ကချင်ပြည်နယ် ဖားကန့်မြို့နယ် တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် လက်ရှိဖြစ်ပွားနေသော ထိုးစစ်များ ချက်ချင်းရပ်တန့်ပေးရန် အစိုးရနှင့် နှစ်ဘက်တိုက်ပွဲ တာဝန်ရှိသူများထံ မြို့ခံ ဘာသာရေးအဖွဲ့ ခေါင်းဆောင်များ၊ လူမှုကူညီရေးအသင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများမှ ယခုလဆန်းပိုင်းက စာပေးပို့တောင်းဆိုလိုက်ပြီဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်းများ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်းများနှင့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များထံ ဖားကန့်ဒေသခံလူထုကိုယ်စား အထက်ပါ အသင်းအဖွဲ့ ခေါင်းဆောင် ၅၀ ဦးက လက်မှတ်ထိုး တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“နှစ်ဘက် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ အိုးအိမ်စည်းစိမ်များစွန့်၍ တိမ်းရှောင်နေရခြင်း၊ စစ်ဘေးတိမ်းရှောင်သူ များပြားလာသည်နှင့်အမျှ ကျွေးမွေးထောက်ပံ့ရန် ခက်ခဲလာခြင်း၊ တိုင်းရင်းသားပြည်သူများ ရှာဖွေစားသောက်ရန် ခက်ခဲလာခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရသဖြင့် ကလေးသူငယ်များ ပညာရေးနှောင့်နှေးခြင်း၊ ဒုက္ခသည်စခန်းများတွင် ခက်ခဲကြပ်တည်းစွာ နေထိုင်ရခြင်းတို့ကြောင့် စစ်မက်ဖြစ်ပွားမှု ရပ်တန့်ပေးပါရန်” ဟု တောင်းဆိုထားကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIO တို့အကြား ယခင်နှစ် ဇွန်လပိုင်းမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ဖားကန့်မြို့နယ်တွင်းသို့ ယခင်လကုန်ရက်ပိုင်းက ကူးဆက်လာခဲ့ပြီး ပြင်းထန်သည့် ထိုးစစ်များကြောင့် ဒေသခံ ၈ ထောင်ကျော်မှာ ဖားကန့် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များထံတွင် ခိုလှုံခဲ့ကြရသည်။
ထို့ကြောင့် ယင်းအသင်းအဖွဲ့ ခေါင်းဆောင်များက ဒေသခံပြည်သူများကိုယ်စား သက်ဆိုင်ရာ ဌာနအသီးသီးထံ ယခုကဲ့သို့ တောင်းဆိုမှု ပြုလုပ်နိုင်ရေးအတွက် “ဖားကန့်ဒေသ စစ်မက်ဖြစ်ပွားမှု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့” ဖွဲ့စည်းကာ လက်မှတ်ထိုး တောင်းဆိုလိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။
စစ်မက်ဖြစ်ပွားမှု ရပ်တန့်ပေးရေး တောင်းဆိုချက်ကို တိုက်ပွဲဖြစ်ပွားမှု၏ အဓိကအဖွဲ့များနှင့် အစိုးရဌာန အသီးသီးသို့ ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့သဖြင့် အစိုးရအပါအဝင် ထိုအဖွဲ့များအနေဖြင့် လူထု၏ တည်ငြိမ်အေးချမ်းမှုရရှိရန် လိုက်နာမည်ဟု တောင်းဆိုသူများက မျှော်လင့်နေကြသည်။
အစိုးရတပ်အနေဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ကာကွယ်ရေး ဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန်က ယခုနှစ်ဆန်းပိုင်းတွင် ညွှန်ကြားခဲ့သော်လည်း အစိုးရတပ်က ရပ်တန့်ပေးခြင်းမရှိဘဲ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။
သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ဖားကန့်မြို့နှင့် ၄ မိုင်ခန့်အကွာတွင် အစိုးရတပ်များနှင့် KIA တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားရာ အနီးမှ ဝေအောင်ကမ္ဘာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ၏ ယမ်းဂိုဒေါင်ကို ထိမှန်ကာ ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး ဖားကန့်မြို့အပါအဝင် ၁၀ မိုင် ဝန်းကျင်အတွင်း တုန်လှုပ်ခြောက်ခြားမှု ဖြစ်သွားစေခဲ့ကြောင်း ဘာသာရေးခေါင်းဆောင်များက ပြောသည်။
ထိုပေါက်ကွဲမှုကြောင့် ရှေ့တန်းစစ်မြေပြင်ရှိ အစိုးရ ခလရ ၂၆၉ တပ်ရင်းမှ တပ်အင်အား ၇၀ ကျော်ကျဆုံးခဲ့ပြီး KIA တပ်ဖွဲဝင် အချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ကုမ္ပဏီအနီးရှိ စိုင်းဂျာဘုံ၊ ဗလခ၊ မြောက်ဖြူ၊ ရှရှော်ခ စသည့် ကျေးရွာများအတွင်း ကျောက်ခဲစများ လွင့်စင်ခဲ့သည့်အတွက် နေအိမ်များပျက်စီးခဲ့ကြောင်း၊ ရွာခံများမှာ ယင်းပေါက်ကွဲမှု မတိုင်မီ မြို့ပေါ်သို့ တိမ်းရှောင်ပြီးဖြစ်သဖြင့် ထိခိုက်မှုမရှိခဲ့ဟု ဗလခ ရွာခံ NLD ပါတီဝင် တဦးက ဆိုသည်။
ဖားကန့်မြို့ခံ ခရစ်ယာန် အသင်းအုပ်ဆရာတဦး က “ပေါက်ကွဲမှုတွေ၊ ပစ်ခတ်သံတွေက ရွာတွေတင်မကဘူး၊ ကျနော်တို့ ဖားကန့်မြို့တောင် မလုံခြုံတော့ဘူး။ ဒုက္ခသည်တွေလည်း အရင်အတိုင်း အေးအေးချမ်းချမ်း ဖြစ်ဖို့လိုတယ်။ ဟိုတနေ့က ပေါက်ကွဲမှုဖြစ်ပြီးတော့ ဒုက္ခသည်တွေကို စားဝတ်နေရေး အကူအညီတချို့ ပေးနေတဲ့ လောပန် (သူဌေး) တွေတောင် ဖားကန့်မှာ မနေရဲလို့ အောက်ပြန်ဆင်းကုန်ကြပြီ။ ဒါကြောင့် ဒုက္ခသည်တွေကို ရေရှည်ကူညီနိုင်ဖို့ မလွယ်ဘူး” ဟု ပြောသည်။
ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်း ၂၃ ခုတွင် ခိုလှုံနေကြသော ဒုက္ခသည်များမှာ ယခုလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်အခဲများပါ စတင် ကြုံတွေလာနေကြရကြောင်း ငှက်ပျောတော ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဦးတူးဂျာက ပြောသည်။
KIO နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ်ပွားလျက်ရှိရာ ဒေသခံ ၅ သောင်းကျော် အိုးအိမ် တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်ရင်းသို့ မပြန်နိုင်ကြသေးဘဲ ဖြစ်နေကြသည်။
ထို့အတူ မိုးညှင်းခရိုင် တောတောင်များအတွင်း၌လည်း ခြေသလုံးအိမ်တိုင်ဘဝဖြင့် ရွှေ့ပြောင်းခိုလှုံ နေရသူများလည်းရှိပြီး အိမ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ကချင်ဒုက္ခသည်စခန်းများ ကော်မတီက ပြောသည်။
တရုတ်နိုင်ငံထဲသို့ သွားရောက်ခိုလှုံနေသည့် ကချင်စစ်ရှောင် ဒုက္ခသည်များမှာလည်း သြဂုတ် ၂၂ ရက်မှ စတင်ကာ တရုတ်အာဏာပိုင်များက မြန်မာနိုင်ငံထဲသို့ အဓမ္မ ပြန်လည် ပို့ဆောင်ခြင်း ခံနေရသည်။