သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသော ပြဋ္ဌာန်းချက်များ ပါဝင်သည့် အတွက် စာနယ်ဇင်းသမား အများစု ကန့်ကွက် နေသော ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို အစိုးရပိုင် သတင်းစာများတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပြီး လွှတ်တော်သို့ တရားဝင် တင်သွင်းခဲ့ကြောင်း၊ ယင်းဥပဒေကြမ်းသည် သတင်း လွတ်လပ်ခွင့်ကို ပြန်လည် ထိန်းချုပ်ရာ ကျသောကြောင့် စာနယ်ဇင်း အသင်းများ၊ သတင်းမီဒီယာများ အားလုံးက တညီ တညွတ်တည်း ကန့်ကွက်နေသည့်ကြားမှ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဦးဇော်သက်ထွေးက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်း ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းခဲ့သော်လည်း လက်တွေ့တွင် စာနယ်ဇင်းကောင်စီက ပြင်ဆင်လိုသော အချက်အများစုကို လျစ်လျှူရှုခဲ့သဖြင့် စိတ်ပျက်မိကြောင်း၊ စာနယ်ဇင်း ကောင်စီက အရေးပေါ် အစည်းအဝေး ခေါ်ယူမည် ဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ စာနယ်ဇင်းသမား အများစုက သတင်းလွတ်လပ်ခွင့်ကို ထိပါးနေလို့ ပြင်ပေးပါလို့ တင်ပြထားတာတွေ၊ သူတို့ ဘက်ကလည်း ပြင်ပေးမယ်လို့ ကတိပြုထားတာတွေ သူတို့ ချိုးဖောက်တယ်။ ကျနော်တို့ အရေးပေါ် အစည်းအဝေး ခေါ်ပါမယ်” ဟု ဦးဇော်သက်ထွေးက ဧရာဝတီသို့ ပြောသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေအရ ပြန်ကြားရေး ဝန်ကြီးဌာနသည် သတင်းအေဂျင်စီ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝက်ဘ်ဆိုက်၊ ထုတ်ဝေသူ၊ ပုံနှိပ်သူများကို အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခွင့် အာဏာရှိပြီး ဥပဒေပါ ပြဋ္ဌာန်းချက်၊ စည်းကမ်းချက် များကို ဆန့်ကျင်လျှင် ပြန်ကြားရေးဝန်ကြီးသည် အသိအမှတ်ပြု လက်မှတ်ကို ရုပ်သိမ်းခြင်း၊ ကာလအကန့် အသတ်ဖြင့် ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်း ပြုလုပ်နိုင်သည်ဟု ပြဋ္ဌာန်းထားသဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနသည် သတင်း မီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့်ကို တိုက်ရိုက်ထိန်းချုပ်ထားသည့်သဘော သက်ရောက်နေသောကြောင့် စာနယ်ဇင်းသမား အားလုံးက ကန့်ကွက်နေကြခြင်း ဖြစ်သည်။
ဥပဒေတွင် စာနယ်ဇင်းများ လိုက်နာရမည့် စည်းကမ်းချက်များ ပြဋ္ဌာန်းထားပြီး “တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေခြင်း”၊ “ဆူပူအကြမ်းဖက်မှု ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း” စသည့် ဖွင့်ဆိုချက်များ တိကျရှင်းလင်းမှု မရှိခြင်း၊ အသိပညာကို ဖြန့်ဖြူး ပေးနိုင်သော ပြည်တွင်းသတင်းနှင့် စာနယ်ဇင်းများသာမက နိုင်ငံတကာရှိ သတင်းနှင့် စာနယ်ဇင်းများ ကျယ်ပြန့်စွာ ရောက်ရှိစေရေးအပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားခြင်းတို့ကြောင့် သတင်းမီဒီယာများ အနေဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကို စောင့်ကြည့် ထိန်းကျောင်းနိုင်သော စတုတ္ထ မဏ္ဍိုင်အဖြစ် ရပ်တည် အလုပ်လုပ်နိုင်ရန် ခက်ခဲသဖြင့် စာနယ်ဇင်းသမားများ အားလုံးက တညီတညွတ်တည်း ဆန့်ကျင်ကွန့်ကွက် ခဲ့ကြသည်။
စာနယ်ဇင်း အဖွဲ့အစည်းများ အပြင် လူမှုရေးနှင့် နိုင်ငံရေး အဖွဲ့အစည်းများဖြစ်ကြသည့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စုစည်းရေး ကော်မတီ (ပြည်တွင်း)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့ကလည်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းသည် နိုင်ငံသားတို့၏ အခွင့်အရေးနှင့် သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်ကို ပြောင်တင်းစွာ ထိန်းချုပ်ထားကြောင်း၊ ထို့ကြောင့် ဥပဒေ ပြန်လည်ရုပ်သိမ်းပေးရန် မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် အခမ်းအနားတရပ် ကျင်းပ တောင်းဆိုခဲ့သည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေအရ ဥပဒေမလိုက်နာသော ထုတ်ဝေစာများကို တရားမဝင် ထုတ်ဝေစာများအဖြစ် ပြန်ကြားရေး ဝန်ကြီးဌာနက ကြေညာနိုင်ပြီး သတင်းမီဒီယာ လုပ်ငန်း လုပ်ကိုင်ခွင့်ကိုလည်း ရုပ်သိမ်းနိုင်ကြောင်း၊ ယင်းအပြင် ဥပဒေအရ ထုတ်ဝေသူများကို တရားရုံးတင်ပြီး အနည်းဆုံး ဒဏ်ငွေသုံးသိန်းမှ ဒဏ်ငွေ သိန်းတရာ အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်း အတည်မပြုမီ ယခင် အားကစားဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း သူရဦးအေးမြင့် ဦးဆောင်သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှု၊ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် စာနယ်ဇင်း သမားများ အကြား ညှိနှိုင်းမှုတချို့ရှိခဲ့ပြီး ကော်မတီက ပြင်ဆင်ချက်တချို့ လုပ်ဆောင် နိုင်ခဲ့သော်လည်း စာနယ်သမား အများစု လိုလားသော အချက်များ မလုပ်ဆောင်နိုင်ခဲ့ဟု သိရသည်။
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ အဖွဲ့ဝင် သီပေါ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက “စည်းကမ်းချက်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြား တည်ဆဲ ဥပဒေ များအရ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ဖောက်ဖျက်ရာ ရောက်သော အရေးအသား ဆိုတဲ့ စည်းကမ်းချက်ကို ပယ်ဖျက် နိုင်ခဲ့ပါတယ်။ နောက်ပြီး ထုတ်ဝေစာတွေက ဥပဒေ ပြဋ္ဌာန်းချက်တခု ချိုးဖောက်တယ် ဆိုရင် ပြည်သူတွေကလည်း ဝန်ကြီးကို တိုင်ကြားနိုင်တယ်။ ဝန်ကြီးက ထုတ်ဝေစာကို တရားမဝင် ကြေညာပြီး ရပ်ဆိုင်းခွင့်ရှိတယ်။ ဒါပေမယ့် ထုတ်ဝေသူဘက်က ဒါက ဥပဒေ မချိုးဖောက်ပါဘူးဆိုပြီး တရားရုံးမှာ တင်ပြပြီး တရားရုံးရဲ့ အဆုံးအဖြတ် ရယူနိုင်တဲ့ ပြဋ္ဌာန်းချက်ကိုလည်း ကျနော်တို့ ဖြည့်စွက် ပြဋ္ဌာန်းခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်သူ့လွှတ်တော်က အတည်ပြုထားပြီးဖြစ်သော ပုံနှိပ်ခြင်းနှင့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ ပေးပို့မည်ဖြစ်ပြီး အမျိုးသားလွှတ်တော်က ဆွေးနွေးအတည်ပြုပြီးပါက တရားဝင် ဥပဒေ အဖြစ် ပြဋ္ဌာန်းမည်ဖြစ်သည်။