မန္တလေးတိုင်း၊ မိတ္ထီလာမြို့ကနေ နေပြည်တော်နဲ့ ပဲခူးတိုင်းတွေအထိ ကူးစက်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မြန်မာ့ ရိုးရာ အတာသင်္ကြန် ပွဲတော်ကို ကူးစက်ဖွယ် ရှိမှာမဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောဆို လိုက်ပါတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် စတင်ဖို့ ရက်သတ္တ နှစ်ပတ်ခန့်သာ လိုတော့တဲ့ အချိန်မှာ ပဋိပက္ခတွေက ကူးစက်နေဆဲဖြစ်တာမို့ သင်္ကြန်ပွဲတော် လည်ပတ်ကြဖို့ အားခဲနေသူတွေက အကြမ်းဖက်မှုတွေ ကူးစက်လာမှာကို စိုးရိမ်နေကြခြင်းအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ အကြမ်းဖက်မှုတွေ မကူးစက်ရေး စနစ်တကျ ကိုင်တွယ် ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင် နေတဲ့အပြင် နှစ်စဉ်ကျင်းပတဲ့ သင်္ကြန်ပွဲဟာ နိုင်ငံသားအားလုံး ပါဝင်ဆင်နွှဲကြတဲ့ ပွဲဖြစ်တာကြောင့် အကြမ်းဖက်မှုတွေ ကူးစက် မလာနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် ထောက်လှမ်းရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒု ရဲမှူးကြီး မင်းအောင်က ဧရာဝတီကို ပြောပါတယ်။
“သင်္ကြန်ပွဲက အားလုံးရဲ့ပွဲ ဖြစ်တဲ့အတွက် ဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ပဲ ယူဆပါတယ်။ သင်္ကြန်ကာလ အတွက်တော့ လုံခြုံရေးကို နှစ်စဉ် လုပ်နေကြအတိုင်းတော့ စီမံထားပါတယ်။ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေအလိုက် သင်္ကြန်တွင်း လုံခြုံရေး စီမံချက်ဆိုတာ ရှိပါတယ်။ အဲဒီအတိုင်းပဲ ရေးဆွဲထားပါတယ်။ လုံခြုံရေးကို ဒီနှစ်မှ ထူးထူးခြားခြား စီမံဖို့တော့ အစီအစဉ်မရှိသေးပါဘူး” လို့ ဒု ရဲမှူးကြီး မင်းအောင်က ပြောပါတယ်။
သင်္ကြန်ကာလကို လုံခြုံရေး ထူးထူးကဲကဲ လုပ်ဆောင်သွားဖို့ အစီအစဉ် မရှိပေမယ့် အရင်နှစ်တွေကအတိုင်း သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေးအရ CCTV ကင်မရာများ တပ်ဆင်ခြင်း၊ ရဲတပ်ဖွဲ့အနေနဲ့ စောင့်ကြပ် ကြည့်ရှုခြင်းတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့က မြို့ခံအချို့ကတော့ အပျက်အစီးတွေ၊ ဒုက္ခသည်တွေ ကြားထဲက သူတို့မြို့ရဲ့ အတာသင်္ကြန်ကာလဟာ ပျော်ရွှင်စရာ ကောင်းမှာ မဟုတ်ဘူးလို့ ဆိုကြပြီး တချို့ကတော့ မန္တလေးမြို့ပေါ်မှာပဲ သွားရောက် လည်ပတ်ကြမယ်လို့ ဆိုပါတယ်။
“တဦးနဲ့ တဦး ယုံကြည်မှု မရနိုင်သေးတဲ့အချိန် ဘယ်သူက ရန်ပြုမလဲဆိုတဲ့ စိုးရိမ်စိတ်တွေ၊ မြို့ပေါ်က အပျက်အစီးတွေ၊ ဒုက္ခ သောက ရောက်နေတဲ့ လူတွေကြားထဲမှာ ကျမတို့မြို့ရဲ့ ဒီနှစ်သင်္ကြန်က အသက်မဲ့နေမှာပဲ။ သင်္ကြန် ဒီက သူငယ်ချင်းတွေ တချို့ဆိုရင် မန္တလေးမှာ သွားလည်ကြမယ်။ တချို့က ဥပုသ်စောင့်ကြမယ်လို့ ပြောတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
မိတ္ထီလာမြို့ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် ကိုယ်တိုင်၊ နိုင်ငံရေးပါတီတွေ၊ ဒေသခံတွေ၊ ဘာသာရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်နေပြီး လက်ရှိ အနေခြအနေမှာ ဆူပူအကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ပွားမှု မရှိတော့ကြောင်း၊ သို့သော်လည်း လုံခြုံရေးကင်းတွေတော့ နေ့ညမပြတ် စောင့်နေရသေးတဲ့ အခြေအနေမှာ ရှိနေသေးကြောင်း မြို့ခံတွေက ပြောပါတယ်။
ဆူပူအကြမ်းဖက်မှုတွေရဲ့ နောက်မှာ လှုံ့ဆော်သူတွေ ရှိတယ်လို့ ထင်မြင်ကြောင်း၊ ဒါကြောင့် သင်္ကြန်ကာလကို အကြမ်းဖက်မှုတွေ မကူးစက်စေဖို့ အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ လူထုတွေ ကိုယ်တိုင်က ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ် (NNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။
“သင်္ကြန်ကျလို့ရှိရင် အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်မှုကို ဖြတ်သန်းကြတာချည်းပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိတဲ့လူတွေက အုပ်ချုပ်ရေးပိုင်း ဖြစ်ဖြစ် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအစိုးရတွေက ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ပြည်သူလူထု အေးချမ်းဖို့ ပြည်သူ့ဆန္ဒနဲ့ အညီ ကူညီမှာပေါ့” လို့ ဦးသိန်းညွန့်က ဧရာဝတီကို ပြောပါတယ်။
အကယ်၍ ဆူပူ အကြမ်းဖက်မှုတွေ သင်္ကြန်ကာလကို ကူးစက်မှု ဖြစ်ပွားလာပါက နိုင်ငံတော် အစိုးရမှာ အဓိက တာဝန်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
“သူတို့ အုပ်ချုပ်ရေးပိုင်းက နိုင်ငံရေးသမားတွေကို နှစ်ပေါင်းများစွာ ထောက်လှမ်းရေး သတင်းတွေနဲ့ ဖမ်းဆီး အရေးယူခဲ့တာပဲ။ အခု ပွဲဖျက်မယ့် လူတွေကိုရော သူတို့ စုံစမ်းထောက်လှမ်း၊ ဖမ်းဆီး အရေးမယူနိုင်ဘူးလား။ ဒီလောက် အားကောင်းတဲ့ ထောက်လှမ်းရေး ယန္တယားကြီးရှိတဲ့ တိုင်းပြည်ပဲ။ အဲဒါကိုတော့ ကိုင်တွယ်နိုင်ရမှာပေါ့။ မကိုင်တွယ်နိုင်ရင် တာဝန်ရှိတဲ့လူတွေ ညံ့ဖျင်းမှုပေါ့” လို့ ဦးသိန်းညွှန့်က ပြောဆိုပါတယ်။
အခုအချိန်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ တည်ငြိမ်မှုတွေ ရရှိသွားပြီ ဖြစ်ပေမယ့် ပဲခူးတိုင်း အနောက်ခြမ်းမှာတော့ နေရာကွက်ကြား ဖြစ်နေဆဲပဲလို့ ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြောပါတယ်။
ဆူပူအကြမ်းဖက်မှုတွေရဲ့ နောက်မှာ လှုံ့ဆော်သူတွေ ရှိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ သံသယရှိကြောင်း၊ ဒါကြောင့် အကြမ်းဖက်မှုတွေ ထပ်မံ မပြန့်ပွားအောင် လုပ်ဆောင်မှုတွေ ရှိနေသလို ဦးဆောင်သူလို့ ယူဆရသူတွေကိုလည်း ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ထားကြောင်း ပြောပါတယ်။
အဓိက မြို့ကြီး နှစ်မြို့ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီနှစ် သင်္ကြန်အတွက် ရေသဘင် မဏ္ဍပ်တွေ တည်ဆောက်ဖို့ လျှောက်ထားမှုတွေဟာ အရင်နှစ်ကထက် များပြားကြောင်း မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပါတယ်။
ဆူပူမှုတွေနဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေဟာ ရန်ကုန်မြို့မှာ ရိုက်ခတ်မှုတွေ ရှိခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုံခြုံရေးတွေ ချထားပါတယ်။ ဒီအခြေအနေတွေကြောင့် သင်္ကြန်ကာလ အထူးစည်ကားလေ့ရှိတဲ့ ရန်ကုန်မြို့မှာ ပဋိပက္ခတွေ ကူးစက်လာမှာကိုလည်း မြို့ခံတချို့က စိုးရိမ်နေကြကြောင်း ပြောပါတယ်။
မန္တလေးမြို့မှာတော့ တည်ငြိမ်မှုရှိကြောင်း သင်္ကြန်ကာလကို ပဋိပက္ခတွေ ကူးစက်မလာနိုင်အောင် အစိုးရအနေနဲ့ ကိုင်တွယ် ဆောင်ရွက်သွားနိုင် လိမ့်မယ်လို့လည်း ယုံကြည်ကြောင်း မန္တလေးမြို့ခံ ကဗျာဆရာကြီး ဦးကိုလေး (ကိုလေး – အင်းဝဂုဏ်ရည်) က ပြောပါတယ်။
“ကျနော်တို့မြို့မှာတော့ ဖြစ်မလာနိုင်ဘူးဗျ၊ အခုဆိုရင် ဆိုင်ရာဆိုင်ရာ မြို့နယ်တွေမှာ ဆရာတော်တွေရော၊ မွတ်ဆလင် လူကြီးတွေရော၊ ကျန်တဲ့ ဘာသာပေါင်းစုံတွေရော အခုပြန်ပြီး စည်းလုံးနေကြတယ်ဗျ။ ကျနော်တောင် ပျော်သွားတယ်။ အစိုးရကလည်း မီးတောက်အောင်တော့ အဖြစ်ခံမှာမဟုတ်ဘူး၊ ထိန်းမှာပဲ လို့ယုံကြည်တယ်။ ကျနော်တို့ကလည်း တာဝန်သိ ပြည်သူတယောက် အနေနဲ့ တတ်နိုင်သလောက် ကာကွယ်၊ ဖော်ထုတ်ရမှာပဲ” လို့ ကိုလေး (အင်းဝဂုဏ်ရည်) က ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ကလည်း ဆူပူအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းလုံခြုံမှုကို ထိပါးလာတဲ့ လုပ်ရပ်မှန်သမျှကို လုံးဝ သည်းခံမှာမဟုတ်ဘဲ ဥပဒေနဲ့အညီ ထိထိရောက်ရောက် တားဆီးနှိမ်နှင်းကြဖို့ ယမန်နေ့ညနေပိုင်းမှာ အစိုးရမီဒီယာတွေကနေ တဆင့် မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားရာမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
၂၀၁၀ ပြည့်နှစ်က သင်္ကြန်ကာလ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းမှာ ရှိတဲ့ X2O ရေကစား မဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ လူ ၁၀ ဦး သေဆုံးပြီး ၁၇၀ ကျော်ဒဏ်ရာ ရခဲ့ကြောင်း အစိုးရကလည်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။