ရခိုင်ပြည်နယ်အတွင်း ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄ ) ကို အချိန် ကန့်သတ်မှု လျှော့ချလိုက်ကြောင်း သိရသည်။
ရခိုင်ဒေသတွင်း အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တောမြို့နှင့် ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်
တို့တွင် ည ၇ နာရီမှ နံနက် ၅ နာရီ သတ်မှတ်ထားရာမှ ယခုအခါ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ လျှော့ချလိုက်ခြင်း ဖြစ်သည်။
သံတွဲမြို့တွင်လည်း ညမထွက်ရ အမိန့်ထုတ်ထားပြီး တည်ငြိမ်မှု အပြည့်အ၀ ရှိနေပြီဖြစ်သည့်အတွက် လုံးဝရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ မောင်တော၊ ဘူးသီတောင် မြို့နယ်တို့တွင် အောက်တိုဘာလ ၈ ရက်နေ့တွင် လျှော့ချခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့ စသည့်မြို့များတွင် ယမန်နေ့က လျှော့ချခဲ့သည်။
ညမထွက်ရ အမိန့်သည် ၂ လ ပြည့်လျှင် နိုင်ငံတော်သမ္မတက ဥပဒေတခု ထုတ်ပြန်ကြေညာရသော်လည်း ထုတ်ပြန်မှု မရှိခြင်း၊ တည်ငြိမ်နေခြင်းတို့ကြောင့် အခြေအနေပေါ် မူတည်၍ သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်တို့က အချိန်လျှော့ချခြင်းကို လုပ်ပိုင်ခွင့်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီကို ပြောသည်။
မြောက်ဦး၊ မင်းပြားတို့တွင်လည်း သြဂုတ်လတွင် ထုတ်ပြန်ခဲ့ပြီး ယခုအခါ ရုပ်သိမ်းလိုက်ပြီဟု သိရသည်။
ညမထွက်ရ အချိန်လျှော့ချခြင်းကို ကြိုဆိုကြောင်း၊ အချိန်လျှော့ချလိုက်ခြင်းကြောင့် အလုပ်လုပ်ချိန် ပိုမိုရရှိပြီး လက်လုပ်လက်စားများ အတွက် အဆင်ပြေကြောင်း စစ်တွေမြို့ခံနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP ) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်ပြည်စိုးက ပြောသည်။
ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ၊ ဒေသတွင်း ခရီးသွားလာသူများ၊ လယ်သမားများအတွက် အပြင်ချိန် ပိုရသွား၍ ကြိုဆိုကြောင်း ကျောက်ဖြူဒေသခံများက လည်းပြောသည်။
ရခိုင်ဒေသတွင်း အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တော၊ ဘူးသီးတောင် မြို့နယ်များမှ ဒေသခံတိုင်းရင်းသား လူနည်းစုများ အနေဖြင့်မူ ညမထွက်ရ အမိန့် လျှော့ချခြင်းကို ကြိုဆိုသော်လည်း တခြားတဘက်တွင် အကြမ်းဖက်မှု ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေဆဲဖြစ်ကြောင်း မောင်တော ဒေသခံများက ဧရာဝတီသို့ ပြောသည်။
မောင်တော အကြမ်းဖက်မှုကြောင့် ထိုဒေသရှိ ကျေးရွာ ၂၀ ဝန်းကျင်မီး ရှှို့ခံရပြီး၊ ၁၀ ရွာခန့်မှာ လုံး၀ မီးလောင်ကျွမ်းသွားကြောင်း၊ မီးလောင်ကျွမ်းသွားသည့် ကျေးရွာများတွင် ခိုင်ခန့်လုံခြုံသည့် နေအိမ်များ မရှိသေး၍ အခက်အခဲ ဖြစ်နေကြကြောင်းလည်း သရေကုန်ဘောင် ရွာသားတဦးက ပြောသည်။
“မောင်တောမှာ မိုးရွာနေတာ ၂ ရက်ဆက်တိုက်ရှိပါပြီ။ တဲအိမ်တွေဆိုတော့ မိုးက မလုံဘူး၊ ကလေးတွေ၊ အသက်ကြီးသူတွေ အတွက် ကျန်းမာရေး စိုးရိမ်ရတယ်” ဟု ၎င်းက ဆိုသည်။
ဘင်္ဂလားပင်လယ်ပြင်၌ လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး မုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်ကာ ရခိုင်ကမ်းရိုးတန်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာက ယမန်နေ့က ကြေညာထားသည်။ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ အပါအဝင် ရခိုင်ပြည်နယ်၏ မြို့နယ်အများစု တွင်မိုးများ ရွာသွန်းနေဆဲဟု ရခိုင်ဒေသခံများက ပြောသည်။
ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို သမ္မတ ဦးသိန်းစိန် က ဇွန်လ ၁၀ ရက်နေ့တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်ကို ထိုနေ့မှ စ၍ အရေးပေါ် အခြေအနေလည်း ကြေညာခဲ့သည်။