သွေးထိုးလှုံ့ဆော်မှုများနှင့် အကြမ်းဖက်မှုများကို လုံးဝ လက်မခံသကဲ့သို့ တတ်အားသရွေ့ တားဆီး ကာကွယ်နေကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ယနေ့ ပြောဆိုလိုက်သည်။
“သဘောထားအရ သွေးထိုးလှုံ့ဆော်မှုနဲ့ အကြမ်းဖက်မှုတွေကို လက်မခံဘူးဆိုတာ သေချာပြီ။ ဒါပေမယ့် လက်မခံဘူးဆိုပြီး ငုတ်တုတ် ထိုင်နေလို့ မရဘူး။ ကျနော်တို့ စွမ်းအားရှိသမျှ တားဆီး ကာကွယ်နေပါတယ်။ လက်တွေ့ကျကျလည်း လုပ်ပါတယ်။ ဥပမာဆိုရင် ပြည်မြို့ကို အကြမ်းဖက်တဲ့ သူတွေ သွေးတိုးစမ်းတာ ၂ ကြိမ်ရှိပါပြီ။ ပြည်မြို့မှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းပါတယ်။ အဲဒီမှာ ကျနော်တို့ ၈၈ အဖွဲ့နဲ့ တခြားသော လူမှု အဖွဲ့အစည်းတွေ အားလုံး သွေးစည်းညီညွတ်ပါတယ်။ ဒေသန္တရ အုပ်ချုပ်ရေးကပါ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ လက်တွဲလိုက်တဲ့အခါ ပြည်မြို့ဟာ လုံခြုံအေးချမ်းနေပါတယ်။ တခြားမြို့တွေကိုလည်း အဲဒီပုံစံအတိုင်း ချိတ်ဆက်လုပ်ဖို့ ကြိုးစားနေပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောသည်။
မိတ္ထီလာ ပဋိပက္ခများမှ အစပြု၍ လတ်တလော ဖြစ်ပေါ်နေသော အဓိကရုဏ်းများ၊ တရားဥပဒေမဲ့ လုပ်ရပ်များ နှင့်ပတ်သတ်ပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်) က အချက် ၇ ချက်ပါ သဘောထားထုတ်ပြန်ချက် တရပ်ကို မတ်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ယနေ့ ၂၈ နေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။
“ဒီထုတ်ပြန် ကြေငြာချက်ပါ သဘောထားဟာ နဂိုကတည်းက ကိုင်စွဲထားတဲ့ မူဝါဒပါ။ ဒီနေ့လည်း ဒီမူဝါဒပါ။ နောင်လည်း ဒီမူဝါဒကိုပဲ ကိုင်စွဲထားမှာ ဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်း ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးဟာ အရေးတကြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုလို့ ကျနော်တို့ ခံယူထားပါတယ်” ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုဂျင်မီက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားသည်။
ထုတ်ပြန်ကြေငြာချက်တွင် မတူညီသည့် ဘာသာဝင်များ အကြား သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများအား ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် လုံး၀ လက်မခံကြောင်း၊ နိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရာတွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ ဒေသအသီးသီးရှိ ဘာသာရေး၊ လူမှုရေး၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ စုစည်းညှိနှိုင်း၍ ပဋိပက္ခ ကြိုတင် တားဆီးရေး ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် တိုက်တွန်းကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသား အမျိုးသမီး အင်အားစုများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ စာရေးဆရာမ သန်းမြင့်အောင်၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ကျောင်းသားအဖွဲ့ တချို့နှင့် စာရေးဆရာများ ပါဝင်သောအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ပဲခူးတိုင်း အနောက်ပိုင်းရှိ မြို့နယ်များသို့ သွားရောက်လျှက် ရှိကြောင်း သိရသည်။
လတ်တလော ဖြစ်ပေါ်နေသော အဓိကရုဏ်းများ၊ တရားဥပဒေမဲ့ လုပ်ရပ်များ အမြန်ဆုံးရပ်တန့်၍ သေဆုံးထိခိုက် ဒဏ်ရာရသူများအား ကူညီစောင့်ရှောက်ရန် ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံတော် ဌာနဆိုင်ရာ တာဝန်ရှိသူများ နိုင်ငံရေး ပါတီ အဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက် နှိုးဆော် တိုက်တွန်းကြောင်းလည်း ကြေငြာချက်တွင် ဖော်ပြပါရှိသည်။
မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် လူဦးရေ ၄၀ ကျော် သေဆုံးခဲ့ကာ လူပေါင်း ၁ သောင်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ယခုအခါ အဓိကရုဏ်းများသည် ပဲခူးတိုင်း အနောက်ခြမ်း မြို့များဖြစ်သည့် ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ နတ္တလင်း စသည့် မြို့များသို့ ပြန့်နှံ့လျှက်ရှိသည်။