ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်၂ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်အား ကိုယ်စားလှယ် နေရာမှ ဖယ်ရှားပေးရေး လက်မှတ်ထိုး တောင်းဆိုမှုပြုလုပ်ရန် စီစဉ်နေကြသည်။
သစ်တောဦးစီးအရာရှိမှ ဥက္ကံမြို့နယ် တိုက်နယ်ဆေးရုံဝန်ထမ်း အိမ်ရာ ဆောက်လုပ်ရန်အတွက် ထုတ်ယူခွင့်ပြုခဲ့သည် သစ်ရိုင်းများအား ဦးမြင့်အောင်က အာဏာသုံး၍ ဖမ်းဆီးစေခဲ့ခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းသွားရသည့်အတွက် ဆေးရုံ ဘက်စုံဖွံဖြိုးတိုးတက် ရေး ကော်မတီ အဖွဲ့ နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည)တို့မှ ဦးဆောင် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
“စက်တင်ဘာ ၁၇ ရက်နေ့ကစပြီးတော့ လက်မှတ်တွေ စထိုးခိုင်းတော့မယ်၊ လက်မှတ်ထိုးစာတွေကို သက်ဆိုင်ရာ တင်ပြီး ၂ပတ် အတွင်းအကြောင်း မထူးရင် တရားဝင်ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ထားပါတယ်”ဟု တိုက်ကြီးမြို့နယ် တစည ပါတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။
ဥက္ကံမြို့နယ် တိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာ ဆောက်ရန် မေလ ၈ ရက်၌ ဆေးရုံဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကော် မတီ အား စတင်ဖွဲ့စည်းခဲ့ပြီး ယင်း ကော်မတီက လိုအပ်သည့်အကူအညီများပေးရန် မေတ္တာရပ်ခံခဲ့သည့်အတွက် တိုက်ကြီးမြို့နယ် တပ်နယ်မှူး ၏ ထောက်ခံချက်ဖြင့် သစ်တောဦးစီးဌာနက သစ်ရိုင်း ၅ တန် ထုတ်ယူခွင့်ပြုခဲ့သည်ဟု ဆိုသည်။
ယင်းသစ်ရိုင်းများအား တဘူးလှဆည်အတွင်းမှ ထုတ်ယူခွင့်ပြုခဲ့ကြောင်း၊ မြို့သို့သယ်ယူရန်စုပုံထားသည့် သစ်များကို တောထဲတွင် ပင် စက်တင်ဘာ ၄ ရက်နေ့၌ ဖမ်ဆီးခံခဲ့ရကြောင်း၊ သစ်တောဦးစီးမှူးအား လွတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင် က ဖိအားပေး ဖမ်းစေခိုင်းခြင်း ဖြစ်ကြောင်း ဥက္ကံမြို့နယ် ဆေးရုံ ဘက်စုံတိုးတက်ရေးကော်မတီ ဘဏ္ဍာရေးမှူး ဦးနေဇာက ပြောပြသည်။
ဥက္ကံ တိုက်နယ်ဆေးရုံ ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကြည်ဝင်းကလည်း“ဒီသစ်တွေ တောင်ပေါ်ကနေ ထုတ်ဖို့သယ်ယူဖို့အတွက် ကျပ် ၁၂သိန်းကုန်ထားတာ၊ ကိုယ့်ပိုက်ဆံက ၇ သိန်းပဲ ထည့်ထားတာ၊ ကျန်တာက သူများပိုက်ဆံတွေနဲ့လောလောဆယ် လုပ် ထား ရတာ၊ အခု အဖမ်းခံလိုက်ရတော့ ပိုက်ဆံက ပေးစရာလဲမရှိ၊ ဝန်ထမ်း အိမ်ရာ ကလည်း မဆောက်နိုင်ဖြစ်နေပြီ”ဟု ပြော သည်။
ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ်ခန့်မှန်းငွေသည် ကျပ် ၂၁၈ သိန်းဖြစ်ပြီး သစ် ၅ တန်ကိုရောင်း ချ၍ ရသည့် ငွေများနှင့် အခြားအလှူရှင်များ၏ အကူအညီဖြင့် လုပ်ဆောင်ရန်ရည်ရွှယ်ထားသည်ဟုလည်း ဆိုသည်။
ဥက္ကံမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဦးနီကလည်း“ပြည်သူတွေက လက်မှတ်ထိုးမယ် ဆိုရင် ဦးတို့ကလည်းထိုး မယ်၊ ကိုယ်စားလှယ်က ဆက်ဆံရေးမာကျောတယ်၊ ပြည်သူနဲ့တသားတည်း မဖြစ်ဘူး၊ ဒီလက်မှတ် ထိုးမယ့် ကိစ္စသာ မှန်ကန်မှုရှိတယ်၊ ပြည်သူတွေကလည်း ပါဝင်မယ် ဆိုတာနဲ့ ဦးတို့လည်း တစည နဲ့ ပူးပေါင်းမှာပါ”ဟု ပြောဆိုသည်။
လက်ရှိတွင် NLD ပါတီသည် တစည ပါတီနှင့် ယခုနှစ်အတွင်း၌ ဒေသခံ လယ်သမားပြဿနာများကို ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။
ဦးမြင့်အောင်ကမူ ယခုကဲ့သို့ လူအများစွပ်စွဲနေသည့် သစ်ရိုင်းများ ဖမ်းဆီးခံရမှုသည် ၎င်းနှင့်သက်ဆိုင်မှုမရှိကြောင်း၊ မြို့နယ် သစ် တောဦးစီးမှူးမှ သစ်များဖမ်းဆီးရမိကြောင်း ဖုန်းဆက်မှသာ သိရခြင်းဖြစ်ကြောင်း၊ တပ်နယ်မှူးက လက်မှတ်ထိုးပေးထားပြီး သစ် ထုတ်ယူခွင့်ပြုခဲ့သည်ဆိုသော စာရွက်မှာလည်း မှန်ကန်မှုမရှိဘဲ တပ်နယ်မှူး လက်အောက်မှ ဝန်ထမ်းများနှင့် ဆေးရုံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့တို့ ပူးပေါင်းပြီး တရားမဝင် သစ်ခိုးထုတ်ခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်သည်။
ယခု လက်မှတ်ထိုးမည့်ကိစ္စအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်း အထိ အသိပေးစာများ ပေးပို့သွားမှာဖြစ်ပြီး အပြောင်း အလဲ အထိဖြစ်လာမည်ဆိုပါက သတင်းစာရှင်းလင်းပွဲများ ပြုလုပ်သွားရန်အထိ စီစဉ်ထားသည်ဟုလည်း ဆိုသည်။
ဦးမြင့်အောင်သည် ကြံ့ခိုင်ရေး ပါတီ ကိုယ်စား တိုက်ကြီးမြို့နယ် အမှတ်၂ မဲဆန္ဒနယ်မှ ၂၀၁၀ ရွှေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ ကြိုတင် မဲဖြင့် အနိုင်ရခဲ့သူ ဖြစ်ကြောင်း သိရသည်။