မိတ္ထီလာမြို့တွင် ရွှေရောင်းချရာတွင် စကားများ ခိုက်ရန်ဖြစ်ပွားရာမှ စတင်ခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုကို လုံခြုံရေးရဲတပ်ဖွဲ့က နောက်ဆုံး ထိန်းချုပ်ထားနိုင်ခဲ့ပြီး အမှုအခင်း စတင်ကျူးလွန်သူများကို ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
ယနေ့ မနက် ၉ နာရီခွဲအချိန်တွင် မိတ္ထီလာခရိုင် ပြွန်ကောက်ရွာမှ ဒေသခံ လင်မယား ၂ ဦးသည် ရွာ ဆွမ်းလောင်းပွဲအတွက် ဈေးလာဝယ်စဉ် ငွေလိုအပ်သောကြောင့် ၎င်းတို့ ရွှေဝယ်ယူထားသည့် “ဝိတ်စိန်” ရွှေဆိုင်တွင် ပြန်လည်ရောင်းချရာ ရွှေလက်စွပ်ကို မှတ်ကျောက်တိုက်နေစဉ် ကြိုးသွားခဲ့သောကြောင့် ရွှေဆိုင်က အထည်ပျက် ဈေးသာပေးခဲ့သောကြောင့် စကားစများခဲ့ရကြောင်း မိတ္ထီလာမြို့ အထွေထွေအုပ်ချုပ်ရေးရုံးမှ ပြောဆိုသည်။
အမှုကို လက်ခံ တာဝန်ယူထားသော မိတ္ထီလာ အမှတ် ၂ ရဲစခန်းက အဆိုပါ လင်မယားကို “သက်ကြီးရွယ်အို” ဟု ပြောဆိုသုံးစွဲသောကြောင့် အသက်အရွယ်ကို ဧရာဝတီက စုံစမ်းမေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုသည်။
အထွေထွေအုပ်ချုပ်ရေးရုံး၏အဆိုအရ အစ္စလမ်ဘာသာဝင်ဖြစ်သူ ဆိုင်ပိုင်ရှင်နှင့် အပေါင်းအပါများက အဆိုပါ လင်မယား ၂ ဦးကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ ဖြစ်ပျက်ခဲ့ရကြောင်း သိရသည်။
မိတ္ထီလာမြို့ခံများ၏ အဆိုအရ ပြွန်ကောက်ရွာမှ ဒေသခံများ လိုက်လာပြီး မြို့ပေါ်ရှိ ဒေသခံတချို့နှင့် စုပေါင်းကာ အဆိုပါ မိတ္ထီလာ မြို့မဈေးကြီးအနီးရှိ ဝိတ်စိန်ရွှေဆိုင်နှင့် အစ္စလမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ဆိုင်တချို့ကို ဖျက်ဆီးခဲ့ကြကြောင်းလည်း သိရသည်။
လူအုပ်သည် ၂ ထောင်ကျော်မျှ ရှိလာသည့်အတွက် မြို့မဈေးကြီးကိုလည်း ပိတ်ထားလိုက်ရပြီး လူများ ဝင်ရောက်ခြင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တားမြစ်ထားကြောင်း၊ ထို့အပြင် အရိုက်ခံရသည့် ဒေသခံ ၂ ဦးကို မိတ္ထီလာဆေးရုံတွင် ကုသပေးနေပြီး ရဲများစောင့်ကြပ်နေကာ လူဝင်လူထွက်ကို စိစစ်နေကြောင်း သိရသည်။
“ အခုကတော့ အခြေအနေတွေ အေးချမ်းသွားပါပြီ။ ရဲတပ်ဖွဲ့လုံခြုံရေးတွေလည်း နေရာအနှံ့ ချထားလိုက်ပါပြီ။ အဲဒီလိုဖြစ်ပျက်တာကို ဗမာတွေ အရိုက်ခံရတယ်ဆိုပြီး လျှောက်ပြောရာကနေ လူအုပ်ကြီးက အရမ်းများလာတာ။ လူသေဆုံးမှုတွေလည်း ဘာမှ မရှိပါဘူး” ဟု မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းမှ တွဲဘက်တာဝန်မှူးဖြစ်သူက ဧရာဝတီသို့ ပြောဆိုသည်။
အရိုက်ခံလိုက်ရသည့် ၂ ဦးမှ တရားလိုပြုလုပ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်သူများကို အရေးယူရန် ဖမ်းဆီးထားပြီဖြစ်ကြောင်း၊ ၃ ဦးကို လက်ရှိအချိန်တွင် ဖမ်းဆီးထားပြီး အဓိက ရိုက်နှက်သူ ၁ ဦးမှာ (ယခု သတင်း ရေးသားပြီးချိန်အထိ) လွတ်မြောက်နေသေးကြောင်း မိတ္ထီလာမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဆိုသည်။
ဖမ်းဆီးထားသူများကို မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းတွင် ပုဒ်မ ၃၂၆/ ၃၂၇/ ၂၉၄/ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ ပြစ်မှုအမှတ် ပ/ ၇၄ ( ၂၀၁၃ ) ဖြင့် အရေးယူနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
နောက်ဆုံး ရရှိသော သတင်းများအရ မိတ္ထီလာမြို့တွင်းရှိ အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူရှိနေသည့် နေရာများတွင် လုံခြုံရေးရဲများ ချထားသည်ကို မတွေ့ရကြောင်း၊ မြို့မိမြို့ဖများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နောက်ထပ်ဖြစ်ပွားမှုမရှိအောင် ထိန်းသိမ်းထားပြီး အခင်းဖြစ်ပွားခဲ့သောနေရာကို မည်သူတစ်ဦးတစ်ယောက်ကိုမှ ဝင်ထွက်ခွင့် မပေးထားကြောင်း ဒေသခံများက ဆိုသည်။