ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့တွင် ဥပဒေအရ ခွင့်ပြုချက်မရဘဲ ဆန္ဒပြလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်သူများနှင့် ပါဝင်သူများကို မြို့နယ်ရဲတပ်ဖွဲ့စခန်း ၁၀ ခုက အမှုဖွင့်လိုက်ပြီ ဖြစ်ပြီး ဆန္ဒပြပွဲ ဦးဆောင်သူများကို ယခုညနေပိုင်းတွင် လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲကျင်းပရန် အာဏာပိုင်များထံ တရားဝင်လျှောက်လွှာ တင်ခဲ့ကြသော ဦးဆောင်သူများ ဖြစ်ကြသည့် ကိုမိုဃ်းသွေး၊ မခင်စန္ဒာညွှန့်၊ မဖွေးယုမွန်၊ ကျော်ဘိုဘိုတို့ကို ယခုညနေပိုင်းတွင် အထူး ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးနေကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ကိုမိုဃ်းသွေးက ပြောသည်။
“ကျနော်တို့ လေးယောက်ရဲ့နောက်နေ စရဖတွေနဲ့ အထူးရဲတပ်ဖွဲ့တွေက လိုက်ဖမ်းတာ။ ကျနော်တို့က ပြည်သူတွေထဲကို ဝင်ပြေးပြီး ကျနော်တို့ကို နှောင့်ယှက်နေပါတယ် အော်တော့မှ ပြန်ငြိမ်သွားတယ်။ အခု ကျနော်တို့ တက္ကစီပေါ်မှာ၊ နောက်ကနေ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လိုက်နေတယ်။ ကျနော်တို့ကို ဥပဒေအရ သိက္ခာရှိရှိ ဖမ်းတာမျိုးပဲ လိုချင်တယ်။ အခုလိုမျိုး သူခိုးဖမ်းသလို လိုက်တာတော့ လုံးဝမကြိုက်ဘူး။ ဥပဒေချိုးဖောက်တယ် ဆိုရင် တရားရုံးကနေ သိက္ခာရှိရှိ ဆင့်ခေါ်၊ ကျနော်တို့ ကလည်း သိက္ခာရှိရှိ ရင်ဆိုင်မယ်” ဟု ကိုမိုဃ်းသွေးက ဆိုသည်။
ကိုမိုဃ်းသွေးအပါအဝင် ဆန္ဒပြလမ်းလျှောက်ပွဲ ဦးဆောင်သူများမှာ နေအိမ်များကို မပြန်ရဲဘဲ ဖြစ်နေကြောင်း ဧရာဝတီသို့ ပြောဆိုကြသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ထွေးကလည်း ယနေ့ညနေ ၅ နာရီတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီး ဆန္ဒပြပွဲ ဦးဆောင်သူများကို စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် အရေးယူမည် ဖြစ်ကြောင်း၊လမ်းလျှောက် ချီတက်ခဲ့ကြသော မြို့နယ်ရဲစခန်း ၁၀ ခုက ဆန္ဒပြပွဲ ဦးဆောင်သူများနှင့် ပါဝင်သူများကို စစ်ဆေး ဖော်ထုတ် အရေးယူ ပြောဆိုကြောင်း သိရှိရသည်။
“ဆန္ဒပြပွဲ ကျင်းပခဲ့တဲ့ မြို့နယ် ၁၀ ခုက ရဲတပ်ဖွဲ့စခန်းတွေက ဆန္ဒပြပွဲ ဦးဆောင်သူတွေ၊ နောက်ပြီး ဆန္ဒပြပွဲမှာ ပါဝင်ကြောင်း
စစ်ဆေးတွေ့ရှိရတဲ့ သူတွေကို ဥပဒေအရ အရေးယူမယ် ပြောတယ်။ ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြရင် ထောင်ဒဏ် တနှစ်၊ ငွေဒဏ် ကျပ် ၃ သောင်းအပြင် ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ချမှတ်နိုင်တယ်လို့ ပြောတယ်” ဟု သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းဂျာနယ်တစောင်မှ တာဝန်ခံအယ်ဒီတာ တဦးက ပြောသည်။
စစ်ပွဲများ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် လမ်းလျှောက်ချီတက်ကာ ဖြတ်သန်းခဲ့သည့် မြို့နယ်များမှာ ကျောက်တံတား၊
ဗိုလ်တထောင်၊ တာမွေ၊ ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွှန့်၊ ကမာရွတ်၊ လှိုင်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။