ရခိုင်ပြည်နယ် အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သတ်ပြီး အစီရင်ခံစာများကို ချက်ချင်း မဖြေရှင်းနိုင်သော်လည်း အမှန်တရား ပေါ်ထွက်လာရေးအတွက် တတ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု ယမန်နေ့ညနေက ချက်ထရီယံ ဟိုတယ်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားသည်။
ယင်းကော်မရှင်သည် ရခိုင်ပြည်နယ်ကို နေရာအနှံ့ ရောက်ရှိခဲ့ပြီး ရခိုင်၊ မွတ်ဆလင် နှစ်ဦးနှစ်ဘက်နှင့်လည်း တွေ့ဆုံကာ စကားပြောခဲ့ပြီး ပဋိပက္ခ ဖြစ်စဉ်ကို အမှန် ဖော်ထုတ်လာစေရန် ကော်မရှင်အနေဖြင့် လုပ်ငန်းစဉ် အချက် ၈ ချက်ကို ရရှိခဲ့ကြောင်းသိရသည်။ ထွက်ပေါ်လာသည့် အစီရင်ခံစာကို နိုဝင်ဘာ ၁၆ ရက်နေ့ သမ္မတထံသို့ တင်သွင်းမည် ဖြစ်သည်။
ယမန်နေ့က ကျင်းပသည့် သတင်းစာဆွေးနွေးပွဲတွင် ရခိုင်ဒေသ ပဋိပက္ခ စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မျိုးမြင့်၊ သတင်းစာဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ ဒေါက်တာ
ကျော်ရင်လှိုင် ( Myanmar Egress)၊ ဘူမိဗေဒ ပါမောက္ခ ဒေါ်ရင်ရင်နွယ်တို့ ဦးဆောင် ဆွေးနွေးခဲ့သည်။
“ကော်မရှင်အနေနဲ့ စစ်တွေမြို့ကို စက်တင်ဘာ ၇ ရက်နေ့က စ ထွက်ခဲ့ပါတယ်။ ပဋိပက္ခ ဖြစ်တဲ့ နေရာကို ရောက်ခဲ့သလို ဖြစ်လုဆဲဆဲ နေရာတွေကိုလည်း ရောက်တယ်။ ပြီးတော့ လုံး၀ မဖြစ်တဲ့ နေရာတွေကိုပါ ရောက်ပါတယ်။ ဒါမှ အဲဒီနေရာက ဘာလို့ ပဋိပက္ခဖြစ်တယ်၊ အဲဒီနေရာက ဘာလို့မဖြစ်ဘူးလဲ ဆိုတာ သိရတာပေါ့” ဟု ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ဆိုသည်။
ယင်းကော်မရှင်သည် ပဋိပက္ခ ဒေသများအတွင်း ရခိုင်လူမျိုးများ နေထိုင်သည့် ဒုက္ခသည်စခန်းများ၊ မွတ်စလင်များ နေထိုင်သည့် ဒုက္ခသည် စခန်းများနှင့် ရခိုင်ရွာများ၊ မွတ်စလင်ရွာများရှိ ရပ်မိရပ်ဖများအား တွေ့ဆုံကာ သိလိုသည့် အချက်များကိုလည်း မေးမြန်း ခဲ့သည်ဟု သိရသည်။
“ကျနော်တို့က မွတ်ဆလင်တွေနဲ့ မတွေ့ခဲ့ဘူး ဆိုတဲ့ သတင်းက မှားပါတယ်။ ဗလီတွေ ကိုတောင်ဝင်ပြီး သိလိုတဲ့ဟာတွေ မေးခဲ့တယ်။ သူတို့ ခံစားနေတဲ့ဟာတွေကိုလည်း ကြားခဲ့ရပါတယ်။ မောင်းတော မြို့ပေါ်တင် မဟုတ်ဘူး၊ ခက်ခက်ခဲခဲ သွားရတဲ့ နေရာတွေလည်း ရောက်ပါတယ်” ဟု အနုပညာရှင် ကိုဇာဂနာက ဆိုသည်။
ရခိုင်ဒေသ ပဋိပက္ခ ပြဿနာ၏ အဖြေကို သမ္မတထံ တင်ရန် အခက်အခဲ ရှိနေသေးကြောင်း၊ အမြန် တင်မည်ဆိုပါက တိကျ မှန်ကန်မည် မဟုတ်သဖြင့် တိကျမှန်ကန်ရန်နှင့် ဘက်မလိုက်ဘဲ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ အဆိုပါ အစီရင်ခံစာကို ရခိုင်ဒေသ ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ရထားသည့် အချက်အလက်နှင့် Research လုပ်ထားသူများထံမှ ရရှိသော အချက်အလက်များကို သေချာစွာ စုဆောင်းပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ကော်မရှင်က သွားရောက်တဲ့အခါမှာ အခက်အခဲဘာမှ မရှိသလို အနှောင့်အယှက်လည်း မရှိပါဘူး။ လုံခြုံရေးတွေ တားမြစ်ထားတဲ့ နေရာတွေလည်း ရောက်ခဲ့ပါတယ်။ နှစ်ဘက်စလုံးမှာတော့ လုံခြုံရေး မရှိရင် ဘာတွေ ဖြစ်မှာလဲဆိုတဲ့ စိုးရိမ်မှုတွေတော့ ရှိတာပေါ့” ဟု ဆရာ ကော်မရှင်တွင် ပါဝင်သည့် ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောသည်။
အဆိုပါ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် စာသင်ကျောင်း အများစုမှာ လက်ရှိအချိန်အထိ ပိတ်ထားသေးကြောင်း၊ ပြဿနာကို အမြန်စုံစမ်းကာ အမှန် တည်ငြိမ်အေးချမ်းပြီး ကလေးများ ပညာအမြန် သင်ကြားနိုင်ရေး အတွက်လည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တခုလုံး၏ စစ်တမ်းကို ယူကာ အစီရင်ခံစာတွင် ထည့်သွင်းသွားမည်ဟု သိရသည်။
မောင်တောမြို့နေ လူနည်းစု ဖြစ်သော ဒေသခံ တိုင်းရင်းသားများသည် ၎င်းတို့၏ ဘ၀ ရေရှည် လုံခြုံရေး စိတ်မချသည့် အတွက် နေအိမ်များကို ရောင်းချခြင်း၊ စွန့်ခွာခြင်း တို့ပြုလုပ်ကာ လုံခြုံသည့် ဒေသများသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း၊ “အိမ်ရောင်းမည်” ဆိုသည့် ဆိုင်းဘုတ်များ နေရာအနှံ့ တွေ့နေရကြောင်း မြို့ခံများထံမှ သိရသည်။
စစ်တွေမြို့၌ ဒေသခံ တိုင်းရင်းသား ဒုက္ခသည် စခန်း ၃ ခုရှိပြီး ဘုန်းကြီးကျောင်း တချို့တွင်လည်း ရှိကြောင်း စုစုပေါင်း လူဦးရေ ၃၀၀၀ ဝန်းကျင် ရှိကြောင်း၊ ထို့အတူ ဘင်္ဂါလီ ဒုက္ခသည် စခန်း ၇ ခု၌ လူဦးရေ ၆ သောင်းကျော် ရှိကြောင်း၊ ၎င်းတို့ စားဝတ်နေရေးအတွက် ပြည်နယ်အစိုးရနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့က ပုံမှန် ထောက်ပံ့ပေးလျှက် ရှိကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်၌ သတင်းစာဆရာ မောင်ဝံသ၊ အနုပညာရှင် ကိုဇာဂနာ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဒေါက်တာအေးမောင်၊ ဒေါက်တာ ကျော်ရင်လှိုင် (Myanmar Egress)၊ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင် များ၊ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူငယ် သုတေသန ပညာရှင်များ ပါဝင်သည့် အဖွဲ့ဝင် ၂၇ ဦးဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် သမ္မတက တာဝန်ပေးအပ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထိုကော်မရှင်သည် ပဋိပက္ခနှင့်ပတ်သက်၍ အသေးစိတ် လေ့လာစစ်ဆေးနိုင်ရန် ဆပ်ကော်မတီ ၈ ခု ထပ်မံ ဖွဲ့စည်းထားပြီး အသီးသီး တာဝန်ယူထားသည့် ကဏ္ဍအလိုက် ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကြောင်း၊ စစ်ဆေးချက်များကို နိုဝင်ဘာလတွင်
နိုင်ငံတော် သမ္မတထံ တင်ပြရမည် ဖြစ်ကြောင်း၊ သတ်မှတ်ချိန်တွင် ပြီးစီးမှု မရှိပါက အချိန်အနည်းငယ် ထပ်မံယူနိုင်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် လာမည့် ၁ လအတွင်း ရခိုင်ဒေသများသို့ ထပ်မံ သွားရောက်ကာ စုံစမ်းစစ်ဆေး ပြုလုပ်ဦးမည် ဖြစ်ကြောင်း သတင်းစာဆရာ မောင်ဝံသက ပြောသည်။
ဇွန်လဆန်းမှ စတင်ခဲ့သော ရခိုင်ဒေတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ ၈၀ ခန့်၊ ဒဏ်ရာရသူ ၁၁၂ ဦး၊ လူနေအိမ် ၅၀၀၀ ဝန်းကျင်၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခုတို့ ပျက်စီးခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ဇူလိုင်လ ၃၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသမှ မသီတာထွေး အသတ်ခံရမှုနှင့် ဆက်စပ်၍ တောင်ကုတ်မြို့၌ လူ ၁၀ ဦး ထပ်မံ အသတ်ခံရသည့် ကိစ္စအား စုံစမ်းစစ်ဆေးရန် အာဏာပိုင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ကိုလည်း ဇွန်လက
ဖွဲ့စည်းခဲ့သေးသည်။
ထိုအဖွဲ့၌ ပြည်ထဲရေး ဒု ဝန်ကြီ ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု ရဲချုပ်၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် အထူးစုံစမ်းရေးအဖွဲ့ အကြီးအကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆ ဦးတို့ ပါဝင်သည်။ ယင်းအဖွဲ့သည် ၎င်းတို့၏ စစ်ဆေးတွေ့ရှိမှုများကို ဇွန်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံ
အစီရင်ခံ တင်ပြရမည်ဖြစ်ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
တောင်ကုတ် လူသတ်မှုနှင့် ဆက်စပ်၍ မြို့ခံ ၅၀ ဝန်းကျင်ကို ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသော်လည်း လူသတ်တရားခံ များကို ယနေ့အထိ တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးပေ။