တရားမဝင် ဝင်ရောက်လာကြသည့် မြန်မာပြည် အနောက်ဖက်ရှိ ရိုဟင်ဂျာ မွတ်စလင်များကို နေရပ်သို့ ပြန်လည်ခေါ်ဆောင် ပေးသွားရန် ထိုင်းနိုင်ငံအစိုးရက မြန်မာနိုင်ငံကို တိုက်တွန်းလိုက်သည်။
ယမန်နှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခ ကာလများအတွင်းက ဝင်ရောက်လာခဲ့သော ၁၇၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသော မွတ်စလင်များကို ပြန်လည်ခေါ်ယူရန် ထိုင်း နိုင်ငံခြားရေးဝန်ကြီး Surapong Tovichakchaikul က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ယခုလ ၁၄ ရက်နေက ထိုင်းနိုင်ငံ Hua Hin တွင်ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့အစည်းအဝေးတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဒုက္ခသည်များသည် ကပ္ပလီပင်လယ်ကို ကြံ့ခိုင်မှုမရှိသည့် ဟောင်းနွမ်းသော လှေများဖြင့် ဖြတ်ကျော်လာခဲ့ကြပြီး ထိုင်း နိုင်ငံ တောင်ဖက်ပိုင်း ကမ်းရိုးတန်း ခရိုင်များသို့ ယခုနှစ် အစောပိုင်းလောက်ကစ၍ ဝင်ရောက်လာခဲ့ကြသည်။
ထိုင်းအစိုးရက ထိုသို့တောင်းဆိုလာခြင်းသည် ထိုင်းတောင်ပိုင်း ဖန်ငခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲအဖွဲ့ ရုံးဝင်းအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စောင့်ဆိုင်းနေသော မွတ်စလင် ၇၀၀ အနက် ၂၆၁ ယောက် ထွက်ပြေး လွတ်မြောက်သွားသည့် ဖြစ်ရပ်ကြောင့်ဟု ယူဆရသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးက ထိုင်းထိန်းသိမ်းရေးစခန်း နှစ်ခုမှ တရားမဝင် ဝင်ရောက်လာသူများကို စစ်ဆေးသည့်အခါ ၁၀ ရာခိုင်နှုန်းသာလျှင် မြန်မာနိုင်ငံမှ ရောက်လာခြင်းဖြစ်ပြီး ကျန်သည့်သူများသည် မြန်မာစကား မပြောတတ်ကြသလို သူတို့မည်သည့်နေရာမှ ထွက်ပြေးလာသည်ကို ပြောပြနိုင်ခြင်း မရှိကြသဖြင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ ဖြစ်သည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားဖော်ပြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ စသည့် နိုင်ငံများ၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၊ အစ္စလမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကဲ့သို့သော် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် သို့မဟုတ် တတိယနိုင်ငံ တခုခုသို့ ပို့ဆောင်နိုင်ရေးအတွက် အဖြေတခု ရှာဖွေသွားမည် ဟုလည်း ပြောသည်။
ထို့ပြင် ထိုင်း ပြည်တွင်းရေးရာဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေး ရဲအဖွဲ့က တာဝန်ယူ၍ ရိုဟင်ဂျာများအတွက် ယာယီနေထိုင်နိုင်ရန် နေရာများ စီစဉ်ပေးမည်ဟုလည်း သူက ဆိုသည်။
သို့သော် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တခုက ထိုကိစ္စကို အခြားနိုင်ငံများက လျစ်လျူရှုခဲ့ကြသည် ဟု ဘန်ကောက်ပို့စ် သတင်းစာသို့ပြောပြသည်။
“ပြီးခဲ့တဲ့ ဇန်နဝါရီလောက်ကစပြီး အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ အချိန်ကထဲက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် ထိုင်းနိုင်ငံကို ကူညီ မယ်လို့ ဘယ်နိုင်ငံကမှ မပြောခဲ့ပါဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
ထိုင်းနိုင်ငံတွင် နေရင်းတိုင်းပြည်များမှ ပဋိပက္ခကြောင့် ထွက်ပြေးရောက်ရှိလာသူများကို အမြဲတမ်း ခိုလှုံခွင့် ပေးရန် သို့မဟုတ် ယာယီ ခိုလှုံခွင့်ပေးရန် မူဝါဒ မရှိကြောင်းနှင့် ထိုင်းနိုင်ငံ ပိုင်နက်အတွင်း ယခုကဲ့သို့ နေထိုင်ရန် လက်ခံခြင်းမှာ လူသားချင်း စာနာထောက်ထားမှုဖြင့် လက်ခံခြင်းသာဖြစ်ကြောင်းလည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
တချိန်တည်းတွင် ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဒုက္ခသည်များနှင့် မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြား ဖြစ်ပွားခဲ့သော ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှု ဓာတ်ပုံများကို Facebook ပေါ်တွင် တင်ခဲ့သူဟု စွပ်စွဲခံရသူတဦးကို ဖမ်းဆီးလိုက်သည်။ အသက် ၂၉ နှစ်အရွယ်ရှိသူ အစ္စလာမ်ဘာသာဝင် ကိုသန်းရွှေကို မည်သည့် ပုဒ်မနှင့် အရေးယူမည်ဖြစ်သည်ကို ယခုထိ မသိရသေးပေ။
မြန်မာအစိုးရအာဏာပိုင်များက ရခိုင်ပြည်နယ်သို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား ရောက်ရှိနေချိန်တွင် အဆိုပါ အမျိုးသားက ပြဿနာဖြစ်စေရန် ကြိုးစားခဲ့ခြင်းဟု ယုံကြည်နေကြသည်။
ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော ကင်တားနား ကလည်း ကိုသန်းရွှေကို ပြန်လွှတ်ပေးပါရန် ပြည်နယ် အစိုးရကို တောင်း ဆိုခဲ့သည်။
ရခိုင်ပြည်နယ်တွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် သြဂုတ်လ ၉ရက် နေ့က မွတ်စလင် ဒုက္ခသည် စခန်း တခုမှ ပဋိပက္ခတွင် အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရခဲ့သည်။
ပဋိပက္ခသည် အုန်းတောကြီး ဒုက္ခသည် စခန်းအနီးရှိ ချောင်းလက်တက် တခု အတွင်းတွင် တံငါသည်တယောက်၏ အလောင်းကို တွေ့ရှိရာမှ အစပြုခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းမြိုင်ကဆိုသည်။ ရေနစ်သေဆုံးခြင်း ဖြစ်သည်ဟုလည်း သူကပြောသည်။
သို့သော်လည်း ရဲတပ်ဖွဲ့၏ ရိုတ်နှက်နှိပ်စက်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ကောလဟာလ သတင်းတွေက လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
“သူ့ရဲ့ နားနှစ်ဖက်လုံးက သွေးထွက်နေတယ်။ မျက်နှာကို သေနတ်ဒင်နဲ့ ထုခံထားရတဲ့သဘောပဲ။ သွားတွေလည်း လုံး၀ မရှိတော့ဘူး” ဟု အလောင်းကို မမြှပ်နှံမီ မြင်တွေ့ခဲ့ရသည့် မွတ်စလင် ဒုက္ခသည် ဦးအောင်ဝင်းက ဆိုသည်။ “ဒါက ရေနစ်တာ မဟုတ် ပါဘူး၊ သူ့ကို နှိပ်စက်ခဲ့တာ ထင်ရှားပါတယ်” ဟုလည်း သူကဆက်ပြောသည်။
သေဆုံးရခြင်းအကြောင်းနှင့် အလောင်းကို ပြန်လည်ရယူနိုင်ရေး အငြင်းပွားရာမှ ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့က ပထမအဆင့် အနေဖြင့် သေနတ်ကို မိုးပေါ်ထောင်ပစ်၍ သတိပေးခဲ့ပြီးမှ လူအုပ်အတွင်းသို့ပစ်၍ လူစုခွဲခဲ့ခြင်းသာ ဖြစ် ကြောင်း ဦးဝင်းမြိုင်က ဆိုသည်။
ရိုဟင်ဂျာ မူဆလင် ဒုက္ခသည် စခန်းများသို့ အစားအစာ နှင့်ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးသည့် အဖွဲ့အစည်းတခု ၏ ဝန်ထမ်းဖြစ်သော ကိုသန်းရွှေကို သေဆုံးမှု နှင့် ဒဏ်ရာရရှိမှု ရုပ်ပုံများ အွန်လိုင်းပေါ်သို့ တင်ခဲ့သည် ဆိုသည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဦးအောင်ဝင်းက ပြောသည်။
သြဂုတ်လ ကိုသန်းရွှေ၏ နေအိမ်သို့ ရဲအဖွဲ့ဝင် ၂၀ခန့် ရောက်လာကြပြီး သူ့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု လည်း ဦးအောင်ဝင်းက ဆိုသည်။
နောက်ဆုံးဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ နှင့် မတည်ငြိမ်မှုများအတွက် တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်ရန် ကုလသမဂ္ဂအဖွဲ့က တောင်းဆိုလိုက်သည်။
“ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အနေနဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးကြဖို့နဲ့ အစိုးရနဲ့ ပြည်တွင်း နေရာမဲ့ ဒုက္ခသည်တွေကြားမှာ ယုံကြည်မှု တည်ဆောက်ကြဖို့ ထပ်တလဲလဲ တိုက်တွန်းနေပါတယ်” ဟု ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောရေးဆိုခွင့် ရှိသူ Adrian Edwards က ဂျီနီဗာတွင် ပြောကြားခဲ့သည်။