စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြခဲ့သူ ဒေါ်နော်အုန်းလှကို နိုင်ငံတော် အကြည်အညို ပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ပြီးနောက် မုံရွာ အကျဉ်းထောင်တွင် ဒေါ်နော်အုန်းလှ အစာငတ်ခံဆန္ဒပြနေကြောင်း သတင်းရရှိသည်။
ဒေါ်နော်အုန်းလှကို သြဂုတ်လ ၂၉ ရက်နေ့က မုံရွာမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး မုံရွာအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း၊ မုံရွာအကျဉ်းထောင်တွင် ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၁၃ ရက်အထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
” ကျနော်က ဒေသခံတွေဆီကတဆင့် သိရတာ။ ဒေါ်နော်အုန်းလှ အစာငတ်ခံဆန္ဒပြနေတဲ့ သတင်းကတော့ ဟုတ်တယ်။ ကျနော်ကတော့ သူ့အမှုကို အယူခံဝင်နိုင်ဖို့ တရားရုံးက ထွက်ဆိုချက်မိတ္တူတွေ စောင့်နေတုန်းပဲ ရှိသေးတယ်”ဟု ရှေ့နေဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ ပြောသည်။
မုံရွာအကျဉ်းထောင်မှ တာဝန်ရှိသူများက အကျဉ်းထောင်တွင် ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြမှုသတင်းကို အတည် ပြုသော် လည်း အသေးစိတ် ဖြေကြားခွင့် မရှိကြောင်း ဧရာဝတီကို ပြောသည်။
မုံရွာအကျဉ်းထောင်၏ နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနထံ ပေးပို့သည့် အစီရင်ခံစာတွင် ဒေါ်နော်အုံးလှသည် အစာငတ်ခံ ဆန္ဒပြမှုကြောင့် ကိုယ်အလေးချိန်ပေါင် ၅ ပေါင်အထိကျဆင်းသွားသော်လည်း ကျန်းမာရေး ကောင်းမွန်ကြောင်း၊ ဆီး ၊ သွေး စစ်ဆေးမှု ရလဒ်လည်း ပုံမှန်ရှိကြောင်း၊ အစာမစားသော်လည်း ရေပုံမှန် သောက်ပြီး ဒေါ်နော်အုန်းလှ၏ ကျန်းမာရေးအခြေအနေကို မုံရွာအကျဉ်းထောင်ဆရာဝန် ဒေါက်တာမျိုးမင်းက စောင့်ကြည့် ပေးလျက် ရှိကြောင်း ဖော်ပြထားသည်။
ဒေါ်နော်အုန်းလှသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များထံ ခွင့်ပြုချက် ၉ ကြိမ်တိတိ တင်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသဖြင့် သြဂုတ်လ ၁၃ ရက်နေ့ မုံရွာ မြို့ပေါ် တွင် လက်ပံတောင်း ဒေသခံ ၁၅၀ ခန့်နှင့်အတူ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ရာ သက်ဆိုင်ရာအာဏာပိုင်များက ဒေါ်နော်အုန်းလှနှင့် အတူ လက်ပံတောင်း ဒေသခံ ၉ ဦး ကို ဖမ်းဆီးခဲ့သည်။
ယင်းနောက် ဆန္ဒထုတ်ဖော်ခဲ့သော လက်ပံတောင်းဒေသခံ ၉ ဦးကို စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့သော်လည်း ညတွင်းချင်း အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဒေါ်နော်အုန်းလှကိုမူ ပုဒ်မ ၁၈ အပြင် နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) စွဲချက်တင်ခဲ့ကြောင်း ၊ ဒေါ်နော်အုန်းလှကို သြဂုတ်လ ၂၇ ရက်နေ့ တွင် တရားရုံး ထုတ်စစ်ဆေးခဲ့ပြီး ၂ ရက်အကြာ သြဂုတ်လ ၂၉ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။