မြန်မာ့ဆန်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်က လက်ရှိအချိန်တွင် ဆန်ဝယ်ယူသည့် တခြားနိုင်ငံများထက် ဈေးနှုန်းပိုပေးကာ မူဆယ်နယ်စပ်မှတဆင့် အများဆုံး ဝယ်ယူလျက်ရှိနေသည်။
ယခင်က မြန်မာ့ဆန်များကို ပုံမှန်မှာယူလျက်ရှိသည့် အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံများက လက်ရှိတွင် မြန်မာ့ဆန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ဝယ်ယူရန် စဉ်းစားနေကြသော်လည်း ယူနန်ပြည်နယ်မှ ဆန်ကုန်သည်များက ပြည်တွင်းဆန်များကို တခြားနိုင်ငံများထက် ဈေးနှုန်းပိုပေးကာ မြန်မာ-တရုတ် နယ်စပ်မှတဆင့် ဝယ်ယူလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းမှ ပြောကြားသည်။
ဆန်ကုန်သည်များအဆို ပြည်ပသို့ ဆန်တင်ပို့ရာတွင် FOB ၃၉၀ ဒေါ်လာ ရရှိမှသာ အရင်းကျေနိုင်မည်ဖြစ်ပြီး ယင်းဈေးမှာ ဗီယက်နမ် ဆန်ဈေးနှင့် ညီသောကြောင့် ဆန်အရည်အသွေးအရ မြန်မာက မယှဉ်နိုင်ပေ။ သို့သော် ယူနန်ပြည်နယ်က မြန်မာ ဧည့်မထ တတန်လျှင် ဒေါ်လာ ၄၆၀ ဖြင့် ပေးဝယ်နေသည်ဟု သိရသည်။
လက်ရှိတွင် ယူနန် ပြည်နယ်သို့ ဆန်တင်ပို့မှုမှာ တန်ချိန် နှစ်သိန်းကျော်ရှိပြီး ဈေးပိုရခြင်းကြောင့် ပြည်တွင်း ဆန်ကုန်သည်များက အခြားနိုင်ငံများထက် တရုတ်နိုင်ငံသို့သာ တင်ပို့လိုကြကြောင်း သိရသည်။ ဆန်ဟောင်းကုန်ကာ ဆန်သစ်ပေါ်ချိန် နီးနေသဖြင့် ဈေးနှုန်း တက်ခြင်းမှာ ဖြစ်နေကြဟု ဆန်ကုန်သည်များက သုံးသပ်ကြသည်။