အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေနေသော The Myanmar Times အပတ်စဉ် သတင်းဂျာနယ်၏ အုပ်ချုပ်ရေးမှူး အဆင့်များနှင့် ရှယ်ယာ ပိုင်ဆိုင်ထားသူများ အပြန်အလှန် လူသိရှင်ကြား ပြဿနာ ဖြစ်ပွားခဲ့ကြသောကြောင့် နေ့စဉ်သတင်းစာ ထုတ်ဝေမည့် ကိစ္စ မတိုင်မီ ရှယ်ယာခွဲဝေမှုများ ဖြစ်လာမည်လားဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။
သက်ဆိုင်သူများက ယနေ့ နေ့လယ်တွင် အသီးသီး သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာ ရှင်းလင်းပွဲ များမှတဆင့် ရှယ်ယာရှင်များ အချင်းချင်း စကားများ၍ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဟု ဆိုကာ အမှုဖွင့်သည်အထိ ဖြစ်ခဲ့ကြကြောင်း သိရှိရသည်။
ယမန်နေ့နေ့လယ်က Myanmar Times ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာတင်ထွန်းဦး၏ ဇနီးဖြစ်သူ ဒေါက်တာ ခင်မိုးမိုးနှင့် ၎င်းဂျာနယ်၏ စီမံခန့်ခွဲမှု ဒါရိုက်တာနှင့် အယ်ဒီတာချုပ် တာဝန်ယူထားသူ မစ္စတာ ရော့စ် ဒန်ကလေတို့ မပြေမလည်ဖြစ်ရာမှ ယင်းဖြစ်ရပ်များ စတင်ခဲ့ကြောင်း၊ မပြေလည်မှုမှာ ဝန်ထမ်းများ၏ ရှေ့မှောက်တွင် ဖြစ်ခဲ့ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ရော့စ် ဒန်ကလေက မီဒီယာများအား ပြောသည်။
“ကျနော့်ကို စော်ကားတဲ့ စကား ပြောဆိုတယ်။ ပြီးတော့ ရုံးကို ရုံးနဲ့မဆိုင်တဲ့သူ လေး၊ ငါးယောက်လောက် ခေါ်လာတယ်။ ကျနော့်ဘက်ကလည်း တရားစွဲဖို့ ဆောင်ရွက်သွားမှာပါ။ ပြီးတော့ သူတို့နဲ့ ပေါင်းပြီး နေ့စဉ် သတင်းစာ ထုတ်မယ်ဆိုရင် Professional အဆင့် ဖြစ်မလာနိုင်ဘူး” ဟု မစ္စတာ ရော့စ် ဒန်ကလေက Myanmar Times အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။
Myanmar Times အပတ်စဉ် သတင်းဂျာနယ်ကို ယခုကဲ့သို့ ပြဿနာများ ဖြစ်နေသည့် ကြားမှ နေ့စဉ်ထုတ် သတင်းစာ ဖြစ်လာသည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ၏ စည်းမျဉ်းစည်းကမ်းကိုလည်း
ကြိုက်နှစ်သက်ခြင်း မရှိသဖြင့် ဥပဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
Myanmar Times သတင်းဂျာနယ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဒေါက်တာတင်ထွန်းဦးက ပိုင်ဆိုင်ထားပြီး ၄၉ ရာခိုင်နှုန်းကို မစ္စတာ ရော့စ် ဒန်ကလေက ပိုင်ဆိုင်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါက်တာတင်ထွန်းဦး၏ ဇနီး ဒေါက်တာ ခင်မိုးမိုးကလည်း ယနေ့နေ့လယ်ကပင် ၎င်းပိုင်ဆိုင်သည့် ပြည်မြန်မာ သတင်း ဂျာနယ်တိုက်၌ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပြီး မစ္စတာ ရော့စ် ဒန်ကလေက ဒေါက်တာ ခင်မိုးမိုးကို တွန်းဖယ်ကာ ၎င်း၏ သားမက်ဖြစ်သူကို လက်သီးဖြင့် ထိုးခဲ့ကြောင်း ပြောဆိုခဲ့သည်။
“တရားစွဲတာက ကုမ္ပဏီနဲ့ မဆိုင်ပါဘူး။ ပုဂ္ဂိုလ်ရေး အရဖြစ်တာပါ။ အခု ကျောက်တံတား ရဲစခန်းမှာ ကိုယ်ထိလက်ရောက်မှု အပါအဝင် ပုဒ်မ ၃၅၄/ ၃၂၃ (ပ) ၄၁ နဲ့ အမှု ဖွင့်ထားပါတယ်။ ဒါပေမယ့် မစ္စတာ ရော့စ် ဒန်ကလေ အနေနဲ့ လာရောက် တောင်းပန်မယ် ဆိုရင်တော့ ကျေအေးပေးပါမယ်” ဟု ဒေါ်ခင်မိုးမိုးက ဆိုသည်။
မစ္စတာ ရော့စ် ဒန်ကလေ အနေဖြင့် လာရောက်တောင်းပန်ပါက ကျေအေးပေးမည် ဖြစ်သော်လည်း လက်ရှိတွင် ၎င်း တာဝန် ထမ်းဆောင်နေသည့် နေရာကို ဖယ်ရှား၍ ၎င်း၏ နေရာကို တခြားသူ တဦးအား အစားထိုးရန်အတွက် အထက်သို့ ဆက်လက်
တင်ပြသွားမည် ဖြစ်ကာ လက်ရှိဖြစ်ပွားနေသည့် ပြဿနာကိုလည်း ပြေလည်မှု ရှိစေရန် ညှိနှိုင်းဆွေးနွေးသင့်ကြောင်း၊ ဝန်ထမ်းများ၏ မျက်နှာကို ထောက်သင့်ကြောင်း ဒေါက်တာ ခင်မိုးမိုးက ထပ်ပြောသည်။
“ကျမအနေနဲ့ ကတော့အခုထိ သတင်းစာထုတ်ဖို့ မလျှောက်သေးပါဘူး။ ပြဿနာတွေ ရှင်းပြီးမှပဲ သတင်းစာထုတ်ဖို့ လုပ်ရမှာပါ။ စည်းမျဉ်းစည်းကမ်းကလည်း ရှိသေးတယ်လေ” ဟု ဒေါ်ခင်မိုးမိုးက ဆိုသည်။
အမှုဖွင့်ဆိုချက်နှင့် ပတ်သတ်ပြီး ကျောက်တံတား ရဲစခန်းအား ဆက်သွယ်မေးမြန်ရာ သက်ဆိုင်ရာက ပြန်လည်ဖြေကြားချင်းမရှိပေ။
Myanmar Times သတင်းဂျာနယ်ကို ၂၀၀၀ ပြည့်နှစ်တွင် ဦးဆန်နီဆွေနှင့် သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ တို့က စတင် တည်ထောင်ခဲ့ပြီး အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် စတင် ထုတ်ဝေခဲ့သည်။ ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်ခဲ့သော စစ်ထောက်လှမ်းရေးအဖွဲ့သည် ဂျာနယ် ထုတ်ဝေမှုတွင် ကျောထောက် နောက်ခံပြုမှုများ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
Myanmar Times ဂျာနယ်တွင် နိုင်ငံခြားသား အယ်ဒီတာ အများအပြား ဝင်ရောက် လုပ်ကိုင်နေမှု၊ ရော့စ် ဒန်ကလေနှင့် ပတ်သက်သည့် နိုင်ငံခြား သတင်းထောက် အများအပြားသည် ၂၀၁၀ ရွေးကောက်ပွဲကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် ကာလများတွင် သတင်းများ ရယူ ဖော်ပြခဲ့မှုများကြောင့် ထိုကာလက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မျက်မုန်းကျိုးခဲ့သောကြောင့် ဒေါက်တာတင်ထွန်းဦးနှင့် ရော့စ် ဒန်ကလေတို့ ပြဿနာ ဖြစ်ပွားခဲ့သေးကြောင်း အဆိုပါ ဂျာနယ်နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနစ် ဇန်နဝါရီလ ကတည်းက ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက် အရွေးချယ်ခံခဲ့ပြီး ရှုံးနိမ့်ခဲ့သော ဒေါက်တာတင်ထွန်းဦးနှင့် ရော့စ်ဒန်ကလေတို့ အကြား ပြဿနာများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ဖြစ်ပွားခဲ့သော ပြဿနာမှ ရှယ်ယာရှင်များ အချင်းချင်း သတင်းစာထုတ်လုပ်မှု ကိစ္စတွင် သဘောထား ကွဲလွဲနိုင်ကြောင်း၊ ရှယ်ယာ ထုတ်ယူသည်အထိပင် ဖြစ်လာနိုင်ကြောင်း ယင်းဂျာနယ်နှင့် နီးစပ်သူများက ပြောဆိုနေကြသည်။