ရခိုင်ဒေသတွင်း ရေရှည်တည်ငြိမ် အေးချမ်းရေးအတွက် ရခိုင်ပြည်သူများ၏ ဆန္ဒသဘောထားကို သိရှိရန် ရခိုင်ပြည်နယ်တခု လုံး ကိုယ်စား ပြုမည့် လူထုစည်းဝေးပွဲကို ရသေ့တောင်မြို့၌ ကျင်းပမည်ဟု သိရသည်။
ထိုအစည်းအဝေးအား ရသေ့တောင်မြို့တော် ခန်းမ၌ စက်တင်ဘာ ၂၅ ရက်၊ ၂၆ ရက်တို့တွင် ကျင်းပရန် ဒေသဆိုင်ရာ အာ ဏာ ပိုင်များထံ တင်ပြထားကြောင်း၊ အစည်းအဝေးသို့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှ မြို့နယ် တခုလျှင် အနည်းဆုံး ကိုယ်စား လှယ် ၅ ဦးစီ နှင့် စိတ်ပါဝင်စားသူများဟု ဖိတ်ကြားထားကြောင်း အစည်းအဝေး ဖြစ်မြောက်ရေး အဖွဲ့ က ပြောဆိုသည်။
အလားတူ ချင်းပြည်နယ် ပလက်၀ မြို့နယ်မှ ရခိုင်ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထားကြောင်း၊ လက်ရှိတွင် လူဦးရေ ၄၀၀ သတ်မှတ်ထားကြောင်း အစည်းအဝေး ဖြစ်မြောက်ရေး ကော်မတီ၏ ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုမောင် က ဧရာဝတီ ကို ပြောသည်။
ရခိုင်ပြည်သူများ၏ ဆန္ဒထုတ်ဖော်ပွဲမှ ထွက်ပေါ်လာမည့် သဘောထားကို ရခိုင်ဒေသ ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် အဖွဲ့ များ၊ အစိုးရ အာဏာပိုင်များထံ တစုတစည်းတည်း တင်ပြနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
လူထုတွေ့ဆုံပွဲအား ဒေသခံ ရပ်မိရပ်ဘများ ကိုယ်စားပြု ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အစည်းအဝေး တက်ရောက်မည့် ပုဂ္ဂိုလ် များကို ဖိတ်ကြားရာတွင် သမိုင်းဆိုင်ရာ ပညာရှင်များ၊ မြို့မိ မြို့ဘများ၊ လူမှုရေး အဖွဲ့များ၊ စာပေ ပညာရှင်များ၊ ဆရာတော်၊ သံ ဃာတော်များကို ဦးစားပေး ဖိတ်ကြားမည်ဟု သိရပြီး ပြည်ပရှိ ရခိုင်ပညာရှင်များ၊ သုတေသီများ ကိုလည်း ဖိတ်ကြားနိုင်ရန် စီစဉ် နေကြောင်း သိရသည်။
“လူထုဆန္ဒ ထုတ်ဖော်ပွဲလုပ်မယ်ဆိုရင် ဥပဒေအရ တပတ်ကြိုတင် ခွင့်ပြုချက်တင်ရပေမယ့် ကျနော်တို့က ၃ ပတ်ကြိုတင် ခွင့်ပြု မိန့်တင် ထားတယ်”ဟု ဦးကိုကိုမောင်က ပြောသည်။
ထိုအစည်းအဝေးသည် နိုင်ငံရေးပါတီများ ကိုယ်စားပြုခြင်း မဟုတ်ကြောင်း၊ သို့သော် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အနေဖြင့် လေ့လာသူများအဖြစ် တက်ရောက်နိုင်မည် ဖြစ်ကြောင်း၊ ပါဝင်ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်းတို့ကိုမူ လူမှုရေးအဖွဲ့အစည်း များ၊ စာပေ ယဉ်ကျေးမှု၊ ဘာသာရေး အဖွဲ့အစည်းများက ပါဝင်ဆွေးနွေး နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု သိရသည်။
မောင်တောမြို့ အလိုတော်ပြည့် ကျောင်းတိုက်မှ ဆရာတော် ဦးမဏိစာရ က ထိုအစည်းအဝေးသည် ရခိုင် တပြည်လုံးမှ ပြည် သူ များ တက်ရောက်ဆွေးနွေးကြမည် ဖြစ်၍ ရခိုင်ဒေသ ရေရှည် တည်ငြိမ်အေးချမ်းရေး အတွက် အကြံကောင်း၊ ဉာဏ် ကောင်း များ ရရှိမည် ဖြစ်၍ အကျိုးပြုမည့် လူထုတွေ့ဆုံပွဲဖြစ်ကြောင်း မိန့်ကြားသည်။
၎င်းကိုယ်တိုင် တက်ဖြစ်ပါက ရခိုင်ပြည်သူများ၊ ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများသည် မိမိတို့ဒေသ၌ ရေရှည်နေထိုင်နိုင်ရန် နည်းလမ်း ၅ ချက်ကို တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း၊ ထိုအချက် ၅ ချက်ကို မဆောင်ရွက်နိုင်ပါက ဒေသခံတိုင်းရင်းသား လူမျိုးများသည် ရခိုင်ဒေသ၌ ရေရှည် နေထိုင်ရန် စိန်ခေါ်မှုပေါင်း များစွာနှင့် ရင်ဆိုင်ရမည်ဟု သုံးသပ်မိကြောင်း ဆရာတော် က ဆက်လက် မိန့်ကြားသည်။
“ပညာခွန်အား ပြည့်စုံရေး၊ စိတ်ဓာတ်ခွန်အား ပြည့်စုံရေး၊ ဓန အင်အား ပြည်စုံရေး၊ စည်းလုံးမှုအင်အား၊ လူထုအင်အားပြည့်စုံ ရမယ် ဆိုတဲ့အချက် ၅ ချက်ကို ပြည့်စုံအောင် တည်ဆောက်ကြဖို့ လိုအပ်တယ်၊ တိုက်တွန်းသွားမယ်”ဟု ဦးမဏိစာရ က မိန့်ကြား သည်။
ရခိုင်သဟာရ အသင်း(ရန်ကုန်) အတွင်းရေးမှူး ဦးသာမြကျော် ကလည်း ရသေ့တောင်၌ ကျင်းပမည့် ရခိုင်ပြည်လုံးကျွတ် လူထု ဆန္ဒထုတ်ဖော်ပွဲသို့ ၎င်းတို့အဖွဲ့ကို ဖိတ်ကြားပါက လေ့လာသူအဖြစ် တက်ရောက်မည်ဖြစ်ကြောင်း၊ ရခိုင်သဟာရ အသင်း၏ သဘောထားသည် ရခိုင်ပြည်သူတို့၏ ဆန္ဒသဘောထားနှင့်တထပ်တည်း ဖြစ်ကြောင်း ပြောဆိုသည်။
ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ရခိုင်ပြည်သူတို့၏ ဆန္ဒသဘောထားတို့ကို ကွင်းဆင်းစစ်တမ်း ကောက် ယူ၍ နိုင်ငံတော် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သို့ပါ စာတမ်းများ ရေးသား ပေးပို့ထားပြီး ဖြစ် ကြောင်း၊ မကြာသေးခင်က ဖွဲ့စည်းလိုက်သည့် ရခိုင်ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့သို့လည်း စာတမ်းများ၊ အချက် အလက်များ၊ မှတ်တမ်းများ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း ဦးသာမြကျော် က ပြောသည်။
ဇွန်လတွင်းက စတင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဒေသခံတိုင်းရင်းသားများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီး ဆုံးရှှုံးမှုများနှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုများ အတွက် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အစိုးရနှင့် တာဝန်ရှိသူများထံ တင်ပြတောင်းခံသွားမည်ဟု ရခိုင်ဒေသခံများ က ပြောသည်။
ရသေ့တောင်၌ ကျင်းပမည့် ယင်းလူထုစည်းဝေးပွဲကို မူလက မေယုမြစ်ဝှမ်း ညီလာခံဟု အမည်တပ်၍ ကျင်းပရန် စီစဉ်ခဲ့သော် လည်း ညီလာခံဟူသော စကားလုံးကို အာဏာပိုင်များက ခွင့်မပြု၍ လူထုစည်းဝေးပွဲဟု ပြောင်းလဲလိုက်ကြောင်း သိရသည်။