The Voice Weekly ဂျာနယ်အပေါ် သတ္တုတွင်းဝန်ကြီးဌာနက အသရေဖျက်မှုဖြင့် တရားစွဲမှုကို စွဲချက် တင်သင့်၊ မတင်သင့် ဒဂုံြမို့နယ်တရားရုံးက ဆုံးဖြတ်မည့်ကိစ္စအား စက်တင်ဘာလ ၆ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည်။
သတ္တုတွင်းဝန်ကြီးဌာန အပါအဝင် အစိုးရဝန်ကြီးဌာနများ အလွဲသုံးစားလုပ်ကြောင်း လွှတ်တော်ငွေစာရင်း ကော်မတီ အစီရင်ခံစာကို ကိုးကား၍ သတင်းရေးသားခဲ့သောကြောင့် သတ္တုတွင်းဝန်ကြီးဌာနက တရားလိုပြုလုပ်ပြီး The Voice Weekly ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသည်။
“ဒီနေ့က နှစ်ဖက်လျှောက်လဲချက် အပြီးသတ်ပေးပါတယ်။ ကျနော်တို့ဘက် စွဲချက် မတင်သင့်ဘူး။ သူတို့ဘက်ကလည်း စွဲချက် တင်သင့်တယ်ပေါ့။ နှစ်ဦးနှစ်ဖက် လျှောက်လဲချက် ပေးပါတယ်” ဟု The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက သတင်းထောက်များကို ဒဂုံမြို့နယ်တရားရုံးရှေ့တွင် ပြောသည်။
The Voice Weekly ၏ ရှေ့နေဖြစ်သူ ဦးဝင်းရွှေက မိမိတို့အနေဖြင့် အကောင်းဆုံး မျှော်လင့် ထားကြောင်း၊ နှစ်ဦးနှစ်ဖက် လျှောက်လဲ ချက်များ ပေးထားသည့်အပေါ် တရားရုံးက ကြားနာ ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း ရှင်းပြသည်။
“စွဲချက်တင်မယ်ဆိုရင်တော့ ဆက်ပြီးတော့ အမှုရင်ဆိုင်ရမှာပေါ့။ စွဲချက်ကို ပလပ်လိုက်မယ်ဆိုရင် တရားလိုဖက်က အယူခံဝင်တာတွေ ဘာတွေလည်း ရှိနိုင်တာပေါ့။ တရားရုံးရဲ့ အဆုံးအဖြတ်ကိုပဲ ကြည့်ရမှာပဲ” ဟု ဦးဝင်းရွှေက သတင်းထောက်များကို ပြောသည်။
ယနေ့ The Voice Weekly နှင့် သတ္တုတွင်းဝန်ကြီးဌာန အမှုရုံးချိန်းရှိရာ ဒဂုံမြို့နယ်တရားရုံးသို့ သတင်းထောက် ၃၀ ကျော်က Press Freedom စာတန်းပါ ဦးထုပ်နှင့် Stop Killing Press စာတန်းပါ အနက်ရောင် အကျႌများ ဝတ်ဆင်ကာ သတင်းလာရောက်ယူကြခြင်းဖြင့် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် ပျောက်ဆုံးနေသည်ကို ဆန္ဒထုတ်ဖော်ကြကြောင်း သိရှိရသည်။
သတင်းလွတ်လပ်ခွင့် ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးက “စိစစ်ရေးလုပ်ငန်းတွေ မရှိတော့ဘူးဆိုပေမယ့် မီဒီယာတွေကို အစိုးရက တရားစွဲဆိုတာ၊ ၁၉၆၂ ပုံနှိပ်အက်ဥပဒေနဲ့ အီလက်ထရောနစ် ဥပဒေတွေလိုမျိုး သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတဲ့ဥပဒေတွေ ဆက်ရှိနေဆဲပဲ။ နောက်အရေးကြီးဆုံးက မီဒီယာသမားတွေ ဆန္ဒမပါဘဲ မီဒီယာဥပဒေ ရေးဆွဲနေတာ။ အဲဒီတော့ ကျနော်တို့မှာ သတင်းလွတ်လပ်ခွင့် ပျောက်ဆုံးနေတုန်းပဲ။ ဒါကြောင့် ဒီကနေ့ The Voice ရုံးချိန်းကို သတင်းထောက်တွေက တူညီဦးထုပ်နဲ့ အကျႌတွေဝတ်ပြီး စည်းကမ်းတကျ၊ သေသေသပ်သပ်နဲ့ သတင်းယူရင်း သတင်းလွတ်လပ်ခွင့် မရှိကြောင်း ဆန္ဒထုတ်ဖော်ကြတာပါ” ဟု ဆိုသည်။
လျှပ်တပြက်ဂျာနယ် အမှုဆိုင်ရမည့် သြဂုတ်လ ၂၄ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် တရားရုံးသို့လည်း သတင်းထောက်များက တူညီဦးထုပ်၊ အကျႌများနှင့် သွားရောက်သတင်းယူခြင်းဖြင့် သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒထုတ်ဖော်ကြမည်ဟု သိရှိရသည်။
သတင်းလွတ်လပ်ခွင့် ကော်မတီက ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် မြို့တော်ခန်းမရှေ့တွင် အင်အား ၁၅၀ ကျော် တရားဝင် ဆန္ဒပြနိုင်ရန် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် တရားဝင်ခွင့်ပြုချက် လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနက သြဂုတ် ၂၀ ရက်နေ့တွင် သတင်းဂျာနယ်များ စိစစ်ရေး ကြိုတင်ရန်မလိုဘဲ ထုတ်ဝေခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။