ရုပ်ရှင် ခိုးကူးခွေများ လိုက်လံဖမ်းဆီးခြင်းသည် မြန်မာ့ရုပ်ရှင်လောကကို ကာကွယ်ခြင်းသာဖြစ်ပြီး နိုင်ငံခြား ရုပ်ရှင်ခွေများကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်း မဟုတ်ကြောင်း ယမန်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။
တပိုင်တနိုင် ရောင်းချနေသည့် နိုင်ငံခြားခွေ ရောင်းချသူများကို ညစ်ညမ်းခွေများမှလွဲ၍ ဖမ်းဆီးခြင်းမပြုရန် ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ညွှန်ကြားခဲ့သည်။ သို့သော် ယခု ခိုးကူးခွေ နှိမ်နင်းရေးစီမံချက်တွင် နိုင်ငံခြားခွေများပါ ဖမ်းဆီးနေသဖြင့် ဝေဖန်ကန့်ကွက်မှုများ ပေါ်ပေါက်လျက်ရှိသည်။
“နိုင်ငံခြားခွေတွေဟာ ကျနော်တို့နဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး။ သို့သော် ၁၉၉၆ ဗီဒီယို အက်ဥပဒေအရ နိုင်ငံခြားခွေတွေသည် လိုင်စင်မဲ့၊ ဆင်ဆာမဲ့ ဖြစ်တဲ့အတွက် ဖမ်းတာဖြစ်ပါတယ်။ ကျနော်တို့သည် NGO အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဖမ်းဖို့ဆီးဖို့လည်း အခွင့်အာဏာ မရှိပါဘူး။ သတင်းရရှိတဲ့အခါ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုပဲ တိုင်ကြားပါတယ်” ဟု ဦးဇင်ဝိုင်းက ပြောသည်။
ခိုးကူးခွေကြောင့် ဂီတလောကသည် ၁၀၀ ရာခိုင်နှုန်း ပျက်စီးခဲ့ရပြီး ရုပ်ရှင်လောကသား အများစုကို ထမင်းကျွေးနေသည့် ဗီဒီယိုလောကသည်လည်း ၆၀ ရာခိုင်နှုန်းအထိ ပြိုကွဲပျက်စီးခဲ့ရကြောင်း ၎င်းက ဆိုသည်။
ခိုးကူးခွေ စီမံချက်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ပြန်လည်ရွေးချယ်သည့် ၂၀၁၂ ဧပြီလမှ စတင် ဖမ်းဆီးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တခုအတွင်းမှာပင် တရားမဝင် ခိုးကူးခွေ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချနေသည့် ဆိုင်ပေါင်း ၉၀ နှင့် စီဒီချပ်ပေါင်း ၅ သိန်းနီးပါး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ကျနော်က ရုပ်ရှင်ရုံမှာလည်း အချိန်ပေးပြီး မကြည့်နိုင်ဘူး။ ဒီဆိုင်တွေကပဲ အလွယ်တကူ ဝယ်နေကျ။ အခု တချို့ ဆိုင်လေးတွေကတော့ အိမ်အတွင်းထဲမှာ တိုးတိုးတိတ်တိတ် ရောင်းနေကြတယ်” ဟု နိုင်ငံခြား ရုပ်ရှင် ပရိသတ်တဦးက ဆိုသည်။
ခိုးကူးခွေရောင်းချခြင်းဖြင့် ရပ်တည်နေသူများ ဒုက္ခရောက်ရသကဲ့သို့ ရုပ်ရှင်လောကသားများဖြစ်သည့် စက်မှုအဖွဲ့သားများ၊ ဇာတ်ပို့ဇာတ်ရံများ၊ ကိုလူချောများအဖွဲ့ကဲ့သို့ နေ့စား လူကြမ်းသရုပ်ဆောင်များသည်လည်း အကျပ်အတည်း ဖြစ်ရကြောင်း ဦးဇင်ဝိုင်းက ပြောသည်။
“ရုပ်ရှင် လောကသားများသည်လည်း မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားများ ဖြစ်သည်နှင့်အညီ၊ ကျနော်တို့နဲ့ ကျနော်တို့ လုပ်ကိုင်နေတဲ့ တရားဝင်လုပ်ငန်းများကို နိုင်ငံတော်ကနေ တရားဝင် အကာအကွယ်ပေးဖို့ လိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့အတွင်းရှိ ဖမ်းဆီး တရားစွဲဆို ခံထားရသော ကူးခွေရောင်းချသူများသည်လည်း သမ္မတနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကော်မတီ၊ ကော်မရှင်များထံ အသနားခံစာများ ပေးပို့ထားပြီး နိုင်ငံခြားခွေ ပြန်လည် ရောင်းချခွင့်ရရှိရန် ဆန္ဒထုတ်ဖော်မှု ပြုလုပ်မည်ဟုလည်း သတင်းရရှိသည်။
“မြန်မာပြည်ကြီးမှာ ကူးခွေ ဖောက်သည်ပေးတဲ့သူတွေ မရှိကြတော့ဘူးဆိုရင် မရောင်းတော့ပါဘူး။ အရင်းအနှီးမရှိလို့၊ ဘာမှ လုပ်စားစရာမရှိလို့ ရောင်းပြီး ပြန်ပေးစနစ်နဲ့ ရောင်းရဦးမှာပါ။ အခု ဖောက်သည်ပေးတဲ့သူလည်း ရှိနေပါတယ်။ လုံး၀ ပျောက်မသွားပါဘူး” ဟု လှိုင်သာယာမြို့နယ်မှ ကူးခွေရောင်းသူတဦးက ဆိုသည်။
ဦးဇင်ဝိုင်းက “ခိုးကူးခွေလောက လုံး၀ ပြိုပျက်သွားအောင် ကျနော်တို့ ရင်ဆိုင် တွန်းလှန်သွားမှာပါ။ ခိုးကူးခွေ ရောင်းချမှုဟာ မရှိဆင်းရဲသားတွေအတွက် လွယ်ကူတဲ့ အသက်မွေးဝမ်းကြောင်းမှုတင် မဟုတ်ပါဘူး။ ကွန်ရက်ကြီး တခုနဲ့ ဒုစရိုက်လုပ်ငန်းကြီးတခုလို နောက်ကနေ ငွေပင်ငွေရင်းနဲ့ ကျောထောက်နောက်ခံပြုပြီး မြန်မာတနိုင်ငံလုံးကို ဖြန့်ချိနေတဲ့ တရားမဝင် လုပ်ငန်းကြီးပါ” ဟု ဆိုသည်။
တရားမဝင် ခိုးကူးခွေကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချနေသည့် ဆိုင်ကြီးတဆိုင်သည် တနေ့ဝင်ငွေ သိန်းတရာ နီးပါးရှိပြီး မြန်မာ့ရုပ်ရှင် ဗီဒီယိုလောကမှ ထွက်ရှိသည့် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကား၊ အငြိမ့်၊ လက်ဝှေ့၊ အမ်တီဗီ ရိုက်ကူးထားသည့် သီချင်းများ၊ ထို့အပြင် ညစ်ညမ်းရုပ်ရှင်များ အစရှိသည်တို့ကို ထုတ်လုပ်ဖြန့်ဖြူးနေကြောင်း သိရသည်။
“ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို ကျနော်တို့ လေးစားရမယ်။ သူတပါးရဲ့ ဖန်တီးမှုကို လေးစားတန်ဖိုးထားတာဟာ ကျနော်တို့နိုင်ငံရဲ့ ဖန်တီးမှုကို လေးစားတန်ဖိုးထားရာ ရောက်ပါတယ်။ ကျနော်တို့နိုင်ငံက ဉာဏပစ္စည်းမူပိုင်ခွင့်ကို မလေးစားဘူးဆိုရင် ကျနော်တို့နိုင်ငံဟာ ရိုင်းစိုင်းတဲ့ လူ့အဖွ့ဲအစည်းထဲမှာ ရှိနေဆဲပဲဆိုတဲ့ အဓိပ္ပာယ် သက်ရောက်မှာပဲ” ဟု မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပညာရှင်တဦးက ဆိုသည်။
အသစ်ပြန်လည် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် ရုပ်ရှင် အစည်းအရုံးတို့သည် ဂီတနှင့် ရုပ်ရှင်လောကကို ကာကွယ်ရန် ခိုးကူးခွေများ လိုက်လံဖမ်းဆီးနေသော်လည်း မြန်မာသီချင်း အများစုမှာ အနောက်တိုင်း တေးသီချင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား တေးသီချင်း သံစဉ်များကို ကူးယူသီဆိုထားသည့် ကော်ပီသီချင်းများ ဖြစ်နေခြင်း၊ မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုနှင့် အမ်တီဗီများမှာလည်း ဇာတ်လမ်း အစအဆုံး ကူးယူမှု၊ ဇာတ်ကွက် ကူးယူမှုတို့ ပြုလုပ်နေကြခြင်းတို့အပေါ်လည်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။