ဈေးအရောင်း အဝယ်တခုကနေ စတင်ခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်းတွေ စဖြစ်လာပြီးနောက် မတ်လ ၂၁ ရက်နေ့မှာ မန္တလေးကနေ မိတ္ထီလာမြို့ကို သွားတဲ့ ကား ၃ စီးပဲ တွေ့ရပါတော့တယ်။ မနက် ၈ နာရီကျော်လောက် မန္တလေးကနေ ထွက်လာပြီး မိတ္ထီလာကို နေ့လည် ၁၁ နာရီလောက် ရောက်တဲ့အခါ မိတ္ထီလာမြို့ အဝေးပြေးဝင်းအထိ ကားတွေ ဝင်လို့ မရတော့ပါဘူး။
အဲဒီမြို့နားက အထက်တန်းကျောင်းပေါက်ဝထိပ်မှာပဲ ကာတွေက ရပ်ပေးပါတယ်။ ကားပေါ်က ဆင်းဆင်းချင်း အဲဒီနားမှာ ကားတချို့ကို မီးရှို့ဖျက်ဆီးထားတာကို စမြင်လိုက်ရတယ်။ အဝေးမှာ မီးလောင်နေလို့ မီးခိုးလုံးတွေ တက်နေတာကိုလည်း ကားပေါ်က ဆင်းပြီးတာနဲ့ လှမ်းမြင်နေရတယ်။
အပျက်အစီးတွေကို ဓာတ်ပုံ မှတ်တမ်းရိုက်ကူးနေစဉ် ဆုံမိတဲ့ ဒေသခံတဦးကို အကူအညီတောင်းပြီး သူ့ဆိုင်ကယ်နဲ့ အဝေးပြေးကားဝင်း ဘက်ကို ထွက်လာတော့ ခုန မီးခိုးတွေ ထွက်နေတဲ့ နေရာက မိတ္ထီလာ ခရိုင် စာရင်းစစ်ရုံးဖြစ်နေပါတယ်။ အဲဒီမီးလောင်ရာနဲ့ မလှမ်းမကမ်းမှာ လူအုပ်စုတစုလည်း ရှိနေပါတယ်။
အဲဒီအချိန်မှာပဲ မွတ်စလင် ဖြစ်ပုံရတဲ့ အမျိုးသား ၃ ဦး ဦးဆောင်တဲ့ ကလေးနဲ့ အမျိုးသမီးတွေ အပါဝင် လူ ၃၀ လောက်ဟာလည်း ကားလမ်းအတိုင်း ထွက်ခွာသွားနေတာကို မြင်ရပါတယ်။ ခုနက လူအုပ်ကတော့ ရန်ပြုတာမျိုး မတွေ့ရပါဘူး။
စာရင်းစစ်ရုံးဝန်းကျင် မီးလောင်နေတာကို ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်တော့ ရဲ၊ မီးသတ် စတာတွေ တဦးမှ ရှိမနေတာကို သတိပြုမိပါတယ်။ မီးကတော့ အရှိန်အဟုန်နဲ့ လောင်နေပါတယ်။
မီးလောင်တဲ့ ဝန်းကျင်က ဒေသခံတွေကို မေးကြည့်တော့ ဒီ စာရင်းစစ်ရုံး အနောက်ဘက်က မွတ်စလင် အိမ် ၂ အိမ် မီးလောင်ရာကနေ မီးတွေ ကူးကုန်တာလို့ ပြောကြပါတယ်။ ဘယ်သူက ရှို့သလဲမေးတော့ သူ့တို့ဖာသာ ရှို့ပြီး ထွက်ပြေးတော့ အိမ်နီးချင်းတွေက လိုက်ရိုက်ကြတယ်လို့ ပြောပေမယ့် တကယ်ပဲ ဒီအတိုင်း ဟုတ် မဟုတ် အတည်ပြုနိုင်တဲ့ အခြေအနေ မပေးဘူး ဖြစ်နေပါတယ်။
အဲဒီလိုနဲ့ ဓာတ်ပုံ ဆက်ရိုက်နေတုန်း တုတ်တွေ၊ ဓားတွေ ကိုင်ထားတဲ့ လူတစု ပေါက်ချလာပြီး ရန်ပြုမယ့် အရိပ်အယောင်တွေ တွေ့ရပါတယ်။ ကျနော်က သတင်းထောက်ပါလို့ ရှင်းပြပေမယ့် ကျနော့် ကင်မရာကိုပါ ရိုက်ခွဲမယ်လို့ ပြောလာပါတယ်။ ကျနော်က ပြေလည်အောင် တောင်ပန်ပြီး အဲဒီနေရာက အမြန် ထွက်ခွာခဲ့ပါတယ်။ ရှေ့ဆက်ဖို့လည်း မရေရာသေးတာကြောင်း အနီးက အိမ်တအိမ်မှာ ခွင့်တောင်းပြီး ဝင်ရောက် ခိုလှုံရပါတယ်။
ခိုလှုံနေတဲ့ အိမ်ကနေ လှမ်းကြည့်တော့ မွတ်စလင် လူတစုနဲ့ ဗုဒ္ဓဘာသာဝင် လူတစုတို့ အဝေပြေးကားဝင်းကို သွားတဲ့ လမ်းပေါ်မှာ ရင်ဆိုင်တွေ့နေကြတာကို မြင်ရပါတယ်။ သေချာ မမြင်ရလို့ အိမ်ထဲကနေ ထွက်ကြည့်တော့ တဖက်နဲ့တဖက် အပြန်အလှန် ခဲတွေ၊ တုတ်တွေနဲ့ ပစ်ကြတာလောက်ကလွဲပြီး ဆိုးဆိုးဝါးဝါး တိုက်ခိုက်ကြတာမျိုးတော့ မတွေ့ရပါဘူး။
အပြင်မှာ အကြာကြီးထွက်ကြည့်လို့ မဖြစ်တာနဲ့ အိမ်ထဲပြန်ဝင်ခဲ့ရပါတယ်။ နောက်ပိုင်းတော့ ခုနက ရင်ဆိုင်နေတဲ့ လူနှစ်စု အုပ်စုကွဲသွားကြောင်း သိရပါတယ်။ ဗုဒ္ဓဘာသာလူစုက ကားဝင်းရဲ့ ဆန့်ကျင်ဘက်ကို ထွက်ခွာသွားပါတယ်။
အဲဒီအချိန်မှာပဲ ကားဝင်းအနီးမှာ မီးလောင်နေတာကို မြင်ရပြီး အဲဒီနေရာက မိတ္ထီလာမြို့ နာရီစင်အနီး ဗလီတခုလို့ သိရပါတယ်။
ခိုလှုံတဲ့အိမ်မှာ ၄ နာရီလောက် ကြာပြီးနောက် မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းကို ထွက်လာခဲ့ပါတယ်။ ရဲစခန်းရောက်တော့ ကျနော်တို့ သွားရေးလာရေးအတွက် အကူအညီတောင်းပါတယ်။ ဒါပေမယ့် ရဲတွေကိုယ်တိုင်က စခန်းကနေ အပြင်ကို သိပ်မထွက်ရဲ ဖြစ်နေလို့ အကူအညီမပေးနိုင်ဖြစ်နေပါတယ်။
လုံခြုံရေး အကူအညီတောင်းချင်ရင် ခရိုင်ရဲတပ်ဖွဲ့ဆီမှာ သွားတောင်းဖို့ ပြောတော့ မိတ္ထီလာမြို့ အနောက်ဘက်ပိုင်းက ခရိုင်ရဲတပ်ဖွဲ့ရုံကို ဆက်သွားရပါတယ်။ ခရိုင်ရုံးရောက်တော့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ရောက်နေပြီး အစည်းအဝေးလုပ်နေတယ်လို့ သိရပါတယ်။
အဲဒါနဲ့ ခရိုင်ရုံးထဲက ပြန်ထွက်လာပြီး မြို့ အနောက်ဘက်ခြမ်းကို ဆက်ထွက်လာခဲ့ပါတယ်။ ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ ကိုက် ၁၀၀ အကွာလောက်မှာ သံဃာတချို့နဲ့ လူတစုက လာသမျှ ကားတွေကို တားပြီး စစ်ဆေးနေပါတယ်။ သူတို့လက်ထဲမှာလည်း တုတ်တွေ၊ ဓားတွေ ကိုင်ထားပါတယ်။ အနီးမှာလည်း ဂျစ်ကားတစီးနဲ့ ဆိုင်ကယ် ၂ စီးကို မီးရှို့ထားတာ တွေ့ရတယ်။
အဲဒီကနေ ရှေ့ဆက်သွားတော့ ဘုန်းကြီးတချို့နဲ့ လူတချို့က လမ်းတလျှောက်ရှိ ဘယ်သူဘယ်ဝါ ပိုင်ဆိုင်မှန်း မသိရတဲ့ ဆိုင်ခန်းတွေထဲကိုဝင်၊ ပစ္စည်းတွေကို ဖျက်ဆီး၊ အပြင်ဆွဲထုတ်ပြီး လမ်းမပေါ်မှာ မီးရှို့နေတာ တွေ့ရပါယ်။ လမ်းမရဲ့ နေရာတော်တော်များများမှာ ဆိုင်ကယ်တွေ၊ ပစ္စည်းတွေ မီးလောင်နေတာကို တွေ့ရပါတယ်။
အဲဒီနောက် ခရိုင်ရဲတပ်ဖွဲ့ရုံးကို ပြန်လာခဲ့ပြီး ညနေ ၆ နာရီကျော်လောက်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့် ရပါတယ်။
ဒီအခြေအနေအထိ ဘာကြောင့်ဖြစ်ရသလဲလို့ ဝန်ကြီးချုပ် ဦးရဲမြင့်ကို မေးတော့ တောကြောင်တွေကြောင့်လို့ ဖြေပါတယ်။ ဒီလို အခြေအနေတွေကို ကောင်းကောင်းမွန်မွန် ပြန်ဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်ပါမယ်လို့လည်း ပြောပါတယ်။
ရဟန်းတချို့နဲ့ လူတချို့က ကားတွေကို တားဆီးစစ်ဆေးတာ၊ ကားနဲ့ လူ တချို့ကိုရော ရိုက်နှက်ဖျက်စီးတာတွေကို ခရိုင်ရဲတပ်ဖွဲ့ ရုံးပေါ်ကနေ မြင်နေရပါတယ်။ ကျနော်လည်း ခရိုင်ရဲတပ်ဖွဲ့ ရုံးပေါ်ကနေ ဓာတ်ပုံ လှမ်းရိုက်ပါတယ်။
ခနနေတော့ မန္တလေးတိုင်း ဝန်ကြီးချုပ်က အဲဒီ ရဟန်းနဲ့ လူတွေရှိတဲ့ ဘုန်းကြီးကျောင်းဆီကို ခြေလျင်သွားတွေ့ပါတယ်။ ကျနော်လည်း ကင်မရာနဲ့ ဗီဒီယိုကင်မရာတွေ လွယ်ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ အတူတူ လိုက်သွားပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်က အခြေအနေတွေ တည်တည်ငြိမ်ငြိမ် ဖြစ်သလောက် ရှိနေကြောင်း၊ တပည့်တော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေကြောင်း၊ ဖြစ်နေတဲ့ အခြေအနေတွေပေါ်မှာ အတတ်နိုင်ဆုံး တရားဥပဒေ စိုးမိုးရေးကို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ရဟန်းသံဃာများကို လျှောက်ထားပါတယ်။
ရဟန်းသံဃာတော်တွေက ဘာသာခြားများက စလို့ လုပ်ဆောင်ရတာ ဖြစ်ကြောင်း၊ မိတ္ထီလာ ပဋိပက္ခစတင်တဲ့ ရွှေအရောင်းအဝယ် ရန်ပွဲကို မသိတဲ့ တခြားဒေသက သံဃာတပါးကို ကြိုးတုပ်၊ ရိုက်နှက်၊ မီးရှို့တဲ့အတွက် လုပ်ဆောင်တာဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်ကို ပြန်ပြောပါတယ်။
ဝန်ကြီးချုပ် ဦးရဲမြင့်ကတော့ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေအပေါ် တရားဥပဒေအရ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မယ်လို့ လျှောက်ထားပြီး ပြန်ထွက်ခဲ့ပါတယ်။
ကျနော်က ဘုန်းကြီးကျောင်းမှာ ဆက်နေခဲ့ပြီး ခုနက သံဃာတပါး သတ်ဖြတ်ခံရမှုကို မျက်မြင်သက်သေများ ရှိမရှိ စုံစမ်းပါတယ်။ ရဟန်း ၂ ပါးနဲ့ လူ ၁ ဦးက မြင်တွေ့ကြောင်း ပြောပြကြပါတယ်။ ဖြစ်စဉ်အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ခရိုင်ရဲတပ်ဖွဲ့အနီး ဝန်ဇင်းဟိုတယ်မှာ တည်းခိုခဲ့ပြီး အဲဒီညမှာတော့ မီးရှို့တာ၊ ဆူပူတာ၊ လူအုပ်စုတွေ လှည့်လည်တာ မတွေ့ရပါဘူး။
နောက်တနေ့ မတ်လ ၂၂ ရက်နေ့ မနက် ၈ နာရီမှာ ခရိုင်ရဲတပ်ဖွဲ့ရုံးကို ရောက်တော့ ရဲကားတွေ အသင့်ပြင်ထားတာကို တွေ့ရပါတယ်။ ရဲတပ်ဖွဲ့တွေကိုလည်း လည်စီးအနီးတွေနဲ့ တွေ့ရပါတယ်။ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်ကို အခြေအနေတွေ တွေ့ဆုံ မေးမြန်းပါတယ်။
အဲဒီအချိန်မှာပဲ မိတ္ထီလာမြို့ အရှေ့ဘက်မှာ ပြည်တွင်း၊ ပြည်ပ သတင်းထောက် ၉ ဦး မြို့ထဲ ဝင်လာချိန် ပြဿနာ ပေါ်ကြောင်း၊ ဘုန်းကြီးတချို့နဲ့ လူတချို့က သတင်းထောက်များရဲ့ ကင်မရာများကို သိမ်းယူပြီး ပြဿနာ ရှာကြောင်း ကြားသိရပါတယ်။
သတင်းထောက်တွေက ရှင်းပြပေမယ့် သူတို့ကို အမှတ် (၂) ရဲစခန်းအနီးက ဘုန်းကြီးကျောင်းတခုမှာ ခေါ်ယူထားခဲ့ကြောင်း ကြားရပါတယ်။
သတင်းထောက်တွေကို ပြဿနာရှာတဲ့ အုပ်စုက မြို့အရှေ့ဘက်ကနေ အနောက်ဘက်ကို ကူးလာပြီး လမ်းတလျှောက် တွေ့သမျှ ကားတွေကို စစ်ဆေးကြကြောင်း သိရပါတယ်။
ခရိုင်ရဲတပ်ဖွဲ့ ရုံးထဲကနေ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ လှမ်းရိုက်တဲ့အခါ အပြင်ဘက်က လူတချို့က သတင်းထောက်တွေကို ကြိမ်းဝါးမှုတွေ လုပ်ကြပါတယ်။
၁၀ နာရီခွဲလောက်မှာ ရဲ လုံခြုံရေး ကားတွေနဲ့အတူ လိုက်ပါပြီး သတင်းယူရပါတယ်။ မနေ့က နာရီစင်နားက မီးလောင်ခဲ့တဲ့ ဗလီနားမှာ အိမ်တွေ မီးကူးစက်နေတာ တွေ့ရပါတယ်။
လမ်းတလျှောက်လုံး ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးထားတာ တွေ့ရပါတယ်။ မီးလောင်တဲ့ နေရာတွေကို မီးသတ်က မီးငြှိမ်းနိုင်အောင် လမ်းနှစ်ဖက်ကို ပိတ်ဆို့ပြီး ရဲက လုံခြုံရေး ယူပေးရပါတယ်။
အနီးဝန်းကျင်မှာ တုတ်၊ ဓားတွေ ကိုင်ထားတဲ့ လူစုတွေကို မြင်ရပါတယ်။ အိမ်ရှင်တွေကတော့ နေအိမ်ကို စွန့်ခွာ ထွက်ပြေးကုန်ပြီလို့ ယူဆရပါတယ်။ မြို့ထဲမှာ လူမရှိသလောက်ပါပဲ။ လက်နက်ကိုင် လူ ၂၀ တစု၊ လူ ၁၀ ဦး တစု စသဖြင့် ဟိုဟိုဒီဒီလောက်ပဲ တွေ့ရပါတယ်။
မြို့တွင်း ဆိုင်ခန်းတော်တော်များများ ပျက်စီးနေပြီး မီးလောင်ထားတဲ့ အဆောက်အဦးတွေကလည်း တော်တော်များပါတယ်။ လာရာလမ်းမှာ ဆိုင်ကယ်နဲ့အတူ မီးလောင်သေဆုံးနေတဲ့ အလောင်း ၂ လောင်းလည်း တွေ့ရပါတယ်။
ရဲတပ်ဖွဲ့တွေက အကြမ်းဖက်၊ မီးရှို့သူတွေကို ဖမ်းဆီးဖို့ ဦးစားမပေးနိုင်ပဲ ဖြစ်နေပါတယ်။ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် မနက်က ပြောခဲ့သလိုပဲ မီးလောင်တာကို အရင် မငြိမ်းရင် တမြို့လုံး ပြာကျသွားနိုင်တဲ့အတွက် မီးငြိမ်းသတ်ရေးကို ဦးစားပေးနေရလို့ပါ။
မီးသတ်ကား ၄ စီးက ရေးဖြန်းနေချိန် ကျန် ၂ စီးက အသင့်ပြင်နေပါတယ်။ ဒါပေမယ့် မီးကို မီးသတ်တပ်ဖွဲ့က မနိုင်လောက်အောင် ဆိုးဝါးနေပါတယ်။ လမ်းတဖက်တချက်မှာ မီးက တပြိုင်တည်း လောင်နေပြီး ဂတ်စ်အိုးပေါက်ကွဲသံလို ပေါက်ကွဲသံတွေလည်း ကြားနေရပါတယ်။
ဒီတနေရာမှာ မီးငြိမ်းသတ်နေတုန်း နောက် ၁ နာရီလောက်အကြာမှာ မြို့ရဲ့ အနောက်ဘက် တနေရာမှာ မီးထပ်လောင်တယ်လို့ သတင်းရောက်လာပြန်ပါတယ်။ အဲဒါနဲ့ ရဲရော မီးသတ်တပ်ဖွဲ့ပါ ၂ ဖွဲ့ခွဲပြီး အဲဒီကို သွားရပြန်ပါတယ်။
အနောက်ဘက်မှာ မီးလောင်နေတာက မွတ်စလင်အများစုရှိတဲ့ ချမ်းအေးရပ်ကွက်လို့ ဆိုပါတယ်။ အနီးမှာ ဗုဒ္ဓဘာသာဝင်မိသားစုအိမ် ၁၀ လုံးခန့် ရှိကြောင်း၊ အိမ်တွေကို မီးကွင်းပစ်ရာကနေ မီးကူးစက်လောင်ကျွမ်းကုန်ကြောင်း ရပ်ရွာခံတဦးက ပြောပါတယ်။
ဒါပေမယ့် မီးသတ်ကားတွေ၊ မီးသတ်တပ်ဖွဲ့တွေ မီးလောင်တဲ့ ရပ်ကွက်ထဲ ဝင်လို့ မရဖြစ်နေပါတယ်။ လမ်းက မကျယ်တဲ့အပြင် ချိုင့်ဝှမ်းနေရာ ဖြစ်နေပါတယ်။
အဲဒီလို ဖြစ်နေတုန်း မြို့ထဲမှာ ပြဿနာတက်ပြီး ဘုန်းကြီးကျောင်းထဲ ပိတ်မိနေတဲ့ သတင်းထောက် ၉ ဦးအကြောင်း ခရိုင်ရဲမှူးက ကျနော့်ကို စုံစမ်းမေးမြန်းပါတယ်။ ကျနော်လည်း သိထားတဲ့အတိုင်း စစ်ဆေးရေး လူစုနဲ့ ပြဿနာတက်ပုံ၊ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရပုံတွေကို သိသလောက် ပြောပြရပါတယ်။
နောက်တော့ အဲဒီ ရဲမှူးကိုယ်တိုင် ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင် ၈ ဦးနဲ့အတူ ပိတ်မိနေတဲ့ သတင်းထောက်တွေကို သွားခေါ်ထုတ်၊ သူတို့တည်းခိုတဲ့ ဟိုတယ်မှာ ပစ္စည်းတွေ ယူစေပြီး ခရိုင်တပ်ဖွဲ့ရုံးကို ခေါ်လာခဲ့ရပါတယ်။
တချို့သတင်းထောက်တွေက ညနေ ၃ နာရီခွဲလောက်မှာ ရန်ကုန်ကို ပြန်ဆင်းဖို့ ပြင်ကြပြီး တချို့က ခရိုင်ရဲတပ်ဖွဲ့ ရုံးအနီးက ဟိုတယ်မှာ တည်းဖို့ ပြင်ကြပါတယ်။ ဒါပေမယ့် ဟိုတယ် သတင်းထောက်တွေကို လက်မခံလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်မယ့်သူတွေက သတင်းထောက်တွေကို အကြောင်းပြုပြီး သူတို့ ဟိုတယ်ကို ရန်ရှာမှာစိုးလို့ပါ။ ဒါပေမယ့် ပြေလည်အောင် ပြောဆိုပြီး တည်းခိုခွင့်ရပါတယ်။
သတင်းထောက် တချို့လည်း ရဲတွေနဲ့အတူတူ မြို့ထဲ တခေါက် ပြန်ထွက်ကြပါတယ်။ ရဲမှူးက တုတ်၊ ဓားလက်နက် ကိုင်ဆောင်သူတွေကို ဖမ်းဖို့၊ လက်နက်တွေကို သိမ်းဆည်းဖို့ အမိန့်ပေးတာ သိရပါတယ်။ ပစ္စည်းသည်ယူနေတဲ့ မသင်္ကာသူတွေ တွေ့ရင်လည်း စစ်ဆေးဖို့ ညွှန်ကြားပါတယ်။
ရဲတပ်ဖွဲ့တွေလည်း ရှာဖွေ ဖမ်းဆီးရေးတွေကို ဖိဖိစီးစီး စလုပ်ကြပါတယ်။
နောက်ဆုံး အခြေအနေမှာတော့ သိရသလောက် သေဆုံးသူ ၁၀ ဦးရှိပြီး အတွင်းလူနာ ၂၅ ဦး ရှိနေတယ်လို့ မိတ္ထီလာဆေးရုံးကြီးကနေ သိရပါတယ်။ ။