ထောင်ထဲတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသား(နိုင်/ ကျဉ်း) များ စာရင်း အတိအကျနှင့် တမျိုးတစားတည်း ထွက်ပေါ်လာစေရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သိရသည်။
ထိုင်းနိုင်ငံအခြေစိုက် AAPP ၏ အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်နှင့် ကိုတိတ်နိုင်တို့ မြန်မာပြည်သို့ ရောက်ရှိနေစဉ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ယမန်နေ့က တွေ့ဆုံကာ လက်ရှိ ထောင်ဒဏ် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ စာရင်း တမျိုးတည်း ထွက်ပေါ်လာရေး၊ နိုင်ငံရေး အကျဉ်းသား၏ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ရေးနှင့် နိုင်ငံရေး အကျဉ်းသား ဟောင်းများ၏ဘ၀ ပြန်လည်ပြုစု ပျိုးထောင်ရေးကိစ္စများ ဦးစားပေး လုပ်ဆောင်မည့် အကြောင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
“ကျန်ရှိနေသေးတဲ့ နိုင်/ကျဉ်းတွေ အားလုံးလွှတ်မယ်ဆိုရင် မြန်မာ့နိုင်ငံရေး အခြေအနေက ပိုပြီး ပြောင်းလဲလာမယ်။ နိုင်ငံတကာကလည်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သတ်ပြီး တိုးတက်လာမယ်။ ဒါကြောင့် အစိုးရအနေနဲ့ အမြန် လွှတ်ပေးရင်တော့ အနာဂတ် ပိုချောမွေ့လာမှာပါ” ဟု ကိုဘိုကြည်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။
ဒီမိုကရေစီနိုင်ငံ တခု ပြောင်းလဲနေသည့် အချိန်တွင် လက်ရှိ ကျန်ရှိနေသေးသည့် နိုင်/ ကျဉ်းများကို လွှတ်ပေးသင့်ကြောင်း၊ နိုင်/ကျဉ်းဟု ဆိုကာ ဖမ်းဆီးမှုတွင် ပုဒ်မ မျိုးစုံ၊ ရာဇာဝတ်မှုမျိုးစုံ တပ်ထားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်/ကျဉ်း များ၏ စာရင်းကို အတိအကျ မတွက်နိုင်ခဲ့ကြောင်း၊ နိုင်/ကျဉ်းများအား လွှတ်ပေးရန် ပြောဆို၊ ညှိနှိုင်းသည့်အခါ အစိုးရဘက်က ပြတ်သားမှု မရှိသည့်အတွက် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုဌေးကြွယ်က ပြောသည်။
“အခုဆိုရင် လွှတ်တော်ထဲမှာရော၊ သမ္မတရော၊ ပြောနေတဲ့ အချိန်မှာ နိုင်/ ကျဉ်းတွေ ဆက်ရှိနေသေးတယ် ဆိုတာ သိပ်ပြီး အဓိပ္ပာယ် မရှိသလိုပဲ။ ပုဒ်မမျိုးစုံ ရာဇဝတ်မှုမျိုးစုံ တပ်တော့ နိုင်/ ကျဉ်း သားတွေ ဘယ်လောက် ရှိသေးလဲ ဆိုတာ အတိအကျမထွက်လာဘူး။ အခု ကျနော်တို့ အဖွဲ့က တမျိုး၊ AAPP က စာရင်းက တမျိုး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တမျိုး ဖြစ်နေတယ်။ စာရင်းတွေ ပြန်တူလာအောင်တော့ ညှိရမယ်” ဟု ၎င်းက ဆိုသည်။
ကျန်ရှိနေသေးသည့် နိုင်/ ကျဉ်းများ ပြန်လည် လွှတ်ပေးရန် လိုအပ်သကဲ့သို့ လွတ်မြောက်လာသည့် နိုင်/ ကျဉ်း ဟောင်းများ၏ ဘဝများ ပျက်သုဉ်းကာ လုပ်ငန်းခွင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့သည်ကို ပြန်လည်ထူထောင်နိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေကာ ဆောင်ရွက်သွားမည်ဟု သိရသည်။
“ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ AAPP က နိုင်/ ကျဉ်းဟောင်းတွေရဲ့ ဘ၀ ပြန်လည်တိုးတက်လာဖို့ ပြန်လည် ထူထောင်ရေးနဲ့ တိကျတဲ့ စာရင်းတခု ထွက်ပေါ်လာအောင် လက်တွဲဆောင်ရွက်မယ်” ဟု ကိုမင်းကိုနိုင်က ဆိုသည်။
ထောင်ထဲတွင် ကျဆုံးသွားသော နိုင်/ ကျဉ်း ၁၅၀ ကျော် အတွက်လည်း သမိုင်းတခု ရေးထိုးသွားမည် ဖြစ်ကြောင်း၊ သေးဆုံးသွားသူများ၏ မိသားစုဝင်များကိုလည်း လက်ရှိအချိန်အထိ ထိတွေ့ဆက်ဆံမှု မရှိသေးကြောင်း ကိုဌေးကြွယ်က ပြောသည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ စာရင်းအရ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၂၀ ကျော် ကျန်ရှိနေသည်ဟု သိရပြီး ထိုင်းနိုင်ငံအခြေစိုက် AAPP ကမူ လက်ရှိ ၃၁၁ ဦး ကျန်ရှိသည်ဟု ထုတ်ပြန်ထားသည်။
နိုင်/ ကျဉ်း အများစုမှာ နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံရခြင်း မဟုတ်ဘဲ တခြား ရာဇဝတ် ပုဒ်များဖြစ်သည့် မူးယစ်ဆေးဝါးမှု၊ ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှု၊ တာဝန် ဝတ္တရား နှောင့်ယှက်မှု၊ တရားမဝင် ထီ လောင်းကစားမှု စသည့် ပုဒ်မများ တပ်ကာ ဖမ်းဆီးခံရမှုများ ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များက ဆိုသည်။
AAPP အနေဖြင့် ရာဇဝတ် အကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုနေခြင်း မဟုတ်ကြောင်း၊ စစ်အစိုးရ အဆက်ဆက်က မတရား ညှဉ်းပမ်းနှိပ်စက်ပြီး အမှုဆင်ထားသည့် စာရွက်များပေါ် လက်မှတ်ထိုး ရယူထားသော ဖြောင့်ချက်များဖြင့် နိုင်ငံရေး ရည်ရွက်ချက်ရှိရှိ လုပ်ဆောင်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်သာ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။
AAPP သည် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နှစ်စဉ် တင်ပြပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာအစိုးကို ဖိအားပေးရန် တိုက်တွန်း လျှက်ရှိသည်။
ထိုင်း – မြန်မာ နယ်စပ်တွင် ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်းများက ၂၀၀၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် AAPP ကို ဖွဲ့စည်းတည်ထောင် ခဲ့သည်။