ရခိုင်ပြည်နယ်၏ မြို့နယ်၊ ကျေးရွာတချို့၌ အုပ်စုဖွဲ့တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ပဋိပက္ခများ တတိယအကြိမ် တကျော့ပြန် ဖြစ်ပွားလာမည်ကို ဒေသခံတိုင်းရင်းသားများက စိုးရိမ်နေကြကြောင်း သိရသည်။
ပေါက်တောမြို့နယ်၊ စိုင်းတုတ်ကျေးရွာမှ ကိုတင်အောင်မြင့်နှင့် ကိုကျော်စိုးသန်း ဆိုသည့် လူငယ်နှစ်ဦးသည် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုဒေသရှိ သပြာကျွန်း၌ ဏဂန်းဖမ်းရန်သွားစဉ် ငှက်ချောင်းရွာမှ ဘင်္ဂါလီ ၁၀ ဦး၏ တိုက်ခိုက်ခြင်းကို ခံရသည့်အတွက် ယခုအခါ ပေါက်တောဆေးရုံ ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများက ပြောသည်။
“ဓားခုတ်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတင်ထားရပေမယ့် စိုးရိမ်ရတဲ့ အခြေအနေတော့မရှိပါဘူး။ ဒေသတွင်းက လုံခြုံရေးမရှိတဲ့ နေရာတွေမှာ မကြာခဏ တိုက်ခိုက်ခံနေရတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အုပ်စုဖွဲ့ ဓားပြတိုက်တာ ခံလိုက်ရတယ်” ဟု ဒေသခံ ကိုသာထွန်းအေးက ပြောသည်။
အုပ်စုဖွဲ့ ဓားမြတိုက်မှု၊ တိုက်ခိုက်မှု ကျူးလွန်သူများအား ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် နယ်မြေခံ နစက တပ်ဖွဲ့တို့က ရှာဖွေစုံစမ်း စစ်ဆေးနေဆဲဟု သိရပြီး၊ လုံခြုံရေးမရှိသည့် နေရာတိုင်းတွင် ထိုသို့ဖြစ်ပွားနေကြောင်းလည်း သိရသည်။
ထို့အတူ ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ဇေယျဝတီကျေးရွာမှ ဦးစိန်လှ၊ ဦးသာထွန်းစိန် တို့နှစ်ဦးသည် မိမိတို့ ဥယျာဉ်ခြံဝင်းထဲ၌ ရှိနေစဉ် အနီးရှိ ပေါင်းတုတ်ရွာမှ မွတ်စလင်ရွာသားများနှင့် ပဋိပက္ခဖြစ်ပွားကြရာ ဒဏ်ရာရသွားကြောင်း၊ ၎င်းတို့ အနက်တဦးကို စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဒေသခံ ဦးမောင်သန်းက ပြောသည်။
မြောက်ဦးဒေသ တဝိုက် လုံခြုံရေးမရှိသည့် နေရာတချို့၌ ယခုရက်ပိုင်း အတွင်း တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း၊ ထိုသို့ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက လူသတ်မှု၊ ထိခိုက်ဒဏ်ရာ ရမှုများ ထပ်မံဖြစ်ပေါ်နေမည် ဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားများအနေဖြင့် လုံခြုံမှု မရှိသဖြင့် တောတောင်၊ လယ်မြေများ၌ လုပ်ကိုင် စားသောက်နိုင်ရန် အခက်အခဲရှိနေကြောင်း ၎င်းက ပြောသည်။
မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ကျောက်တော်၊ ရသေ့တောင် စသည့်မြို့နယ်များရှိ ကျေးရွာတချို့တွင်လည်း အလားတူ ဖြစ်ရပ်များရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခဖြစ်ပွားခဲ့ရာ ဒေသများ၌ နေထိုင်သည့် မွတ်စလင်များသည် ငြိမ်းချမ်းစွာ နေထိုင်လိုသော်လည်း တချို့ကမူ ဒေသခံ တိုင်းရင်းသားများအား ရန်စ တိုက်ခိုက်နေသည့်အတွက် ပဋိပက္ခထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။
“ဒီလိုမျိုး အနှောင့်အယှက် ခဏခဏပေးနေတာကို သုံးသပ်မယ်ဆိုရင် ပြဿနာတွေ မဖြစ် ဖြစ်အောင် ဒီဘင်္ဂါလီတွေကို သွေးထိုးလှှုံဆော်မှုတွေ၊ နောက်ကွယ်က ကြိုးကိုင်နေတာတွေ ရှိနေတယ်လို့ ကျနော်တို့ သုံးသပ်မိတယ်” ဟု ဦးမောင်သန်းက ပြောသည်။
ပေါက်တောဒေသခံ မွတ်စလင်တဦးဖြစ်သူ ဦးမောင်မောင်က ပဋိပက္ခဖြစ်ပွားရခြင်းသည် ဆူပူအကြမ်းဖက်လိုသည့် မွတ်စလင်တချို့ကြောင့်သာ ဖြစ်ကြောင်း၊ ဆူပူလိုသူများကြောင့် ယခုအခါ မွတ်စလင် အများအပြား ဒုက္ခသည် စခန်းများတွင် နေထိုင်နေရကြောင်း၊ ဒုက္ခသည် စခန်းများ၌ စားဝတ်နေရေး အခက်အခဲများ ရှိကြောင်း ပြောသည်။
၎င်းက “ပေါက်တော၊ စစ်တွေက ဒုက္ခသည် စခန်းတွေမှာ စားစရာ အပြည့်အ၀ မရပါဘူး။ ကျန်းမာရေး စောင့်ရှောက်မှုလည်း အားနည်းတယ်။ ကျနော်တို့ကလည်း ငြိမ်းချမ်းစွာပဲ နေချင်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေး အဖွဲ့တာဝန်ခံ ဦးဝင်းမြိုင်ကမူ စားဝတ်နေရေး မပြည့်စုံဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ နိုင်ငံတကာစံနှုန်းအတိုင်း ထောက်ပံ့ပေးထားကြောင်း ငြင်းဆိုသည်။
“ဒုက္ခသည် စခန်းအားလုံးအတွက် ဇွန်လအထိ ရိက္ခာ အပြည့်အဝရှိပါတယ်။ ပြည်နယ်အစိုးရ၊ ဗဟိုကရော ကူညီပေးနေတယ်၊ နိုင်ငံတကာနဲ့ WFP (ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်) ကလည်း ဆန်တွေ အမြဲတမ်းပေးနေပါတယ်” ဟု ဆိုသည်။
ရခိုင်ဒေသတွင်း မြို့နယ်၊ ကျေးရွာများ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခ ပြဿနာများအတွက် ဒေသဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များကို အရေးယူဆောင်ရွက်ရန် တာဝန်ပေးအပ်ထားကြောင်း၊ လုံခြုံရေးကိုလည်း လိုအပ်သည့်နေရာတိုင်းတွင် စီစဉ်ဆောင်ရွက် ပေးထားကြောင်း ဦးဝင်းမြိုင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း၌ ဇွန်လနှင့် သြဂုတ်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်းရေးကော်မရှင်သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီတွင် ရခိုင်ဒေသသို့ ထပ်မံ သွားရောက်၍ နောက်ဆုံး ပဋိပက္ခ ဖြစ်ပွားခဲ့သည့် မြေပုံ၊ ပေါက်တော၊ မင်းပြား စသည့်ဒေသများတွင် စစ်ဆေးမည်ဟု ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှှိုင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “အခုဖြစ်နေတဲ့ ပြဿနာတွေက ဘာကြောင့်ဆိုတာကို စုံးစမ်းစစ်ဆေးနေဆဲ ဖြစ်လို့ မပြောလိုပါဘူး။ ဖြစ်ပွားရတာကို စုံးစမ်းစစ်ဆေး အစီရင်ခံစာရေးပြီး အစိုးရကို တင်ပြမယ်၊ အကြံပေးမယ်။ လက်တွေ့ အကောင်အထည် ဖော်တာတဲ့ကိစ္စက အစိုးရ တာဝန်ပါ” ဟု ဆိုသည်။
ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့ရသည့် ပဋိပက္ခများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ နောက်ဆုံး ထုတ်ပြန်မည့် အစီရင်ခံစာ၌ ဖော်ပြသွားမည် ဖြစ်ပြီး၊ မကြာမီလည်း အစီရင်ခံစာ တစောင်တင်ပြသွားရန် ရှိကြောင်း ဒေါက်တာ ကျော်ရင်လှှိုင်က ဆက်ပြောသည်။