သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် ပြည်တွင်း သတင်းသမားများ စုပေါင်းပြီး ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြရန် တရားဝင် လျှောက်ထားခဲ့ရာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြလျှင် အရေးယူခံရမည်ဟု ရဲက သတိပေးလိုက်သည်။
“ဒီလ ၂၁ ရက်နေ့မှာ တရားဝင် ဆန္ဒပြခွင့်လျှောက်ထားတယ်။ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးယုကြည်က လျှောက်လွှာ လက်ခံတယ်။ ဒီနေ့ ၂၄ ရက်နေ့မှာ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြမယ့်ကိစ္စကို သက်ဆိုင်ရာက ခွင့်မပြုနိုင်ဘူး။ ငြင်းပယ်တယ်ဆိုပြီး အမိန့်ထုတ်တယ်။ အဲဒီအမိန့်ကို အယူခံခွင့်ရှိတယ်၊ ဒါပေမဲ့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြရင်တော့ ဥပဒေအရ အရေးယူမယ်လို့ ပြောတယ်” ဟု သတင်းလွတ်လပ်ခွင့် ကော်မတီ၏ ပြန်ကြားရေး တာဝန်ခံကိုဇော်သက်ထွေးက ပြောသည်။
ဆန္ဒပြခွင့်ကို ငြင်းပယ်ရခြင်းမှာ သတင်းသမားများ ဆန္ဒပြမည့် ရန်ကုန်မြို့တော်ခန်းမရှေ့သည် အများပြည်သူ များသွားလာနေသော နေရာဖြစ်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂(ဂ)တွင် “ယာဉ်များနှင့်လမ်းသွားလမ်းလာများ၊ ပြည်သူများကို အနှောင့်အယှက်ဖြစ်စေသော တားဆီး ပိတ်ဆို့ခြင်းမပြုရ” ဆိုသော ပြဋ္ဌာန်းထားသဖြင့် ခွင့်မပြုခြင်းဖြစ်သည်ဟု အမိန့်စာတွင် ဖော်ပြသည်။
ရန်ကုန်မြို့တွင် လူသွားလူလာကင်းရှင်းသည့်နေရာဟူ၍ နည်းပါးပြီး လူရှင်းသောနေရာကို မည်သို့မည်ပုံ သတ်မှတ်သနည်း၊ လူရှင်းသော နေရာများတွင် ဆန္ဒပြလျှင် ခွင့်ပြုနိုင်မည်လောဟု သတင်းသမားများက ရဲစခန်းတာဝန်ရှိသူများကို မေးမြန်းရာတွင်မူ အမိန့်စာကို အယူခံဝင်နိုင်သည်ဟု တာဝန်ကျ ရဲအရာရှိက ပြောဆိုကြောင်း သိရှိရသည်။
သတင်းလွတ်လပ်ခွင့်မရရှိခြင်း၊ သတင်းဂျာနယ်များကို အစိုးရ တရားစွဲဆိုနေခြင်း၊ မီဒီယာဥပဒေကို မီဒီယာသမားများကိုအသိမပေးဘဲ ရေးဆွဲခြင်းများကို ကန့်ကွက်ရန် တရားဝင်ဆန္ဒပြခွင့် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဆန္ဒပြခွင့် ငြင်းပယ်ခံလိုက်ရသော်လည်း သတင်း လွတ်လပ်ခွင့်ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းသွား မည်ဖြစ်ကြောင်း သိရှိရသည်။
“သတင်းလွတ်လပ်ခွင့်ရဖို့တော့ လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်” ဟု ကိုဇော်သက်ထွေးက ပြောသည်။
ယနေ့ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် လျှပ်တပြက်ဂျာနယ်အမှုကို ကြားနာခဲ့ပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် လျှပ်တပြက်ဂျာနယ်ကို ပုဇွန်တောင်မြို့နယ်အုပ်ချုပ်ရေးမှူးက ဆူပူအုံကြွအောင် လှုံ့ဆော်ေ ရးသားမှုဖြင့် တရားစွဲဆိုမှုအပေါ် စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်မည်ဖြစ်သည်။ သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်အမှုကိုလည်း စက်တင်ဘာလ ၆ ရက်နေ့တွင် စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ရန်ရှိသည်။