သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ရန်ပုံငွေအဖြစ် ငွေကျပ် သိန်း ၅၀၀ လှူဒါန်းမှုကို လက်ခံ လိုက်မှုအပေါ် စာနယ်ဇင်းသမားများ အကြား အကြီးအကျယ် သဘောထားကွဲလွဲလျက် ရှိကြောင်း သတင်း ရရှိသည်။
စက်တင်ဘာလ ၂ ရက်နေ့က သမ္မတဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ၏ ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေး၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့ တွေ့ဆုံစဉ် သိန်း ၅၀၀ လှူဒါန်းမှုကို လက်ခံခဲ့မှုအပေါ် စာနယ်ဇင်း ကောင်စီအဖွဲ့ဝင်များ ကိုယ်တိုင် မေးခွန်းထုတ်လာကြပြီး သတင်းသမားများအကြား သဘောထားကွဲလွဲခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အဖွဲ့ဝင်တဦးဖြစ်သူ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဦးဖေမြင့်က “သူတို့က ဘယ်လိုအနေအထား မျိုးမှာ၊ ဘယ်လို လက်ခံခဲ့လဲ ဆိုတာတော့ မေးမကြည့် ရသေးဘူး။ ပြန်ကြားရေး ဝန်ကြီး ဌာနနဲ့ မီဒီယာ ဥပဒေကိစ္စ အငြင်းအခုန် ဖြစ်နေတဲ့ ကာလမှာ အခုလို အလှူငွေ လက်ခံတော့ အမျိုးမျိုးထင်စရာ ဖြစ်နေတာ ပေါ့။ ကောင်စီမှာ အလှူငွေ ယူမလား၊ မယူဘူးလားဆိုတဲ့ ကိစ္စတွေမှာ ဆွေးနွေးပြီးမှ ဆုံးဖြတ်သင့်တယ်။ အခုလိုမျိုး ကိစ္စကို သတင်းထောက်တွေ မေးလာရင် ဘယ်လိုဖြေကြမလဲ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် တနှစ်တိတိ လွတ်လပ်စွာ ရပ်တည်လာပြီးမှ သမ္မတ၏ အလှူငွေ လက်ခံ လိုက်ခြင်းအပေါ် နားမလည်နိုင်ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးသီဟစောက ဆိုသည်။
“စာနယ်ဇင်းကောင်စီက စတည်ကတည်းက ကိုယ်ခြေထောက်ပေါ် ကိုယ့်ဟာကိုယ် ရပ်ပြီး လုပ်လာတာ။ ဒီလ ၁၇ ရက် ဆိုရင် ကောင်စီသက်တမ်း တနှစ် ပြည့်ပြီ။ ဒီတနှစ် လုံးလုံး ဘယ်ကမှ အထောက်အပံ့ မယူခဲ့ဘူး။ အခုမယူလည်း ရတာပဲ။ သက်တမ်း ကုန်ခါနီးမှ သမ္မတ ကလည်း ဘာသဘောနဲ့ လှူလဲ မသိဘူး။ လက်ခံတာ၊ လက်မခံတာကတော့ ဥက္ကဋ္ဌရဲ့ ဆုံးဖြတ် ချက်ပေါ့” ဟု ဦးသီဟစောက ဧရာဝတီသို့ ပြောသည်။
သမ္မတ၏ အလှူငွေမှာ နိုင်ငံတော် ဘတ်ဂျက်မှ လာသော နှောင်ကြိုးမဲ့အလှူငွေ ဖြစ်သောကြောင့် လက်ခံသင့်ကြောင်း သုံးသပ်မှု တချို့ ရှိသော်လည်း ယခုကဲ့သို့ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင် နေရသော ကာလတွင် အလှူငွေ လက်ခံလိုက်ခြင်းသည် မီဒီယာလွတ်လပ်ခွင့် တောင်းဆိုရန် စုစည်းမှု၊ ညီညွတ်မှု ပျောက်ပျက်ပြီး အင်အားချိနဲ့ သွားစေသည်ဟု စာနယ်ဇင်းသမားများက ဆိုကြသည်။
ဂျပန် NHK သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဦးသီဟသွယ်က “သမ္မတဆီက ပိုက်ဆံယူတဲ့ ကိစ္စက သာမန် အားဖြင့် ပြဿနာ မရှိပေမယ့်၊ ပေးတဲ့အချိန်ရယ်၊ ဖြစ်နေတဲ့ အခြေအနေရယ်က စဉ်းစားစရာတွေ၊ ငြင်းခုန်စရာတွေ ဖြစ်တာပေါ့။ အရင်ကတည်းက ပေးဖို့ စဉ်းစားထားရင် အရင်ကတည်းက ပေးဖို့ သင့်တာပေါ့။ နောက်တခုက ပေးတဲ့အခါ ဒီဘက်က စဉ်းစားရမှာက အလှူတွေထဲက တခုသော အလှူပဲ ဖြစ်ရမှာပေါ့။ အခုအချိန်က အစိုးရဆီက လွတ်လပ်ခွင့်ကို တိုက်ယူ နေရတဲ့ကာလ ဖြစ်နေတာမိုလို့ ဒီလိုအချိန်မျိုးမှာ ဒီလိုမျိုး ပိုက်ဆံ တော်တော်များများ လှူတာဟာ အခြေအနေကို ရှုပ်ထွေး သွားစေတယ်” ဟု သုံးသပ်သည်။
သမ္မတဦးသိန်းစိန်၏ အလှူငွေသည် သူ၏ ကိုယ်ပိုင်ငွေ မဟုတ်ဘဲ နိုင်ငံတော် ဘတ်ဂျက်မှ ငွေဖြစ်သောကြောင့် အလှူငွေ လက်ခံခြင်းမှာ ပြဿနာ မရှိနိုင်ကြောင်း၊ စာနယ်ဇင်း ကောင်စီဝင်များသည် အိတ်စိုက် အကုန်ကျခံ ဆောင်ရွက်နေခြင်းမှာ အများအသိပင် ဖြစ်ကြောင်း၊ နှောင်ကြိုးမဲ့ အလှူငွေ ဖြစ်သောကြောင့် လက်ခံသင့်ကြောင်း စာနယ်ဇင်း ကောင်စီဝင် သတင်းစာဆရာ ဦးမြင့်ကျော်က ဧရာဝတီကို ပြောသည်။
“လောလောဆယ်မှာ ဥပဒေလည်း မရှိသေးဘူး။ လွှတ်တော်ရဲ့ ဘတ်ဂျက်ထဲမှာ ထည့်ဆွဲဖို့ အနေအထားလည်း မရှိသေးဘူး ဆိုတော့ ကျနော့် အမြင်ကတော့ မီဒီယာ လုပ်ငန်းရှင်တွေ ဆီက အလှူခံရင်လည်း အဲဒီ လုပ်ငန်းရှင်က လာပြီးတော့ သြဇာ သက်ရောက် နိုင်တာတွေ ရှိတယ်။ အဲဒါမျိုးထက် စာရင်တော့ နိုင်ငံတော်က ကျခံပေးတဲ့ဟာက သဘာဝကျပါတယ်” ဟု ဦးမြင့်ကျော်က ဆိုသည်။
သမ္မတဦးသိန်းစိန်၏ တာဝန်ပေးချက် အရ ပြန်ကြားရေးဝန်ကြီ ဌာနမှ ဒုတိယဝန်ကြီး ဦးပိုက်ထွေးက မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီသို့ အလှူငွေကျပ်သိန်း ၅၀၀ ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့တွင် စာနယ်ဇင်း ကောင်စီရုံးခန်း တည်ရှိရာ ရွှေဂုံတိုင် ယုဇနတာဝါတွင် ကျင်းပခဲ့သည်။
ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးပိုက်ထွေးက “မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ လုပ်ငန်း တာဝန် တွေကို အခက်အခဲမရှိ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံတော်သမ္မတရုံး ကနေ စာနယ်ဇင်း ကောင်စီရဲ့ လွတ်လပ်မှုကို မထိခိုက်စေတဲ့ ကူညီပံ့ပိုးမှု အဖြစ် ပေးအပ်တဲ့ ငွေသိန်း ၅၀၀ ကို ဒီကနေ့ ဒီမှာလာပြီး တော့မှ ဥက္ကဋ္ဌ ဆရာ ဦးခင်မောင်အေးကို လက်ရောက် လာပြီးတော့ တလေးတစားနဲ့ ပေးအပ်ခြင်း ဖြစ်ပါတယ်” ဟု အဆိုပါအခမ်းအနားတွင် ပြောကြားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေကမူ “ကောင်စီဝင်တွေ ကိုယ့်ဘာသာကိုယ် ရပ်တည်တယ် ဆိုတာကို သိသွားတဲ့အတွက် နိုင်ငံတော် ဘတ်ဂျက်ထဲကနေ ပြီးတော့ သမ္မတကြီးက စေတနာနဲ့ မတည် ရန်ပုံငွေ ထူထောင်ပေးတာပါ။ ကျနော်တို့က သွားအပူကပ်ပြီး သမ္မတကြီးကို ကျနော်တို့ကတော့ အလှူငွေတွေ လိုချင်ပါတယ်လို့ တခွန်းမှ မပြောပါဘူး” ဟု အလှူငွေ လက်ခံသည့် အခမ်းအနားတွင် ပြောဆိုသည်။