တနလာၤနေ့မေလ ၂၀ ရက်မှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံတာဟာ ဦးသိန်းစိန် အစိုးရအတွက် မဟာဆုလဒ်ကြီး ဖြစ်ပြီး အိုဘားမား အစိုးရရဲ့ အာရှပစိဖိတ်ပေါ်လစီအတွက်လည်း ကံစမ်းမဲပေါက်သလိုပါပဲ။
မြန်မာပြည်ဟာ ကုန်လွန်ခဲ့တဲ့ မကြာသေးမီ နှစ်များတုန်းက အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက ဦးစီးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်ခဲ့ရသလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း အကြိတ်အနယ် ဆွေးနွေးငြင်းခုံပြီး ကန့်ကွက်ရှုတ်ချမှုတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ အခုတော့လည်း ဒါတွေ ဒါတွေ ပြီးခဲ့ပါပြီ။
စစ်အစိုးရတွေ လက်ထက် တင်းတင်း ကြပ်ကြပ် ထိန်းချုပ် ခဲ့မှုတွေ ဦးသိန်းစိန် အစိုးရက ဖြေလျော့ လာတာကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ထောက်ခံခဲ့တာမို့ အမေရိကန် အစိုးရက ၂၀၁၁ ခုနှစ်က စပြီး သံတမန် ဆက်ဆံရေးတွေ ပုံမှန် ပြန်ကောင်းအောင် လုပ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လမှာတော့ မစ္စတာ ဒဲရက်မစ်ရှဲလ်ကို မြန်မာပြည်ဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် အိမ်ဖြူတော်က တင်ပြချက်ကို ဆီးနိတ်က အတည်ပြုပေး ခဲ့ပါတယ်။ အထွေထွေ ဒဏ်ခတ် ပိတ်ဆို့မှုကိုလည်း ယာယီ ရပ်ဆိုင်းပြီး စီးပွားရေး ဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျော့ပေး ခဲ့ပါတယ်။ စစ်အစိုးရ အဖွဲ့ဝင်ဟောင်း တွေကို ဗီဇာ ထုတ်မပေး ခဲ့တာလည်း အမေရိကန်က ရုပ်သိမ်းခဲ့ပါပြီ။
နှစ်နိုင်ငံ သံတမာန်ဆက်ဆံရေး တရှိန်ထိုး တိုးတက်လာခဲ့တာ မနှစ်က နိုဝင်ဘာလ အမေရိကန် သမ္မတ အိုဘားမား ရန်ကုန် လာလည်တဲ့အထိ အမေရိကန်ပြည်ထောင်စုက နေပြည်တော်အစိုးရကို လိုက်လျောမှု ပြခဲ့ပြီး ဒီမိုကရေစီတည်ဆောက်ရေး အားပေးဖို့ သန္နိဌာန်လည်း ပြုခဲ့ပါတယ်။ အခုလို ဝါရှင်တန်ကို ဦးသိန်းစိန် လာဖို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာလည်း” ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တဲ့ အစိုးရမျိုးကို ထောက်ခံပံ့ပိုးရန်” သမ္မတ အိုဘားမားက သန္နိဌာန်ပြုတယ်လို့ ရေးပါတယ်။
ဒီသန္နိဌာန်ကို လက်တွေ့ပြဖို့ မေ ၁၆ ရက် ကြာသပတေးနေ့က အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ အာရှပစိဖိတ်ဆပ်ကော်မတီမှာပြုလုပ်တဲ့ ၂၀၁၄ ခုနှစ် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရိုရဲ့ ဘတ်ဂျက်တောင်းခံမှု ကြားနာပွဲမှာ အမေရိကန်ပြည်ထောင်စု အရှေ့အာရှဆိုင်ရာ ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇပ် ယွန်းက ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၇၅.၅ သန်းအထိ တိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။ ၂၀၁၂ ဘတ်ဂျက်မှာ မြန်မာနိုင်ငံကို ဒေါ်လာ ၂၈.၈ သန်းပဲ ပေးခဲ့တာပါ။
ဒါ့အပြင် ဒီနှစ်ကုန်တာနဲ့အခြား ၁၂၈ နိုင်ငံလို မြန်မာက အမေရိကန်ကို ကုန်အမျိုးအစား ၅ ထောင်ကျော် အကောက်ခွန်မဲ့ တင်သွင်းခွင့်ရမယ့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေနဲ့ ပတ်သက်တဲ့ စာချုပ် ၂ ခု ကို အခု ဦးသိန်းစိန်ရဲ့ ဝါရှင်တန်ခရီးစဉ်မှာ လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ရတယ်။ ဒါဟာလည်း ဧပြီလတုန်းက အမေရိကန် ယာယီ ကုန်သွယ်ရေးဝန်ကြီး ဒီမီထရော့စ် မာရမ်းတစ် မြန်မာပြည် လာပြီး ဆွေးနွေး ညှိနှိုင်းမှု နောက်ဆက်တွဲပါ။
ဝါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့ Center for Strategic and International Studies (CSIS) က အကြီးတန်းသုတေသီ မားရေးဟိုင်းဘတ် ကဆို စစ်ဗိုလ်ချုပ်ဟောင်း တဖြစ်လဲ သမ္မတ ဦးသိန်းစိန်ကို အမေရိကန် ခရီးစဉ်မှာ သမ္မတ အိုဘားမားက ပင်တဂွန် စစ်ဌာနချုပ် ခေါ်သွားပြီး အမေရိကန် ဗိုလ်ချုပ်တွေ၊ ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်တို့နဲ့ မိတ်ဆွေဖွဲ့ပေးသင့်တယ်လို့ တိုက်တွန်းပါတယ်။
ဝါရှင်တန်ဟာ ဦးသိန်းစိန် သမ္မတ ရာထူးကို တာဝန်ယူပြီးနောက် မြန်မာ့တပ်မတော်နဲ့ ညှိနှိုင်းဖို့ လမ်းဖွင့်ခဲ့ပြီးသားပါ။ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ပစိဖိတ်ဒေသ အမေရိကန် ကြည်းတပ် စစ်ဆင်ရေးမှူး ဗိုလ်ချုပ် ဖရန့်စစ် ဝယ်စင်စကီး အပါအဝင် အမေရိကန် စစ်ဘက်အရာရှိတွေ မြန်မာ စစ်ဘက်အရာရှိတွေနဲ့ နေပြည်တော်မှာ ၂ ရက်တာ “လူ့အခွင့်အရေး” နဲ့ ပတ်သက်လို့ တပ်က စောင့်ထိန်းရမယ့်ကိစ္စတွေအကြောင်း ဆွေးနွေးတာ၊ ဖေဖော်ဝါရီတုန်းကလည်း မြန်မာ စစ်ဘက်အရာရှိ ၂ ဦး ထိုင်းမှာ လုပ်တဲ့ ရွှေမြွေဟောက် ဒေသတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်စစ်သားတွေ၊ အခြားနိုင်ငံ ၂၀ က စစ်သားတွေနဲ့အတူ တက်ရောက်ပြီး လူသားချင်း စာနာထောက်ပံ့ရေး အကူအညီနဲ့ စစ်ဘက်ဆိုင်ရာ ဆေးဝါးများအပေါ် အလေးထားပြုလုပ်တဲ့ လေ့ကျင့်ခန်းတွေကို လေ့လာခွင့်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။
အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာ စစ်ရေး ပညာသင်နဲ့ လေ့ကျင့်ရေး U.S. International Military Education and Training (IMET) အထောက်အပံ့တွေ မြန်မာပြည်ကို ပြန်ပေးဖို့ အလျှင်အမြန် မဖြစ်လာနိုင်တောင် “စစ်ပွဲအတွင်း စည်းကမ်းများ၊ အရပ်သားတွေကို ဘယ်လို ဆက်ဆံမလဲ၊ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး၊ စစ်တပ်ကို လုပ်ရည်ကိုင်ရည် ပြည့်ဝလာအောင် လုပ်ဆောင်ခြင်း” တို့ဟာ ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ် ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ထိုင်းတပ်တွေနဲ့ ပူးတွဲပြီး ဆွေးနွေး လေ့ကျင့်သင်ကြားမှု “စတင်ဖို့ အကောင်းဆုံးနေရာ”လို့ မားရေးဟိုင်းဘတ်က ရေးပါတယ်။
ဒါပေမယ့် အမေရိကန်အစိုးရရဲ့ လတ်တလောပေါ်လစီအရ မြန်မာစစ်ဘက်ကို သတိထား ဆက်ဆံဆဲပါ။ အခုထိ မြန်မာ့တပ်မတော်ပိုင် သို့မဟုတ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ရလို့ စီးပွားရေးအရ ကန့်သတ်ထားပါတယ်။ စစ်အစိုးရခေါင်းဆောင်ဟောင်းများနဲ့ နီးစပ်တဲ့ ခရိုနီသူဌေးကြီးတွေကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှု စာရင်းကိုလည်း မရုတ်သိမ်းသေးပါဘူး။ ညှိနှိုင်းဆွေးနွေးတာ လိုက်လျောတာတွေ ရှိလာပေမယ့် ပြုပြင်ပြောင်းလဲရေးကို ကဖျက်ယဖျက် လုပ်မယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်မယ်၊ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခကို မီးထိုးပေးမယ်၊ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ကုန်သွယ်နေမယ်ဆိုရင် အဲဒီလူတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ အထူးအခွင့်အာဏာ ရှိနေပြီလို့ အိမ်ဖြူတော်က ဆိုတယ်။
အမေရိကန်ရဲ့ “လူဆိုး စာရင်း”ဟာ ခေတ်မမီတော့ဘူးလို့လည်း ဝေဖန်မှုတွေ ရှိလာပါတယ်။ အေပီသတင်းတပုဒ်က ရေးတာက ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးအနေနဲ့ ရာနဲ့ချီတဲ့ လူသစ်တွေ စာရင်းထပ်တိုးဖို့ တင်ပြထားပေမယ့် အိုဘားမားအစိုးရက လွန်ခဲ့တဲ့ ၃ နှစ်ခွဲကတည်းက စာရင်းကို မပြင်တော့ပါဘူးလို့ ဆိုပါတယ်။ ဒီစာရင်းသစ်မှာ အစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်တွေ၊ ထိပ်တန်း စီးပွားရေးသမားတွေနဲ့ တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေ ပါတယ်။
တကယ်လည်း အမေရိကန်အစိုးရရဲ့ ပေါ်လစီသစ်အရ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာပြည် လာထူထောင်ရင်တောင် ဖက်စပ်လုပ်မယ့်သူ ရှာဖွေရာမှာ အမေရိကန်ရဲ့ စံချိန်စံညွှန်းတွေ မီမယ့်သူ ရှာဖွေဖို့ အခက်တွေ့မှာ မလွဲပါ။ မြန်မာပြည်မှာ ဘယ်ကုမ္ပဏီကို ဘယ်သူ ဘယ်လောက်ပိုင်သလဲ ဆိုတာသိရဖို့ မလွယ်ပါဘူး။ “တိတ်တိတ်ဆိတ်ဆိတ် ညှိနှိုင်း အလုပ်ဖြစ်နေခဲ့ခြင်း ဆယ်စုနှစ်များသည် တရုတ်ငွေများ အလုံးအရင်း အရင်းအနှီးပြုပြီး မြန်မာစစ်ခေါင်းဆောင်များထံမှ တခါတရံ ရက်ရက်စက်စက် အများအားဖြင့် မရိုးမသား အမြတ်ထွက်နေသော စီးပွားရေးသမား လူ့မလိုင်များကို ပြုစုပျိုးထောင်ပေးခဲ့သည်” လို့ အေပီသတင်းက ထောက်ပြထားပါတယ်။
ပွင့်လင်းလွတ်လပ်လာခါစ မီဒီယာနဲ့ အီလက်ထရောနစ် လူမှုကွန်ရက်တွေကို အသုံးပြုပြီး လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုနဲ့ ပုဂ္ဂလိက အာဃတတွေ သွေးထိုးလှုံ့ဆော်နေကြတဲ့ အဖျက်အမှောင့်တွေကို အခုထိ ဦးသိန်းစိန်အစိုးရက လွှတ်ပေးထားတာကိုလည်း အမေရိကန်အစိုးရက သဘောတွေ့ပုံ မရပါဘူး။ အမေရိကန် သံအမတ် ဒဲရက်မစ်ရှယ်က ဖေ့ဘွတ်နဲ့ အင်တာနက်ပေါ်မှာ အမုန်းမီးထိုးပေးနေသူတွေဟာ မြန်မာ့ဒီမိုကရေစီရေးမှာ အနှောက်အယှက်လို့ အစည်းအဝေးတခုမှာ မကြာခင်က ပြောခဲ့ပါတယ်။
အဓိကရုဏ်းတွေမှာ အဖျက်သမားတွေနဲ့ လူစုလူဝေးကို လက်နက်ကိုင် ရဲတပ်ဖွဲ့က မထိန်းချုပ် မဖြိုခွဲဘဲ လွှတ်ထားပေးတာ၊ ကချင်နဲ့ ရှမ်းပြည်မှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်လို့ စစ်ပွဲတွေ ဆက်ဖြစ်နေတာကလည်း အမေရိကန် ကွန်ဂရက်နဲ့ အိမ်ဖြူတော် အရာရှိတွေကြားမှာ ဦးသိန်းစိန် အစိုးရကို စိုးရိမ်မကင်း ဖြစ်နေစေပါတယ်။
မြန်မာ့တပ်မတော်ဟာ နိုင်ငံရေး၊ စီးပွားရေးကို ဆက်ထိန်းချုပ်ထားပြီး လွှတ်တော်ထဲက ထွက်ခွာပြီး တပ်စခန်းပြန်ကြဖို့ အစီအစဉ် မရှိတာကို မတ်လ ၂၇ ရက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်မတော်နေ့ မိန့်ခွန်းက အတည်ပြုထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အလွယ်တကူ အနိုင်ရနိုင်ဖွယ်ရှိပြီး သမ္မတတာဝန်ကို ထမ်းဆောင်မယ်လို့ အခိုင်အမာ ပြောလာတဲ့ ဒေါ်အောင်ဆန်းစုကြည် တကယ်လို့ အုပ်ချုပ်ရေးအဖွဲ့သစ်ကို ဦးဆောင်ရပြီဆို တပ်မတော်က ခွင့်ပြု လိုက်နာမှာလား ဆိုတာလည်း မရှင်းလှသေးပါဘူး။
စိန်ခေါ်မှုတွေ တပြုံတမကြီး ရှိနေပေမယ့် အာရှဒေသတွင်း တရှိန်ထိုး ဩဇာ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို ဟန်ချက်ထိန်းညှိဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒမှာ အကျိုးအမြတ်လည်း ဖြစ်၊ ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းသွားပြီး ဂျပန်ကလည်း ပုံအော ဝင်ရောက် လာနေတာမို့ နောက်မကျချင်တဲ့ ဆန္ဒတွေကြောင့် အမေရိကန် သမ္မတ အိုဘားမားဟာ စစ်ဗိုလ်ချုပ်ဟောင်း မြန်မာသမ္မတ ဦးသိန်းစိန်ကို သူကောင်းပြုဖို့ ပွဲထုတ်ခဲ့ရပါတယ်။
၁၉၆၆ ခုနှစ် ဦးနေဝင်း အိမ်ဖြူတော် ရောက်တော့ အမေရိကန်သမ္မတ လင်ဒန်ဂျွန်ဆန်ကို နိုင်ငံခြားရေးဝန်ကြီး ဒင်းရက်စ်က “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အမည်သုံးပြီး ပြည်သူပိုင်သိမ်းယူမှုများက အရေးတကြီး မှားယွင်းတဲ့ စီမံခန့်ခွဲမှု၊ စီးပွားရေး အစီအစဉ် မကျမှုတွေကို ဖြစ်စေနေတယ်။ တိုင်းရင်းသားလူနည်းစု ဒေသတွေမှာ ဖြစ်ပွားနေတဲ့ နာတာရှည် လက်နက်ကိုင်သူပုန်ထမှုတွေကလည်း ဆက်လက်ဖြစ်ပေါ်နေတယ်”လို့ သတိပေးခဲ့ပါတယ်။
၄၇ နှစ်ကြာမှ ပြန်ရောက်လာတဲ့ မြန်မာသမ္မတကို အမေရိကန်အစိုးရက သိပ်ဖိအားပေးမယ့်ပုံ မပေါ်ပါဘူး။ အဲဒီအစား ပြုပြင်ပြောင်းလဲရေးဝါဒီတဦးအဖြစ် အိမ်ဖြူတော်က ပွဲထုတ်ပြီး ထောက်ပံ့ကူညီရေး အစီအစဉ်တွေကိုလည်း ကတိပေးဖွယ် ရှိပါတယ်။ နေပြည်တော် အစိုးရနဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီ အသိုင်းအဝိုင်းကတော့ အမေရိကန်အစိုးရရဲ့ အသိအမှတ်ပြု ထောက်ခံပံ့ပိုးမှု (လျှပ်စစ်မီး၊ သောက်ရေ၊ ကားလမ်း စတဲ့ နိုင်ငံ့စီးပွား အခြေခံ အဆောက်အဦတွေ၊ ပညာရေး ကျန်းမာရေးဆိုင်ရာ အကူအညီတွေ)ကြောင့် ရရှိလာနိုင်ဖွယ်ရှိတဲ့ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေး ရလဒ်တွေကို ပြသပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ မဲရအောင် လုပ်နိုင်မယ် (အနည်းဆုံး အပြတ်အသတ် မရှုံးဘူး) လို့ ကိုယ့်ကိုယ်ကို ပိုမို ယုံကြည်လာပါလိမ့်မယ်။
ဒါကိုက ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းတယ်လို့ သက်တောင့်သက်သာ တွေးမယ်ဆိုလည်း လွတ်လပ်စွာ တွေးခေါ်ယူဆခွင့်ကို ထောက်ခံ အသိအမှတ်ပြုပါတယ်။ ပြန်လည်ကောင်းမွန်လာတဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး အဓွန့်ရှည်ပါစေ။