ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ တည်ငြိမ်နေသော်လည်း မွတ်စလင်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဆက်လက် ထွက်ပြေး ရောက်ရှိနေကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်း ကော့က်စ်ဘဇား ခရိုင် တာ့ခ်နာ မြို့နယ် ဆားဘိုဒင်(ရှင်းမဖြူ)ကျွန်းသို့ ဇန်နဝါရီ ၁၈ ရက် က မွတ်စလင် ၅၉ ဦးပါဝင်သည့် စက်လှေ ၂ စီး ဦးတည်လာရာ ဖမ်းဆီး၍ မြန်မာနိုင်ငံ ဘက်သို့ ပြန်လည်ပို့ဆောင်လိုက်သည်ဟု တာ့ခ်နာ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့် တပ်က ပြောပြသည်။
“အစားအစာနဲ့ သောက်ရေတွေပေးပြီး ပြန်လွှတ်လိုက်တယ်။ ကျနော်တို့ တပ်က စက်လှေတွေနဲ့ ကျနော်တို့ ရေပိုင်နက် ကုန်တဲ့ အထိ လိုက်တွန်းပို့ ပေးလိုက်ပါတယ်”ဟု ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် အရာတဦးရှိက ပြောသည်။
ယခု ပြန်ပို့လိုက်သည့် ၅၉ ဦးသည် မောင်တောမြို့နယ်ဘက်မှ ဖြစ်ပြီး ကလေး ၁၁ ဦး၊ အမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၃၃ ဦးပါဝင်ကြောင်း၊ ၎င်းတို့သည် အလုပ်အကိုင် ရှားပါးမှုနှင့် စားဝတ်နေရေး အခက်အခဲများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခြင်း ဖြစ် ကြောင်း သိရသည်။
တာ့ခ်နာ မြို့မှ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး တဦးက“ဒီဘက်ကို မြန်မာဘက်က မွတ်စလင်တွေက ပုံမှန်တော့ တရားမဝင် လမ်းကြောင်းတွေက လာနေကြတာပဲ။ အခု အခြေအနေက မြန်မာနိုင်ငံဘက်မှာ အေးချမ်းနေတဲ့ အခြေနေရှိနေပြီး ဘာလို့ပြေးကြ တာလဲ မသိဘူး”ဟု ပြောသည်။
ရခိုင်ပြည်နယ် အတွင်း ၂၀၁၂ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် အောက်တိုဘာလ ပဋိပက္ခများ ဖြစ်ပွားချိန်ကစပြီး ဘင်္ဂလားဒေ့ရှ် ကမ်းခြေ စောင့် တပ်ဖွဲ့ကို အင်အားတိုးမြှင့်ချထား၍ ပင်လယ်ပြင် လုံခြုံရေးအတွက် မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် လက်ရှိ လက်ခံထားသည့် ဒုက္ခသည် ၃၀၀၀၀ ကျော်ကို မြန်မာအစိုးရထံ တရားဝင်ပြန်လည် အပ်နှံနိုင်ရေး ကြိုးစားနေချိန်တွင် ဇွန်၊ ဇူလိုင် ပဋိပက္ခများကြောင့် ထွက်ပြေး ခိုလှုံလိုသူများကို လက်မခံဘဲ လာရင်း နိုင်ငံဆီသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ အရေးအခင်းက ကတည်းက ယနေ့အထိ မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ ရှ် နိုင်ငံဘက်သို့ ထွက်ပြေးလာသူ ၄၀၀၀ ကျော်ကို မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ (မွတ်စလင်) လူမျိုး၂ သိန်းခွဲရှိပြီး၂၀၁၂ ခုနှစ်၌ ၁၀ သိန်း ဖြစ်လာခဲ့ကြောင်း၊ မောင် တော ဒေသတွင် ဘင်္ဂါလီ ၉၄ ရာခိုင်နှုန်း၊ ရခိုင် ၆ ရာခိုင်နှုန်းရှိ၍ လက်ရှိ အခြေအနေတွင် လုံခြုံရေးနှင့် စားဝတ်နေရေး မူလ အခြေ အနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြော ဆိုထားသည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေး အသတ်ခံရမှု နှင့်ဆက်စပ်၍ ၂၀၁၂ ခု ဇွန်လဆန်းမှ စတင်ခဲ့သော ရခိုင်ဒေသ တွင်း ပဋိပက္ခများကြောင့် သေဆုံးသူ ၈၀ ဝန်းကျင်၊ ဒဏ်ရာရသူ ၁၁၂ ဦး၊ လူနေအိမ် ၅၀၀၀ ဝန်းကျင်၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခု ပျက်စီးခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ဇူလိုင်လ ၃၀ ရက် နေ့ သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၂ ခု အောက်တိုဘာလ အတွင်းကလည်း ရခိုင်ပြည်နယ်၌ တကျော့ပြန် ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် သေ ဆုံး ခဲ့သေးသည်။