တက္ကသိုလ် ပညာသင်နေဆဲ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကျောင်းသား/သူများ ပုံမှန် အတန်းကျောင်း (Day) ပြန်လည် တက်ခွင့်ရရှိရန် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကူညီ ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ဇွန် ၂၉ နှင့် ၃၀ ရက်တွင် ပြုလုပ်သည့် အဆင့်မြင့် ပညာရေးမြှင့်တင်ရေး ဆွေးနွေးပွဲ အပြီး တက္ကသိုလ်ပညာ သင်ယူနေဆဲ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း လူငယ်များ အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်မြောက်လာပြီးနောက် ၎င်းတို့၏ မပြီးဆုံးသေးသော ပညာရေးကို ဆက်လက် သင်ယူခွင့် ရရှိရန်နှင့် ကျောင်းပြန်လည် တက်ရောက်ခွင့် ရရှိစေရန် ဒေါ်အောင်ဆန်းစုကြည်အား ရှင်းလင်း တင်ပြခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသား ဟောင်းတဦး ဖြစ်သူ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တွင် တတိယနှစ် ဘူမိဗေဒဘာသာရပ်ဖြင့် သင်ကြားနေစဉ် ဖမ်းဆီးခံခဲ့ရသည့် ကိုဒီငြိမ်းလင်းက ဧရာဝတီသို့ ရှင်းပြသည်။
“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့တတွေကို ကျောင်းပြန်တက်ခွင့် ရနေပြီထင်တာ၊ အခုလို တက်ခွင့် မပေးတာတော့ ပြစ်ဒဏ် ၂ ကြိမ် ပေးနေတယ်လို့ ခံစားရတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင်ကလည်း ကျောင်းပြန်တက်ခွင့် ရအောင် ကူညီ ပေးမယ်လို့ ကတိပေးထားပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေကို ဒီတပတ် အပြီးတင်ရမှာပါ” ဟု ကိုဒီငြိမ်းလင်းက ပြောသည်။
နိုင်/ ကျဉ်း ကျောင်းသားဟောင်းများက ဖွဲ့စည်းထားသည့် ကျောင်းသားသမဂ္ဂများသည် လူထုဆူပူအုံကြွမှုများ ဖြစ်စေသည် ဟုဆိုကာ သက်ဆိုင်ရာက ထိတ်လန့်ကြကြောင်း၊ ကျောင်းပြန်တက်ခွင့် မပေးခြင်းမှာလည်း ကျောင်းသားရေးရာ ကိစ္စများတွင် ပါဝင်ပတ်သက်မှု မရှိစေရန် ထိန်းချုပ်ထားသည့် သဘောသာဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ပညာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၏ (အဆင့်မြင့်) ကိုယ်ရေးအရာရှိ ဦးကျော်သူမောင်က “နိုင်ကျဉ်း ကျောင်းသားမှ မဟုတ်ပါဘူး၊ ကျောင်းနဲ့ ကင်းကွာသွားတဲ့အပေါ် မူတည်ပြီးတော့ သတ်မှတ်ချက်တွေကြောင့် ပုံမှန်အတန်း (Day) တက်ခွင့် မပေးတာပေါ့။ အဝေးသင်အနေနဲ့ လျှောက်မယ်ဆိုရင် ရပါတယ်။ အတန်းကို တကယ် အောင်ခဲ့တယ်ဆိုရင် အောင်လက်မှတ်၊ ထောက်ခံချက်တွေက ပေးကိုပေးရမယ်၊ ထောင်ကျဖူးလို့ အောင်လက်မှတ် မပေးရဘူး ဆိုတာမရှိဘူး၊ ဘယ်သူကမှလည်း စည်းကမ်း မသတ်မှတ်ထားဘူး” ဟု ရှင်းပြသည်။
ပြည်ပတွင် ပညာသင်ယူရန် ဖြစ်စေ၊ တခြား လိုအပ်ချက်ကြောင့် ဖြစ်စေ မည်သည့် ကျောင်းသားဟောင်း မဆို သက်ဆိုင်ရာ ကျောင်းမှ အတန်းပြီးဆုံး အောင်မြင်ကြောင်း ထောက်ခံစာ၊ ဘွဲ့လက်မှတ်၊ အောင်လက်မှတ် စသည်တို့ကို ရယူနိုင်ပြီး မည်သည့် ပိတ်ပင်ချက်မှ မရှိကြောင်း ဦးကျော်သူမောင်က ပြောသည်။
နိုင်ကျဉ်းကျောင်းသားများက ပုံမှန်အတန်း (Days) တက်ခွင့်ရရေး အတွက်သာ သက်ဆိုင်ရာ ဌာနများသို့ စာတင်နေခြင်း ဖြစ်ပြီး အဝေးသင် တက်ခွင့် မလိုချင်ကြကြောင်း သိရသည်။
လက်ရှိတွင် ကျောင်းပြန်တက်ခွင့် ရရန် ကြိုးပမ်းနေသည့် နိုင်ကျဉ်းလူငယ် ၁၅ ဦးခန့် ရှိကြောင်း၊ ကျောင်းတက်ခွင့်ရရန် ပညာရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော် သမ္မတသို့ သုံးကြိမ် တင်ပြခဲ့သော်လည်း သမ္မတရုံး ဝန်ကြီးဌာနမှ တကြိမ် ခေါ်ယူတွေ့ ဆုံခဲ့သည်မှ လွဲ၍ ထူးခြားမှု မရှိခဲ့သည့်အတွက် ယခုတကြိမ်တွင် နိုင်ငံတော် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပညာရေးဝန် ကြီးဌာနနှင့် လွှတ်တော်သို့ စာတင်ကာ ကျောင်းပြန်လည် တက်ရောက်ခွင့်ရရေး ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း နိုင်/ ကျဉ်း ကျောင်းသားဟောင်းများက ဆိုသည်။
ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် သချၤာမေဂျာ ပထမနှစ် နိုင်/ ကျဉ်း ကျောင်းသားဟောင်း ကိုရဲမြတ်ဟိန်းကလည်း “နိုင်ငံက စကားအရသာ ပွင့်လင်းတာ၊ ကျနော်တို့ ကျောင်းသားတွေက အဖွဲ့အစည်းအနေနဲ့ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရ၊ ပညာသင်ခွင့် မရတော့ တိုင်းပြည် အနာဂတ်က ဘယ်လိုလုပ်မလဲ။ ဒါတွေက တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်တာလို့ပဲ မြင်တယ်” ဟု သုံးသပ်သည်။