သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှ ဖယ်ရှားပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆင့်မြင့်အရာရှိကြီးများကို နေပြည်တော်တွင် ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုသည်ဟု ထုတ်ပြန်ကြေညာ ပြီးနောက် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ်ကဲ့သို့သော အရာရှိများအပါအဝင် အဆင့်မြင့် အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခြင်း ဖြစ်ကြောင်းသိရှိရသည်။
“ဝန်ကြီး ထွက်သွားပြီးတဲ့ နောက်တနေ့မှာပဲ ရန်ကုန်က ဆက်သွယ်ရေး အရာရှိကြီးတွေကို နေပြည်တော်ကို ခေါ်စစ်ပါတယ်။ ပထမတော့ ၈ ဦး၊ ဒါပေမယ့် အစစ်ဆေး ခံရတဲ့သူတွေနဲ့ ဆက်စပ်တာတွေ ထပ်ခေါ်တော့ ခေါ်စစ်ဆေး ခံရတဲ့သူတွေ အရေအတွက်များတယ်လို့ သိရပါတယ်” ဟု နေပြည်တော်အစိုးရ အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။
ဆက်သွယ်ရေး အရာရှိများကို ခေါ်ယူစစ်ဆေးမှု၏ အဓိက အကြောင်းအရင်းမှာ မိုဘိုင်းလ်ဖုန်းကတ်နှင့် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ ချထားပေးရာတွင် အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်မှု ရှိ၊ မရှိ ခေါ်ယူ စစ်ဆေးခြင်းဖြစ်ပြီး ဝန်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း၊ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေး ဝန်ကြီးဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ဝန်ကြီးရာထူး တာဝန်များမှ အနားပေးခဲ့ခြင်းသည် လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ အမိန့်မနာခံမှု များကြောင့်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိများ ခေါ်ယူစစ်ဆေးခံရမှုနှင့်ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာ ဦးသောင်းတင်က မှတ်ချက် မပေးလိုကြောင်း ပြောသည်။
“ကျနော် မှတ်ချက် ပေးစရာ မရှိသေးပါဘူး” ဟု ဦးသောင်းတင်က ဆိုသည်။
နေပြည်တော်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိများ ခေါ်ယူစစ်ဆေးခြင်းကို ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီက တိုက်ရိုက် ကိုင်တွယ်လျှက်ရှိကြောင်း သိရှိရသည်။
လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဇန်နဝါရီလ ၈ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ သမ္မတ၏ ဥပဒေအကြံပေး ဦးသန်းကျော်၊ အတွင်းရေးမှူးအဖြစ် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းအပါအဝင် စုစုပေါင်း ၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ယင်းကဲ့သို့ ဆက်သွယ်ရေးဝန်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ယခင် စစ်အစိုးရလက်ထက် လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင် ပတ်သက်ခဲ့ပြီး ယခု အစိုးရအဖွဲ့အတွင်း ပါဝင် ဆောင်ရွက်နေသူများပါ ထိခိုက်လာနိုင်ဖွယ် ရှိသောကြောင့် ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှု မရှိဟု ယူဆရကြောင်း လေ့လာ သုံးသပ်သူများက ဝေဖန်နေကြသည်။