ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည် စခန်းများရှိ ဒုက္ခသည် တသိန်း နှစ်သောင်းခန့်သည် တနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြန် ရနိုင်ဖွယ်ရှိကြောင်း ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ(NSC)က ကြာသပတေး နေ့တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
ဒုက္ခသည် အရေးနှင့် ပတ်သက်၍ လွန်ခဲ့သည့် သီတင်းပတ်က NSC မှ တာဝန်ရှိသူများ နေပြည်တော် သို့သွားရောက်၍ မြန်မာ အစိုးရ သမ္မတရုံး ဝန်ကြီးတဦး ဖြစ်သည့် ဦးအောင်မင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်းလည်း NSC ၏ ကြေညာချက်တွင် ပါရှိသည်။
“တနှစ် အတွင်း အဆင်သင့် ဖြစ်စေဖို့ ပြန်လည် နေရာချထားရေး အတွက် အိမ်ရာများ၊ အဆောက် အအုံများ ဆောက်လုပ်ရန်ပြင်ဆင် နေရင်း နယ်စပ် တလျှောက် မြေမြှုပ်မိုင်း ရှင်းလင်းရေး တွေလည်း မြန်မာက လုပ်ဆောင်နေပါပြီ”ဟု NSC အထွေထွေ အတွင်း ရေးမှူး Wichean Potephosree က ဆိုသည်။
Wichean Potephosree အနေဖြင့် ဝန်ကြီး ဦးအောင်မင်းကို ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အတွက် အလုပ်အကိုင်များ၊ သက်မွေးဝမ်းကျောင်း သင်တန်းများ ကူညီမှုပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။
နေရပ်သို့ ပြန်လာ နေထိုင်မည့် ဒုက္ခသည်များ အလုပ်အကိုင်ရရှိစေရေး အတွက် ထိုင်း ဘက်က စက်ရုံ အလုပ်ရုံများ တည်ဆောက် ရင်းနှီးမြှုပ်နှံရန် မြန်မာဘက်က လိုးလားလျက်ရှိသည်ဟုလည်း NSC ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးပမ်းနေစဉ် ဒုက္ခသည်များ၊ ပြည်တွင်း ရွှေ့ ပြောင်း ဒုက္ခသည်များ(IDPs) ပြန်လည် နေရာချထားရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဓိက ကိစ္စတရပ် အနေဖြင့် ထည့်သွင်း လုပ်ဆောင်နေကြောင်းလည်း သိရသည်။
အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့(HRW)ကမူ မြန်မာနိုင်ငံမှ ဒုက္ခသည်များ အပါအဝင် နိုင်ငံ ရေး ခိုလှုံသူများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၏ ဆောင်ရွက်မှုသည် အားနည်းချက်များ ရှိကြောင်း ဝေဖန် ပြောဆိုလိုက်သည်။
HRW အဖွဲ့၏ ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် “Ad Hoc and Inadequate: Thailand’s Treatment of Refugees and Asylum Seekers” အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။
“ထိုင်းနိုင်ငံ အနေနဲ့ သူတို့ဆီမှာ ခိုလှုံခွင့်တောင်းခံမှု လုပ်နေကြတဲ့ ဒုက္ခသည်တွေကို မျှတတဲ့အခွင့်အရေး တခုပေးပြီး ထောက်ပံ့ ကူညီသင့်တယ်၊ နောက် သူတို့ကို အလုပ်သွားလုပ်ခွင့်လည်း ပေးသင့်တယ်”ဟု HRWအဖွဲ့မှ ဒုက္ခသည်များဆိုင်ရာ ညွန်ကြားရေး မှူး Bill Frelickက ဆိုသည်။
ဒုက္ခသည်များ ဆိုင်ရာ မူဝါဒတွင်လည်း အမျိုးသားရေး အတွက် ဦးစားပေး၍ အသုံးချပြီး ဖမ်းဆီးမှုများ၊ သက်ဆိုင်ရာ နိုင်ငံသို့ ပြန် လည် ပို့ဆောင်မှုများ ပြုလုပ်လျက် ရှိကြောင်းလည်း HRW ၏ စာမျက်နှာ ၁၅၀ ကျော်ပါ အစီရင်ခံစာတွင် ပါရှိသည်။
“ထိုင်းဟာ မြန်မာပြည် တိုးတက်မှု အခြေအနေ စောင့်ကြည့်နေတဲ့ တပြိုင်နက် ဒုက္ခသည်တွေကို အတင်း ပြန်ပို့တာ မဖြစ်သင့်ဘူး။ ဒါကြောင့် မြန်မာဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှု ရှိစေရေး ဘယ်လို အကောင်းဆုံး ပြင်ဆင်မလဲဆိုတာ အခုချိန်ဟာ ထိုင်း တာဝန် ရှိသူတွေ အတွက် မဟာဗျူဟာ ကျကျ၊ သေချာ စဉ်းစားရမယ့် အချိန်ကောင်း တခုပါ”ဟု Bill Frelick က ဆက်ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်း အဖွဲ့(TBBC)မှ ညွန်ကြားရေးမှူး Duncan McArthur ကလည်း “သူတို့(ဒုက္ခသည်တွေ)ထိုင်း နိုင်ငံထဲမှာ ရှိနေသမျှ ကာလပတ်လုံး သူတို့ကို အကူအညီ ပေးဖို့၊ အကာအကွယ်ပေးဖို့ အတွက် ဒုက္ခသည် ဆိုင်ရာ အခွင့်အရေးတွေ ကို ဆက်လက်မြှင့်တင်ပေးနေဖို့ ကျနော်တို့ ဒီမှာရှိနေဦးမယ်”ဟု ဧရာဝတီသို့ ပြောကြားသည်။
TBBC အနေနှင့် အချိန်မရွေး ထိုင်းနိုင်ငံထဲက ထွက်သွားမည်ဟု မဆိုလိုကြောင်း မြန်မာ အစိုးရအနေဖြင့်လည်း ဒုက္ခသည်များ အဆင် ပြေ ချောမွေ့စွာ နေရပ်ပြန်လည် နေထိုင်နိုင်ရေးတို့ကို ညှိနှိုင်း ဆောင်ရွက်မည်ဟု အာမခံထားကြောင်းလည်း ၎င်းက ဆို သည်။
Duncan McArthur သည် မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် သီတင်းပတ်က သွားရောက်လည်ပတ်ခဲ့သူ ဖြစ်သည်။
ယင်း ဒုက္ခသည်များကို TBBC က အခြေခံ စားနပ်ရိက္ခာများ ဖြစ်သည့် ဆန်၊ ပဲ၊ ငါးပိ၊ ဆား အစရှိသည် တို့ကို ထောက်ပံ့ပေးခဲ့ပြီး အစိုးရ မဟုတ်သော(NGO) လူမှု အဖွဲ့အစည်းများက ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ ထောက်ပံ့ ပေးထားကြောင်း သိရသည်။
TBBC သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်းစာနာမှု အကူအညီများပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့များ စုစည်းထားသော အဖွဲ့တဖွဲ့ ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည် တသိန်း ခြောက်သောင်း ခန့် ရှိကြောင်း ကူညီ ကယ် ဆယ် ရေးနှင့် အထောက်အပံ့ပေးရေး အဖွဲ့များ၏ စာရင်းအရ သိရသည်။
အဆိုပါ စခန်းများမှာ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လဦး၊ မယ်ရာမို၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း စသည့် ဒုက္ခသည် စခန်း ၇ ခုနှင့် ကရင် နီ စခန်း အမှတ် (၁)၊ အမှတ် (၂) စခန်းတို့ ဖြစ်ကြောင်း သိရသည်။ ထိုဒုက္ခသည်များသည် ၁၉၈၃ မှစတင်၍ မြန်မာ အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။
ကရင်နီ ဒုက္ခသည် စခန်းမှ ဒုက္ခသည် တချို့သည် နေရပ်ပြန်သွာကြပြီး အမျိုးသား မှတ်ပုံတင် ပြုလုပ်ရန်အတွက် ပြည်နယ် အစိုးရ ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ကန္တာရဝတီတိုင်းမ် သတင်းတွင် ယခုလ ၁၂ ရက်နေ့က ဖော်ပြထားသည်။