ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ဖျားပိုင်း နယ်စပ်ဒေသ ကျေးရွာများမှ ကျောင်းသား ၂၀၀ ကျော်သည် ပညာ ဆက်လက် သင်ကြားနိုင်ရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
မောင်တောမြို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခ အကြမ်းဖက်မှုများ နောက်ပိုင်းတွင် လုံခြုံရေး အခြေအနေအရ အစိုးရကျောင်းများ ဖွင့်လှစ်ပညာ သင်ကြားနိုင်ခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသ ကျေးရွာများမှ ကျောင်းသား ၂၀၀ ကျော်ကို နံ့သာတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပရဟိတ ကျောင်းတခု ဖွင့်လှစ် သင်ကြားနေရကြောင်း၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမ ၂၃ ဦးတို့အတွက် စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း နံ့သာတောင် ကျောင်းဆရာတော်က ဧရာဝတီသို့ မိန့်ကြားသည်။
အစိုးရ ကျောင်းတချို့ ဖွင့်လှစ်ထားသော်လည်း လုံခြုံရေး စိတ်မချရသည့်အတွက် စာသင်ပေးမည့် ဆရာမရှိ သကဲ့သို့ မိဘများကလည်း မိမိတို့ သားသမီးများကို စိတ်မချကြောင်း၊ ထို့ကြောင့် အစိုးရကျောင်းများမှ ကျောင်းသားများသည် ဘုန်းတော်ကြီး ပရဟိတ စာသင်ကျောင်းသို့ ရောက်လာကြကြောင်း ပရဟိတကျောင်း တည်ထောင်ထားသည့် ဆရာတော် ဦးစရဏက မိန့်သည်။
“ကျောင်းသားက ၂၁၀ ဦးနဲ့ ဆရာ၊ ဆရာမ ၂၃ ဦး၊ သူတို့တွေရဲ့ နေ့စဉ် စားဝတ်နေရေး တာဝန်ယူပေးနေရတော့ တလကို ကျပ် ၁၀ သိန်း၊ ၁၁ သိန်းဝန်းကျင် ကုန်ကျနေတယ်။ ဆရာ၊ ဆရာမတွေကို လစာပေးဖို့နဲ့ အခု ဆောင်းတွင်းဆိုတော့ ကလေးတွေအတွက် အနွေးထည်၊ စောင်တွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု ဆရာတော်က မိန့် ကြားသည်။
မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၁၀ သည် မောင်တောမြို့နယ် မြောက်ဖျားပိုင်းရှိ နံ့သာတောင်၊ ကြိမ်ချောင်း၊ သိမ်ချောင်း၊ ပရိန်ကုန်း၊ သာယာကုန်း၊ သဘောၤလှ၊ တောင်ပြို စသည့်ကျေး ရွာများမှ ကလေးများဖြစ်ကြောင်း၊ အများစုမှာ ရခိုင်တိုင်းရင်းသား ကလေးများဖြစ်ပြီး၊ ရခိုင်မျိုးနွယ်စု ဒိုင်းနက် တိုင်းရင်းသားနှင့် တခြားတိုင်းရင်းသား ကလေးများလည်း ပါဝင်ကြောင်း၊ ထိုကျောင်း၏ အမည်ကို “နယ်စပ်ဒေသ ရခိုင် အမျိုးသား၊ အမျိုးသမီးများ ပညာဒါန ပရဟိတ ကျောင်း”ဟု အမည်ပေးထားကြောင်း သိရသည်။
“တရွာနဲ့တရွာက အလှမ်းဝေးတော့ ကလေးတွေကို လုံခြုံရေးအရ အိမ်မပြန်ခိုင်းဘဲ ကျောင်းမှာပဲ ကျောင်းအိပ်၊ ကျောင်းစား သင်ပေးထားတယ်။ ပညာသင်နှစ် တနှစ် မဆုံးရှှုံးစေချင်လို့ပါ။ အစိုးရကျောင်းတွေက ပုံမှန်ဖြစ်ဖို့ မလွယ်သေးဘူးလေ။ ဖွင့်ရင်လည်း စာသင်ရဲတဲ့ ဆရာ၊ ဆရာမ မရှိဘူးဖြစ်နေတယ်” ဟု ဦးစရဏက မိန့်သည်။
ထိုဒေသသည် မြို့နှင့်ဝေးလံသည့် နယ်စပ်ဒေသဖြစ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် လုံခြုံရေး အခြေအနေတို့ကြောင့် ပြည်တွင်း၊ ပြည်ပ အလှှုရှင်များ လာရောက်လှူဒါန်းနိုင်မှု မရှိကြောင်း၊ နိုင်ငံတကာ NGO အဖွဲ့များနှင့် နိုင်ငံတော် အစိုးရကလည်း ထောက်ပံ့ပေးမှု မရှိဟု သိရသည်။
ထို ပရဟိတကျောင်းကို မောင်တော အရေးအခင်းအပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် အရေးပေါ် ဖွင့်လှစ်ထားရသည့် အတွက် အစိုးရထံ အကူအညီတောင်းခံမှု မလုပ်ဆောင်ရသေးကြောင်း၊ လက်ရှိတွင် ပြည်ပရောက် ရခိုင်လူမှု အဖွဲ့အစည်းများမှ ကူညီထောက်ပံ့နေပြီး ပြည်တွင်းရှိ ရခိုင်လူမှုရေးအဖွဲ့တချို့၏ လှူဒါန်းငွေဖြင့် လည်ပတ်နေရကြောင်း ဆရာတော် ဦးစရဏက မိန့်သည်။
၎င်းက“ဒေသဆိုင်ရာတွေကို အကူအညီတောင်းတော့ ဒေသတပ်ဖွဲ့တခုက ဆန်အိတ် ၅၀ ကို တကြိမ် လာလှူ ဖူးပါတယ်”ဟု ဆိုသည်။
ဆရာ၊ ဆရာမ တဦးအတွက် တလလျှင် ထောက်ပံ့ငွေ ကျပ် ၃ သောင်းနှင့် ဆန်တအိတ်စီ ထောက်ပံ့ပေးထားကြောင်း၊ ဆရာ၊ ဆရာမ အများစုမှာ နီးစပ်ရာ မြို့နယ်၊ ကျေးရွာများမှ ဒေသခံများ ဖြစ်ကြောင်း ထိုကျောင်းတွင် စာသင်ပေးနေသူ ဆရာ ဦးဝင်းလှှိုင်က ပြောသည်။
မောင်တောဒေသ အကြမ်းဖက်မှုများကြောင့် ကလေးအများစုသည် စိတ်ပိုင်းရာ ထိခိုက်မှု ရှိခဲ့ကြကြောင်း၊ သို့သော် ယခုအခါ ပုံမှန်အနေအထားသို့ တဖြည်းဖြည်း ရောက်ရှိလာနေပြီ ဖြစ်ကြောင်း၊ ပညာသင်ကြားရေးတွင် အခက်အခဲများ ရှိနေသကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုလည်း မပေးနိုင်သေးကြောင်း သိရသည်။
“ဒီကျောင်းက ကလေးတွေမှာ စာသင်ဖို့ စာအုပ်စာတမ်း မပြည့်စုံတဲ့အပြင် အစစအရာရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ဆရာ ဦးဝင်းလှှိုင်က ဆိုသည်။
မောင်တောမြို့ အကြမ်းဖက်မှုသည် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ထိုအရေးအခင်း နောက်ပိုင်း အစိုးရကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် ဘုန်းတော်ကြီး ပရဟိတ ကျောင်းများ ဖွင့်လှစ်သင်ကြား ပေးနေရကြောင်း၊ မောင်တောမြို့၌ အလိုတော်ပြည့် ပရဟိတကျောင်း၊ ဗဟိုကျောင်း၊ သုံးမိုင် ပရဟိတ၊ ဇောတိကာရုံ ပရဟိတ စသည့်ကျောင်းများ ဖွင့်လှစ် သင်ကြားပေးထားရကြောင်း သိရသည်။