လက်ရှိအချိန်တွင် မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက်တွင် အစ္စလမ် ဘာသာဝင် ၁၀၀ ကျော်ကို လူအုပ်စုဖြင့် ဝိုင်းနေသည့် အတွက် ၎င်းတို့ကို ကယ်တင်ရန် လိုအပ်နေကြောင်း မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။
ထို့အပြင် မိတ္ထီလာ အမှတ် ၁ ရဲစခန်းတွင် အစ္စလမ်ဘာသာဝင် ၄၀၀ ကျော်နှင့် ခရိုင် အားကစားကွင်းအတွင်း ၈၀၀ ကျော်ကို လုံးခြုံရေး တပ်ဖွဲ့များက ကယ်တင် စောင့်ရှောက်ထားရကြောင်း သိရသည်။
“အခုမနက် အခြေအနေ တကယ် ရုတ်ရုတ်သဲသဲ ဖြစ်တဲ့နေရာတွေမှာ ရဲတပ်ဖွဲ့တွေ လှုပ်ရှားတာကို မတွေ့ရဘူး။ သူတို့က ဘာမှ မလုပ်တတ်မကိုင်တတ်တဲ့ ပုံစံဖြစ်နေတယ်။ ဒီလိုအတွေ့အကြုံမျိုး မရှိတဲ့အတွက် သူတို့ မလုပ်ရဲ မကိုင်ရဲ ဖြစ်နေတာ” ဟု သူက ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့သော အခြေအနေသည် မိတ္ထီလာမြို့တွင် မဖြစ်ခဲ့ဘူးသောကြောင့် အလွန် စိတ်မချမ်းမသာ ဖြစ်ရကြောင်း၊ လူမျိုးရေး အသွင် ဆောင်လာပြီဖြစ်ကြောင်း ဦးဝင်းထိန်က ဆိုသည်။
ယနေ့ မနက် နောက်ဆုံးအခြေအနေအရ ပေါက်ချောင်း ရပ်ကွက်တွင် နေအိမ်များ မီးရှို့ခံနေရကြောင်း၊ ဘုန်းတော်ကြီး တချို့နှင့် လူတစ်စုတို့က မီးလိုက်လံ ရှို့လျက်ရှိကြောင်း မိတ္ထီလာမြို့ခံတဦးက ပြောသည်။
ထို့အပြင် မီးလောင်ခံရသော နေအိမ်များတွင် အစ္စလမ်ဘာသာဝင် နေအိမ်များအပြင် ဗုဒ္ဓဘာသာဝင်များ၏ နေအိမ်များလည်း ပါဝင်ကြောင်း၊ မြို့အနေဖြင့် ပျက်စီးသွားပြီဖြစ်ကြောင်း မိတ္ထီလာမြို့ခံများက ဆိုသည်။
“ရဲတွေအနေနဲ့က မီးလောင်နေတာကို လိုက်ပြီး ငြှိမ်းသတ်နေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ တကယ် အကြမ်းဖက်တဲ့ သူတွေကို အရေးယူဖို့ လုပ်နိုင်တာမျိုး မတွေ့ရဘူး။ နောက်ပြီး အစ္စလမ်ဘာသာဝင်တွေကို ကယ်တင်ထားတဲ့ နေရာကိုပဲ လုံခြုံရေးရအောင် ထိန်းနေရတယ်” ဟု မြို့ထဲသို့ ရောက်ရှိနေသော မိတ္ထီလာမြို့ခံ တဦးက ဧရာဝတီသို့ ပြောသည်။
မီးလောင်မှုများကို မီးသတ်ကား ၁၀ စီးဖြင့် လိုက်လံငြှိမ်းသက်နေကြောင်း၊ မီးလောင်မှုတခုကို လိုက်လံထိန်းသိမ်း နေလျှင် ၎င်းနေရာနှင့် ဆန့်ကျင်ဘက် နေရာတခု၌ နောက်ထပ် ထပ်မံ ဖြစ်ပွားလာကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျ အရာရှိတဦးက ဆိုသည်။
ယခုအချိန်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင်၊ သာသနာရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးများလည်း ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အခုချိန်မှာ အားလုံး ရှုပ်ရှက်ခက်နေတယ်ဗျ။ မီးကလည်း ၂ နေရာတောင် လောင်နေတာ။ လုံထိန်းတွေ အင်အားသုံးနေ ပါတယ်။ ဒါပေမယ့် အကြမ်းဖက်တဲ့ လူအုပ်စုကိုတော့ အခုချိန်အထိ ပစ်ခတ်ဖြိုခွဲတာမျိုး မလုပ်သေးပါဘူး။ နောက်တော့မှ ပြန်ဆက်ပါ” ဟု မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ကိုယ်ရေးအရာရှိက ဧရာဝတီသို့ ပြောသည်။