက်ဘီးများ၊ ကားများ၊ မြင်းလှည်းများဖြင့် လှည့်လည်ကြည့်ရှု လေ့လာကြပြီး၊ ယခင်က ၎င်းတို့လုံခြုံရေးကို ဒေသခံရဲတပ်ဖွဲ့ကသာ တာဝန်ယူခဲ့သည်။
ပုဂံဒေသခံ ဦးမျိုးနိုင်က“ကမ္ဘာလှည့် ခရီးသွားတွေအပေါ်မှာ ဂိုဏ်းဖွဲ့ ကျူးလွန်တာမျိုးတော့ မရှိသေးဘူး။ အခု လောလောဆယ်တော့ ပိုက်ဆံအိတ် လုပြေးတာလောက်ပဲ ရှိသေးတယ်။ နောက်ဆို ကမ္ဘာလှည့်ခရီးသွား များလာရင် ဒုစရိုက်သမားစားကျက် ဖြစ်လာနိုင်တယ်” ဟု ဆိုသည်။
ကမ္ဘာလှည့် ခရီးသွားများအပြင် ပြည်တွင်း ခရီးသွားများလည်း အလာများသည့်အတွက် ဒေသခံများ၏ စီးပွားရေး ပိုမိုကောင်းမွန်လာကြောင်း၊ ထို့အတွက်လည်း တခြားဒေသများမှ လာရောက် လုပ်ကိုင်သူများလည်း များပြားလာသည်ဟု သိရသည်။
ပြည်ပခရီးသွား ဧည့်သည်များမှာ စက်ဘီးများဖြင့် ဘုရားများအနှံ့၊ လမ်းအနှံ့ သွားရောက်ကြရာ ၎င်းတို့၏ လုံခြုံရေးမှာ အရေးကြီးကြောင်း၊ ရာဇဝတ်မှုများ များပြားမှု မရှိသော်လည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့များ ပုဂံဒေသတွင် လာရောက် တာဝန်ယူမှုနှင့် ပတ်သက်ပြီး ကြိုဆိုကြောင်း ပုဂံဒေသရှိ မြန်မာခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဦးတင့်ဝေက ဧရာဝတီသို့ ပြောသည်။
ပုဂံဒေသသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွား အရေအတွက်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ၃သောင်းခန့် လာရောက်သည်ဟု သိရသည်။