မေ ၂ဂ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့သော လားရှိုးမြို့ အဓိကရုဏ်းတွင် ပါဝင်ခဲ့သူများဟု ယူဆရသူ ၄၄ ဦးကို ဖမ်းဆီးထိန်းသိမ်း ထားပြီး စုံစမ်း ဖော်ထုတ်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ပြည်နယ် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ထံမှ သတင်း ရရှိသည်။
ဖမ်းဆီးထားသူ ၄၄ ဦးကို စုံစမ်းစစ်ဆေးရန် စစ်ကြော ဖော်ထုတ်ရေးနှင့် တရားစွဲဆိုရေးအဖွဲ့ကို စသုံးလုံး၊ မီးသတ်တပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ ခရိုင် ဥပဒေအရာရှိ၊ ရဲတပ်ဖွဲ့စသည်တို့ဖြင့် မေလ ၃၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
“ဒီအဖွဲ့က စစ်မယ်၊ ပြီးတော့ ကျူးလွန်ထားတဲ့ အတိုင်းအတာအရ ရုံးတင် အပြစ်ပေးနိုင်အောင် လုပ်မယ်။ ထပ်ဖမ်းဆီးနိုင်ဖို့ ဆိုတာကလည်း ဒီ ၄၄ ဦးကို စစ်ဆေး မေးမြန်းထားတဲ့ ရလဒ်တွေအပေါ်မှာပဲ မူတည်သွားမှာ” ဟု ရှမ်းပြည်နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယညွှန်မှူး ဒေါ်ခင်စန်းက ဧရာဝတီကို ပြောသည်။
အမျိုးသမီးငယ် တဦးကို ဓာတ်ဆီဖြင့်ပက် မီးရှို့ကာ ပဋိပက္ခကို စတင်ဖန်တီးခဲ့သူ ကိုနေဝင်းကို မည်သည့်နေရာတွင် ဖမ်းဆီး ထိန်းသိမ်းထားသည်၊ မည်သို့ စစ်ဆေးမေးမြန်း အရေးယူ ဆောင်ရွက်နေသည်ကိုမူ မိမိမသိကြောင်း ဒေါ်ခင်စန်းက ဆိုသည်။
ပဋိပက္ခနှင့် ပတ်သတ်သော အရေးယူစုံစမ်းနေမှု၊ လားရှိုးမြို့၏ လုံခြုံရေးအခြေအနေတို့ကို စုံစမ်းမေးမြန်းရန် ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့နှင့် လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးများသို့ ဧရာဝတီက တွေ့ဆုံရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ငြင်းဆိုခဲ့သည်။ ဖမ်းဆီးထားသည့် ၄၄ ဦးကို မည်သည့် ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ကိုလည်း ပြည်နယ် ပြန်ကြားရေးက ပြောဆိုရန် ငြင်းဆိုခဲ့သည်။
မေ ၂၈ ရက်က ဈေးရောင်းနေသူ အမျိုးသမီးငယ် တဦးကို လူလတ်ပိုင်း အမျိုးသား တဦးက ဓာတ်ဆီပက် မီးရှို့ရာမှ စတင်ခဲ့သော အဓိကရုဏ်းကြောင့် ဗလီ ၁ လုံး၊ ဘာသာရေးကျောင်း ၃ ကျောင်း အပါအဝင်၊ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများ ဖျက်စီးခံခဲ့ရပြီး ငွေကြေးအားဖြင့် ကျပ် သိန်း ခြောက်ရာရှစ်ဆယ့်လေးသိန်းနှင့် နှစ်သောင်းခွဲကျော် ဆုံးရှုံးခဲ့ရကြောင်း ပြည်နယ် ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
အဓိကရုဏ်းကြောင့် လူ ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရပြီး ဓာတ်ဆီလောင်း မီးရှို့ခံရသူ အမျိုးသမီးကို ပြည်နယ် ပြည်သူ့ ဆေးရုံကြီး ခွဲစိပ်ဆောင်တွင် အရေးပေါ် ကုသနေရကြောင်း သိရသည်။ အဓိကရုဏ်းကြောင့် လားရှိုးမြို့နေ မွတ်စလင် တထောင်ကျော်သည် မန်ဆူ ရှမ်းဘုန်းတော်ကြီး ကျောင်းတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည်။