လာမည့် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဗလစ်ကန် သမ္မတလောင်းအဖြစ် အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဒေါ်နယ်ထရမ့်ကို ပါတီညီလာခံက ရွေးလိုက်ပြီး တနာရီကျော် မိန့်ခွန်းပြောရာတွင် အမေရိကကိုသာ ရှေ့တန်းတင်ရန် ထရန့်က ကတိပြုလိုက်သည်။
ဒေါ်နယ်ထရန့်က ဒီမိုကရက်တစ် ပါတီမှ ပြိုင်ဘက် ဟီလာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီးဘဝက “သေမင်း၊ အဖျက်စွမ်းအား၊ အကြမ်းဖက်ဝါဒနှင့် အင်အားချိနဲ့မှု၏ အမွေ”ဟု စွပ်စွဲပြီး ရာဇဝတ်မှုနှင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကို ပြတ်ပြတ်သားသား ကိုင်တွယ်မည်ဟု ကြာသာပတေးနေ့ ရီပတ်ဗလစ်ကန် သမ္မတလောင်းအဖြစ်လက်ခံသော မိန့်ခွန်းတွင်ကတိပြုလိုက်သည်။
ထရန့်၏ မိန့်ခွန်းသည် ကလင်တန်နှင့် အကြိတ်အနယ် ရွေးကောက်ပွဲတွင် မဲဆွယ်ရေး လေသံကို ပြင်ဆင် ရည်ရွယ်ထားသည်။ ယင်းမှာ အကွဲကွဲအပြားပြားဖြစ်နေသောပါတီကို ညီညီညွတ်ညွတ်ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒီမိုကရက်တစ်သမ္မတလောင်းကို မည်သည့်အတွက် မရွေးချယ်သင့်ကြောင်း အသေးစိတ် ရှင်းပြခြင်း ဖြစ်သည်ဟု ရီပတ်ဗလစ်ကန် ပါတီဝင်များက ဆိုသည်။
နိုင်ငံခြားရေးမူဝါဒ ကိုင်တွယ်ပုံ အမှားအယွင်းများအတွက် “သူ့ကို ချုပ်” ဟု လူအုပ်က အော်ဟစ်နေချိန် ထရန့်က ထောက်ခံသူများကို လက်ရမ်းနှုတ်ဆက်ပြီး “သူ့ကို နိုဝင်ဘာမှာ ချေမှုန်းကြ” ဟု ပြောကြားခဲ့သည်။ ညီလာခံခန်းမတွင် စုရုံးရောက်ရှိနေသည့် ထောင်ပေါင်းများစွာသော ထောက်ခံသူများက ထရန့်၏ စကားကို အော်ဟစ် အားပေး ထောက်ခံကြသည်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေးစကားများနှင့် သူ၏ စိတ်မြန်မှုတို့အပေါ် စိုးရိမ်ကြသည့် ရီပတ်ဗလစ်ကန်ပါတီတွင်း အကွဲအပြဲများအား ၄ ရက်ကြာ ပါတီညီလာခံက အသက် ၇၀ အရွယ်ရှိ ထရန့်အား သမ္မတလောင်းအဖြစ် လက်ခံသောမိန့်ခွန်းဖြင့် အဆုံးသတ်လိုက်သည်။ ထိုအခမ်းအနားကို ၂၀၁၂ ခုနှစ် သမ္မတလောင်း မစ် ရွန်မနီနှင့် ပါတီ၏ သမ္မတဟောင်း ၂ ဦး ဖြစ်ခဲ့သော ဘုရှ် မိသားစုတို့ကဲ့သို့သော များစွာသော နာမည်ကြီး ရီပတ်ဗလစ်ကန်အမာခံများက သပိတ်မှောက်ခဲ့ပြီး ညီလာခံတွင် ပါတီတွင်း သဘောမတူ ကန့်ကွက်သံများ ရှိခဲ့သည်။
တရားမဝင် အခြေချနေထိုင်သူများ၏ သိမ်းပိုက်မှု၊ အစ္စလမ်မစ်နိုင်ငံတော် စစ်သွေးကြွများ၏ ခြိမ်းခြောက်မှု၊ ပျက်စီးနေသော အခြေခံအဆောက်အုံ၊ မမျှတသော ကုန်သွယ်ရေး သဘောတူညီချက်များက အမေရိကကို ချည့်နဲ့စေသည်ဟူသော အမြင်ကို ထရန့်က သရုပ်ဖော်ပြသည်။
မဟာနယ်စပ်တံတိုင်းကြီးတခု တည်ဆောက်ရန် သူက ကတိပေးပြီး တရားမဝင်ရွှေ့ပြောင်း နေထိုင်သူများသည် အမေရိကန်ပြည်သူများ၏ အလုပ်အကိုင်ကို လုယူနေပြီး အချို့က ရာဇဝတ်မှု ကျူးလွန်သည်ဟု ပြောသည်။ “ကျနော်တို့ ဒါတွေကို ရပ်ပစ်ရမယ်” ဟု သူက ပြောသည်။
သမ္မတအဖြစ်နှင့် သူသည် နိုင်ငံစုံကုန်သွယ်ရေးသ ဘောတူညီချက်များကို ရှောင်ရှားကာ တနိုင်ငံချင်းစီနှင့်သာ သဘောတူညီမှုပြုလုပ်မည်ဟု ထရန့်က ပြောသည်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် မက္ကဆီကိုတို့ကို ချိတ်ထားသော NAFTA ကုန်သွယ်ရေးသဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းမည်၊ အလုပ်အကိုင်များကို ပြည်ပသို့ပို့ကာ ၎င်းတို့၏ပြည်ပထုတ်ပစ္စည်းများ အမေရိကန်နိုင်ငံသို့ ပြန်လည်တင်ပို့သော ကုမ္ပဏီများအား ဒဏ်ခတ်မည်ဟု ဆိုသည်။ “ကျနော်တို့အတွက် မကောင်းတဲ့ သဘောတူညီချက်ကို ဘယ်တော့မှ လက်မှတ်မထိုးဘူး။ အမေရိကသည်သာ ပထမ” ဟု သူကြုံးဝါးသည်။
ရွေးကောက်ခံ ရာထူး မယူဖူးသည့် နယူးယောက် စီးပွားရေးသမား ထရမ့်သည် သူ၏ မိန့်ခွန်းတွင် သူ့စတိုင်အတိုင်း လက်ကို ဝှေ့ယမ်းပြီး ရီပတ်ဗလင်ကန်ပြိုင်ဘက် ၁၆ ဦးကို အနိုင်ယူရန် သူသုံးခဲ့သည့် လူအထင်ကြီးစေမည့် စကားများ ပြည့်နေစေသည်။
” သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တဲ့သူတွေကို သြဇာရှိသူတွေက မနှိပ်စက်နိုင်အောင်လုပ်ဖို့ ကျနော် နိုင်ငံရေး ဝင်လုပ်တာ။ ဒီစနစ်အကြောင်း ဘယ်သူမှ ကျနော့်လောက် မသိဘူး၊ ဒါကြောင့်ဒီစနစ်ကို ကျနော်တယောက်တည်းသာ ပြင်နိုင်တယ်” ဟု ထရန့်က ပြောသည်။
သူ၏ မိန့်ခွန်းတွင် ထရန့်က သူ့ကိုယ်သူ အမေရိက၏ စိတ်ဖိစီးစရာပြဿနာများကို နည်းလမ်းသစ်များဖြင့် ဖြေရှင်းရန် စိတ်ထက်သန်ပြီး အပစ်ပယ်ခံအဖြစ် ခံစားနေရသော အလုပ်သမားများကို ကူညီမည့် သမားရိုးကျ နိုင်ငံရေးသမားများနှင့်မတူ သစ်လွင်သော ရွေးချယ်စရာအဖြစ် ပုံဖော်သည်။
ကလင်တန်နှင့် ပတ်သက်၍ သူ၏အမြင်ကို ရှင်းပြရာ၌ သူက အာဖဂန်နှင့် အီရတ်တို့ကို စစ်ဆင်ခဲ့သော ရီပတ်ဗလစ်ကန် သမ္မတ ဂျော့ဒဗလျူ ဘုရှ်အား အမည်မဖော်ဘဲ တစုံတရာ အတိုင်းအတာအထိ ချမှတ်ခဲ့သော မူဝါဒများကို ရှုတ်ချခဲ့သည်။
အီရတ်၊ လစ်ဗျား၊ အီဂျစ်နှင့် ဆီးရီးယားတို့တွင် ကလင်တန်ကျင့်သုံးခဲ့သောမူဝါဒများသည် အခြေအနေကို ပိုဆိုးစေခဲ့သည်ဟု ထရန့်ကပြောပြီး အစ္စလမ်မစ်နိုင်ငံတော် စစ်သွေးကြွများခေါင်းထောင်လာခြင်းအတွက် အပြစ်တင်ကာ ဆီရီးယားဒုက္ခသည် ထောင်ပေါင်းများစွာကို လက်ခံခဲ့ခြင်းအတွက်လည်း ရှုတ်ချသည်။
“အရှေ့အလယ်ပိုင်းမှာ ၁၅ နှစ်လောက် စစ်ဖြစ်ပြီး၊ ဒေါ်လာထရီလီယံပေါင်းများစွာ သုံးပြီး၊ အသက်တွေ ထောင်ချီဆုံးရှုံးရပြီး နောက်တော့ အခြေအနေက အရင်ကထက် ပိုဆိုးလာတယ်။ဒါဟာ ကလင်တန်ရဲ့အမွေတွေပဲ-ေ။ သခြင်းတရား၊ အဖျက်လုပ်ရပ်၊ အကြမ်းဖက်ဝါဒနဲ့ အင်အားချည့်နဲ့မှု” ဟု ထရန့်က ပြောသည်။
“အရာရာပြောင်းရန် လိုသည်”
ဖီလာဒဲလ်ဖီးယားတွင် လာမည့်အပတ်အတွင်း ပိုမိုဇာတ်ကွက်ကျသော ပါတီညီလာခံကို ဒီမိုကရက်တို့ကလည်း စီစဉ်နေသဖြင့် ထရန့်အနေဖြင့် လူထုသဘောထားစစ်တမ်းများတွင်ထောက်ခံမှုတက်စေမည့် အလားအလာ တိုးတက်လာရန် ကြာသာပတေးနေ့ည အခမ်းအနားတွင် အပြင်းအထန်လုပ်ဆောင်ခဲ့ရသည်။
အမေရိကန်ပြည်သူ အများအပြားက သဘောမကျလှသော နိုင်ငံရေးသမား ၂ ယောက် ထိပ်တိုက်တွေ့သော အခြေအနေတွင် ထရန့်က အသက် ၆၈ နှစ်အရွယ် ကလင်တန်ကို စီးပွားရေးလုပ်ငန်းကြီးများ၊ ထိပ်တန်းမီဒီယာကြီးများနှင့် လက်ရှိနိုင်ငံရေးစနစ်ကို ထိန်းထားလိုသော ငွေကြေးထောက်ပံ့သူများ၏ ရုပ်သေးရုပ်အဖြစ်လည်း စွပ်စွဲခဲ့သည်။
” ဒါကြောင့် ဟီလာရီကလင်တန်ရဲ့ သဘောထားက အခြေအနေ ဘာမှမပြောင်းဘူးဆိုတာပဲ ဖြစ်နေတယ်။ ကျနော်ကတော့ အရာရာပြောင်းဖို့ လိုတယ်၊ ခုချက်ခြင်း ပြောင်းရမယ် ဆိုတာ ဖြစ်တယ်” ဟု ထရန့်က ဟောသည်။
ယခုလအစောပိုင်းက ဒဲလက်စ်တွင် ရဲအရာရှိ ၅ ဦး ပစ်သတ်ခံရခြင်းကဲ့သို့သော သတင်းခေါင်းကြီများတွင် စိုးမိုးနေသော အကြမ်းဖက်တိုက်ခိုက်မှုများကိုလည်း အမြန်ကိုင်တွယ်ဖြေရှင်းမည်ဟုလည်း ထရန့်က ပြောပြီး အစ္စလမ်မစ်နိုင်ငံတော် စစ်သွေးကြွ အရိုင်းအစိုင်းများကို ချေမှုန်းမည်ဟု ကတိပြုသည်။
“ကျနော့်မှာ ခင်ဗျားတို့ အားလုံးကိုပေးဖို့ သတင်းစကား တခု ရှိတယ်။ ဒီနေ့ ခင်ဗျားတို့နိုင်ငံကို ထိခိုက်နာကျင်စေတဲ့ ရာဇဝတ်မှုနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ မကြာခင် နိဂုံးချုပ်တော့မယ် ဆိုတာပါပဲ။ ၂၀၁၇ ဇန်နဝါရီလ ၂၀ ရက်နေ့က စလို့ လုံခြုံမှုကို ပြန်လည်ထိန်းသိမ်းမယ်” ဟု ထရန့်က ဆိုသည်။ လာမည့်သမ္မတသစ်သည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
ထရန့်က သူ၏ မိန့်ခွန်းကို နိဂုံးချုပ်စဉ် သူ၏ မိသားစုက စင်ပေါ်တက်ကာ သူ့ကိုနှုတ်ဆက်ကြစဉ် ညီလာခံခန်းမ မျက်နှာကျက်ဆီမှ ဖြူနီပြာပူပေါင်းများ ကျလာပြီး လူအုပ်အတွင်းသို့လည်း ရောင်စုံစက္ကူကြိုးတန်းများ ကျလာသည်။
ပါတီညီလာခံ သဘောထားကွဲလွဲမှု
ကလိဖ်လန်း ပါတီညီလာခံနှင့် ပတ်သက်၍ လွှမ်းမိုးနေသော အကြောင်းအရာမှာ ထရန့်၏ အနေအထားများမဟုတ်ဘဲ ပါတီ၏ အုပ်စုကွဲ အများအပြား ထရန့်၏ နောက်တွင် ညီညွတ်စွာ ရှိမနေကြခြင်း ဖြစ်နေသည်။
ညီလာခံအတွင်း လမ်းကြောင်းလွဲစရာ အများအပြားက ထရန့်သည် အမေရိကန်ပြည်ထောင်စုသို့ ကြွယ်ဝချမ်းသာမှုနှင့် လုံခြုံမှုကိုဆောင်ကျဉ်းပေးမည့် ကြင်နာတတ်သောဖခင် နှင့် သဘောထားကြီးသော စီးပွားရေးသမားဖြစ်ကြောင်း ပြသမဲဆွယ်ရန် အားထုတ်မှုကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေခဲ့သည်။
သို့သော်နောက်ဆုံးတွင် ပြောစရာအချက် အများအပြားကို သူ၏ သမီးဖြစ်သူ အီဗန်ကာ ထရန့်က ဖခင်ဖြစ်သူကို မိတ်ဆက်ပေးသောအခါ ပေါ်လွင်စေခဲ့သည်။
” သူ မိသားစုအတွက် ရုန်းကန်တာ ကျမ မြင်ခဲ့ပြီးပြီ။ သူ့ အလုပ်သမားတွေအတွက် ရုန်းကန်တာ ကျမတွေ့ခဲ့ပြီးပြီ။ သူ ကုမ္ပဏီအတွက် ရုန်းကန်တာလည်း မြင်ခဲ့ပြီးပါပြီ။ သူ အခု သူ့နိုင်ငံအတွက် ရုန်းကန်နေတာကို တွေ့နေရပါပြီ” ဟု သူမက ပြောသည်။
ထရန့်၏ မဲဆွယ်အဖွဲ့က ထုတ်ပြန်သော မိန့်ခွန်းစာသားတွင် အချက်အလက်များ၏ မူရင်းကိုပြသော ကျယ်ပြန့်သောအောက်ခြေမှတ်စုများ ပါဝင်သည်။
ဤသို့လုပ်ခြင်းမှာ ထရန့်၏ ဇနီးသည် တနင်္လာနေ့ည မိန့်ခွန်း၌ အိုဘားမား၏ ဇနီး မစ်ချဲလ်အိုဘားမား၏ ၂၀၀၈ ခုနှစ် မိန့်ခွန်းတခုမှ ကူးယူသည်ဟု စွပ်စွဲခံရခြင်းကို တုန့်ပြန်ခြင်းဖြစ်နိုင်သည်။
( သတင်းထောက် Steve Holland ၏ Trump accepts Republican nomination, vows to put ‘America first’ ကို ဘာသာပြန်ဆိုသည်)