စစ်တွေ လေယာဉ်ကွင်းကို လေယာဉ် မဆင်းခင်ကတည်းက အလိပ်လိုက် အလိပ်လိုက် တက်နေတဲ့ မီးခိုးလုံးကြီးတွေကို အပေါ်စီးက မြင်နေရတယ်။ လေယာဉ်ကွင်းမှာတော့ စစ်သားတချို့ ယူနီဖောင်းအပြည့်အစုံ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူထားတာကို တွေ့ရတယ်။ မြို့ထဲမှာ မီးခိုးတွေ လိပ်လိပ်တက်လာအောင် မီးလောင်နေပေမယ့် လေယာဉ်ကွင်းက လူတွေကတော့ သူတို့နဲ့ မဆိုင်သလိုပဲ။ လုပ်စရာရှိတာ အေးအေးဆေးဆေး လုပ်နေကြတယ်။
စစ်တွေ တစ်မြို့လုံး လမ်းတွေပေါ်မှာ လူမရှိသလောက်ပဲ။ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နဲ့ ကားတွေ ဖြတ်သွားရင် အိမ်ခြံဝင်းတွေထဲက အမျိုးသမီးနဲ့ ကလေးတွေ ထွက်ကြည့်ကြတယ်။ သူတို့ အားလုံးရဲ့ လက်ထဲမှာ ဝါးချွန်တွေ၊ သံလုံးတွေ၊ တချို့ ဂေါ့က်ရိုက်တံတွေကအစ ကိုင်ထားတယ်။
လမ်းဆုံလမ်းထောင့်တွေမှာ လူငယ်နဲ့ လူလတ်ပိုင်းတွေ စုရုံးစုရုံးရှိနေကြတယ်။ သူတို့ လက်ထဲမှာလည်း ဓားရှည်၊ ဝါးချွန်၊ သံချွန်နဲ့ လေးဂွတွေ ကိုယ်စီကိုင်ထားတယ်။ အားလုံးက ဘာပဲဖြစ်လာဖြစ်လာ ပြေးတွေ့မယ်ဆိုတဲ့ မျက်နှာတွေနဲ့ပါ။ အမျိုးသမီးတွေကလည်း ကြောက်နေဖို့ထက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အသင့်ဖြစ်နေကြတယ်။
အရေးအခင်း စဖြစ်တဲ့ နေ့ကတည်းက တရက်မှ မအိပ်ရသေးဘူးလို့ မြ တည်းခိုခန်းအနီးမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသား တဦးကပြောပါတယ်။
“ညမထွက်ရ အမိန့်ထုတ်ထားပေမယ့် ကျနော်တို့က မအိပ်ရဲဘူး။ တက်လာပြီး မီးရှို့မှာစိုးလို့ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ကိုယ့်အိမ်ကိုယ် စောင့်နေရတယ်” လို့ သူက ပြောတယ်။
လေယာဉ်ပေါ်ကနေမြင်ရတဲ့ မီးခိုးအလိပ်လိုက် တက်နေတဲ့နေရာက အင်ဘာလာ ရပ်ကွက်လို့ ပြောတယ်။ အောင်မင်္ဂလာ ရပ်ကွက်လို့လည်း ခေါ်တယ်။ အဲဒီနေရာက ဘင်္ဂါလီရပ်ကွက်၊ ဟိန္ဒူရပ်ကွက်နဲ့ ရခိုင်-ဗမာ ရပ်ကွက် သုံးခု ဆုံနေတဲ့နေရာ။
မနက် ၁၀ နာရီလောက်မှာ ဘင်္ဂါလီ ၂ ဦးက ကိုယ့်အိမ်တွေကိုယ် မီးရှို့တယ်။ လေက ရခိုင်နဲ့ ဟိန္ဒူရပ်ကွက်တွေဘက် မတိုက်ဘဲ ဘင်္ဂါလီရပ်ကွက်တွေဘက် တိုက်နေတော့ ဘင်္ဂါလီအိမ်တွေကို မီးကူးကုန်တယ်။
နေ့လည် ၂ နာရီခွဲလောက်မှာ လုံထိန်းနဲ့ ကျောက်တော်က တပ်ရင်း ၃၇၆ ရောက်လာပြီးတော့ မီးဆက်မကူးအောင် လုပ်ဖို့ လောဆော်တယ်။ ရခိုင်၊ ဟိန္ဒူနဲ့ စစ်သားတွေ မီးဝိုင်းငြိမ်းကြတယ်။ ၁၅ မိနစ်လောက်ကြာမှ မီးသတ်ကားရောက်လာတယ်။
မီးလောင်ထားတဲ့ ဘင်္ဂါလီ ရပ်ကွက်ဘက်ကို ရခိုင်နဲ့ ဟိန္ဒူတွေ ကျွံမသွားအောင် စစ်တပ်က စည်းချထားတယ်။
မီးလောင်ထားတဲ့ အဆောက်အဦး ဟောင်းတွေထဲကနေ ဘင်္ဂါလီတွေက မကြာမကြာ သေနတ်နဲ့ လှမ်းပစ်နေတယ်။ တပ်က နယ်မြေရှင်းလို့ ရအောင် မီးလောင်ရပ်ကွက်ထဲ ဝင်ဖို့ ကြိုးစားတာ မရဘူး။ လမ်းပေါ်က ဆင်းတာနဲ့ လှမ်းလှမ်းပစ်နေတယ်။ ၃ နာရီလောက်မှာ မိုးစရွာပြီး မီးလည်း ငြိမ်းသွားတယ်။ အင်ဘာလာ ရပ်ကွက်ထိပ်မှာတော့ ရခိုင်တိုင်းရင်းသားနဲ့ တပ်ရင်း ၃၇၆ က စောင့်နေရတယ်။
နာရီဝက်ကို တခါလောက် သေနတ်နဲ့ လှမ်းပစ်နေတုန်းပဲ။ တပ်ရင်း ၃၇၆ က တပ်သားတဦး ကျည်ဆံသင့်တယ်။ စိုးရိမ်ရတဲ့ အခြေအနေမရှိဘူး။
သူတို့က သေနတ်နဲ့ ပစ်နေချိန်မှာ ကျနော်တို့မှာတော့ လေးဂွပဲ ရှိတယ်လို့ ရခိုင် လူငယ်တဦးကပြောတယ်။ ညနေဘက်မှာ မိုးက တောက်လျှောက်ရွာနေပေမယ့် လူူတွေကတော့ နိုးနိုးကြားကြားပဲ။ ဓားရှည်တွေ၊ လေးဂွတွေ၊ ဝါးချွန်တွေကိုပဲ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ့် လက်နက်အဖြစ် အားကိုးတကြီး ဆောင်ထားကြရတယ်။
မနေ့က မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ နေရာတွေက ရွာသာယာ၊ အင်ဘာလာ (ခ) အောင်မင်္ဂလာ၊ ပုံတန်းရပ်ကွက်နဲ့ နာဇီရွာတို့ ဖြစ်ပါတယ်။ ရွာသာယာမှာ ရခိုင်တိုင်းရင်းသား တဦး သေဆုံးခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ရုံးက အတည်ပြုပြောဆိုပါတယ်။
မီးရှို့ခံရလို့ နေအိမ်ဆုံးရှုံးသွားတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် စစ်တွေမြို့တွင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချထားပေးပေမယ့် ဘင်္ဂါလီတွေကတော့ ဘယ်ကို သွားကြမှန်း သူလည်း မသိဘူးလို့ RNDP က လွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။
မနေ့က နေ့လည် စစ်တွေကို ရောက်ကတည်းက ဘင်္ဂါလီတွေကို လုံး၀ မတွေ့ရသေးပါဘူး။ ဘင်္ဂါလီတွေဘက်က အခြေအနေနဲ့ ပတ်သက်လို့ အချက်အလက် သတင်းတွေရဖို့ တော်တော်ခက်ခဲ အခြေအနေ ဖြစ်ပါတယ်။ ။