ရခိုင်ပြည်နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကို ဒေသခံတချို့က ခြိမ်းခြောက်သည့်အတွက် ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ ရွှေ့ဆိုင်းထားရသည်။
စစ်တွေမြို့တွင် ရခိုင် ဗုဒ္ဓဘာသာဝင်တချို့က ပိုစတာများနှင့် လက်ကမ်းစာရွက်များ ဝေငှကာ ကျန်းမာရေးလုပ်သားများကို ခြိမ်း ခြောက်နေကြောင်း၊ ဒေသခံဝန်ထမ်းများမှာ ဒုက္ခသည်စခန်းများအတွင်းသို့ သွားရောက်ပြီး လူမျိုးရေး ပဋိပက္ခအတွင်းက ဒဏ်ရာရသူများကို သွားရောက်ကုသခြင်း မပြုနိုင်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။
MSF အဖွဲ့၏ မန်နေဂျာ ဂျိုးဗယ်လီဗျူး က“တဘက်နဲ့ တဘက် ဒီလောက်ရန်စောင်နေတာ တခါမှမတွေ့ဖူးဘူး၊ ဒါပေမယ့် ကျနော် တို့ ဆေးဝါး အထောက်အပံပေးတယ်ဆိုတာ နိုင်ငံရေး မဟုတ်ဖူး ဆိုတာတော့ နားလည်စေချင်တယ်”ဟု ဆိုကြောင်း New York Times သတင်းစာက ရေးသားသည်။
ယခုအခါ ဒုက္ခသည်စခန်းများ၌ ကလေးအများစုမှာ အဟာရချို့တဲ့နေပြီး၊ ငှက်ဖျားရောဂါများလည်း ဖြစ်ပွားမှုများပြားနေသည်ဟု ၎င်းကဆက်ပြောသည်။
MSF အဖွဲ့သည် မြန်မာအစိုးရ၊ အခြား ပြည်တွင်းအခြေစိုက် ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးနေသော အဖွဲ့များနှင့်အတူ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ကုသမှုများကို အခမဲ့ ပေးနေသော အဖွဲ့ဖြစ်သည်။
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ နှစ်ကြိမ် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေမှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး များနှင့် မူစလင်ဘာသာ ဝင်များအကြား တဖက်နှင့် တဖက် ယုံကြည်မှုကင်းမဲ့ကာ တင်းမာနေဆဲဖြစ်သည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ ရခိုင်တိုင်းရင်းသူ မသီတာထွေးအား လူ ၃ ဦးက အဓမ္မကျင့်ပြီး ပစ္စည်းယူ၊ လူသတ်မှုမှ စတင်ခဲ့ကာ လူမျိုးရေးပဋိပက္ခစတင်ဖြစ်ပွားခဲ့ရသည်။
ပထမအကြိမ် အဓိကရုဏ်းများဖြစ်ပွားသည့် ဇွန်လ ပဋိပက္ခအတွင်း သေဆုံးသူ ၅၀ ဦး၊ ထိခိုက်ဒဏ် ရာရသူ ၅၄ဦး၊ အဆောက် အအုံ ၂၂၃၀ ဆုံးရှုံးခဲ့ရသည်။
ထိုနောက် ဒုတိယအကြိမ် အောက်တိုဘာလအတွင်း ပဋိပက္ခများ တကျော့ပြန်ဖြစ်ပွားလာသည့်အတွက် သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ နေအိမ် ၅၃၅၁ လုံး မီးလောင်ခဲ့ပြီးနောက် လူဦးရေ ၃၂၂၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ရသည်။
ပဋိပက္ခများ ပိုမိုပြင်းထန်လာသည့်အတွက် ယခုအခါ ရခိုင်ပြည်နယ်ကို စစ်တပ်မှ အုပ်ချုပ်လျက် ရှိသည်။