သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ညွှန်ကြား ရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦးကို မယူမနေရ အငြိမ်းစားပေးလိုက်ပြီး အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။
ယင်းသို့ အငြိမ်းစားပေးခြင်းနှင့် ဌာနပြောင်း အရေးယူမှုများကို ပြုလုပ်ခံရသော အစိုးရအရာရှိများသည် လာဘ်ပေး လာဘ်ယူမှုဖြင့် အတိုင်ကြားခံရခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲ နောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းကြောင့် ထိုသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သော သတင်းရပ်ကွက် ထံမှ သိရှိရသည်။
အငြိမ်းစား ပေးခံလိုက်ရသော အစိုးရဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။
“ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ တက္ကသိုလ် ပါမောက္ခချုပ်ရာထူး တာဝန်က ညွှန်ကြားရေးမှူးချုပ်နဲ့ အဆင့်တူညီတယ်။ အခု အငြိမ်းစား ပေးခံလိုက်ရတဲ့ ညွှန်ကြားရေးမှူးချုပ်တွေမှာ ဦးစံသောင်း၊ ဦးမြတ်မော်၊ ဦးကျော်ထူးနဲ့ ဦးအောင်မင်းတို့က အရင် တပ်က လာတဲ့ အငြိမ်းစား ဗိုလ်မှူးကြီးတွေ။ သူတို့ကို အဓိက အရေးယူတာကတော့ တိုင်စာတွေကို စိစစ်ရာက တကယ် လာဘ်ပေးလာဘ်ယူမှု တွေရှိတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း ကလည်း တိုင်စာ ကြောင့်ပဲလို့ သိရပါတယ်။ ခြုံငုံပြောရရင်တော့ တိုင်စာတွေ စိစစ်တဲ့အခါမှာ တကယ်ကျူးလွန် ကြောင်းတွေ့ရတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ နောက်ကြောင်း ပြန်လှည့်ချင်တာ” ဟု သမ္မတရုံးနှင့် နီးစပ်သူ တဦးက အတည်ပြုပြောသည်။
အစိုးရထိပ်တန်း အရာရှိကြီး ၆ ဦး ကို မတ်လ ၂၉ ရက်နေ့တွင် မယူမနေရ အငြိမ်းစား ပေးလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။
ထို့ပြင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ အပါအဝင် အစိုးရအရာရှိများ ၄၀ ကိုလည်း ဌာနပြောင်း အရေးယူမှုများ ပြုလုပ်ကြောင်း သိရှိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမြင့်ကို ယဉ်ကျေးမှု ဝန်ကြီးဌာန၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် အဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကို ကို ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် လည်းကောင်း၊ ညွှန်ကြားရေးမှူးအဆင့် အရာရှိ အများအပြား ကိုလည်း ဌာနပြောင်းရွှေ့ခြင်း များလုပ်ဆောင် ကြောင်း သိရှိရသည်။
“စီးပွားကူးသန်း ဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ခြောက်ဦးဆိုရင် သမဝါယမ ဝန်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာန၊ အလုပ်သမား နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန တွေကို ပို့ပစ်တယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ညွှန်ကြားရေးမှူးတွေလည်း ဌာနပြောင်းခံရတယ်။ တော်တော် များတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမ တွေလည်းပါတယ်။ အားလုံးပေါင်း ၄၀ ရှိတယ်” ဟု နိုင်ငံတော်သမ္မတရုံး အရာရှိတဦးက ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီမှ အဖွဲ့ဝင်တဦးကမူ “ကျနော် သိထား သလောက်တော့ သမ္မတက Reform Process ရဲ့ အစိတ်အပိုင်းတခုအဖြစ် ဒါကို လုပ်တယ်။ နောက်ပြီး သမ္မတရုံး ၂ ကလည်း ပြည်သူတွေဆီကလာတဲ့ တိုင်စာတွေအပေါ်မှာ စိစစ်အရေးယူမှု တွေလုပ်တယ်။ ဒီအရေးယူမှုက သမ္မတ လက်ထက်မှာ ကြီးမားတဲ့အရေးယူမှုတခုပါပဲ” ဟု သုံးသပ်သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အစိုးရအနေဖြင့် အစိုးရအရာရှိကြီးများကို ဖယ်ရှား ရှင်းလင်း ရာတွင် ပွင့်လင်းမြင်သာမှု အလွန်အရေးကြီး ကြောင်း ဆိုသည်။
“ဆက်သွယ်ရေးအရာရှိတွေ ဖမ်းတယ်၊ စစ်ဆေးတယ်။ ပြန်လွှတ်တယ်။ ဝန်ကြီးကို ဖြုတ်ပစ်တယ်။ ဘာကြောင့် ဘယ်လို အရေးယူမလဲ ဘာမှ သေသေချာချာ ရေရေရာရာ မရှိဘူး။ အခုလည်း ညွှန်ချုပ်တွေ ဖြုတ်တယ်၊ အငြိမ်းစား ပေးခံရတယ် ဆိုတာ သတင်းသမား တွေက လိုက်စုံစမ်းလို့သာ သိရတာ။ တကယ်တမ်းက အစိုးရက ဒါမျိုးတွေ ထုတ်ပြန်ပေးရမှာ။ ဒါမှ နောက်ဖြစ် လာမယ့် အစိုးရအရာရှိတွေ မလုပ်ရဲဖြစ်မှာ။ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကလည်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအပါအဝင် ဆက်သွယ်ရေး အရာရှိအချို့ကို လာဘ်ပေးလာဘ်ယူဖြင့် ရာထူးမှ ဖယ်ရှားခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်။