စစ်အစိုးရလက်ထက်တွင် မန္တလေး ဘီယာစက်ရုံကို အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်ရင်း အသိမ်းခံခဲ့ရသည့် ရောင်ခြည်ဦး ကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုက ၎င်း၏ စီးပွားရေးအရ ဆုံးရှုံးနစ်နာခဲ့ရမှုများကို အစိုးရသစ်ထံတွင် တောင်းခံသွားမည်ဟု ဧရာဝတီသို့ ပြောသည်။
စင်ကာပူ အခြေစိုက် ရောင်ခြည်ဦး ကုမ္ပဏီသည် ၁၉၉၃ ခုနှစ်က အာဏာသိမ်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) လက်ထက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်စဉ်က မန္တလေးဘီယာကို ၅ နှစ်စာချုပ်ဖြင့် ဖက်စပ်ထုတ်လုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ၁၉၉၇ ခုနှစ် စက်မှုဝန်ကြီး ဦးအောင်သောင်း လက်ထက်တွင် ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်း၌ အပြန်အလှန် စွပ်စွဲမှုများရှိခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်တွင် စက်ရုံကို စစ်တပ်နှင့် ဝင်ရောက်သိမ်းပိုက်ကာ ငွေကြေးများ ထုတ်ယူခွင့်ကိုပါ ပိတ်ပင်ခံရသည့်အတွက် ဒေါ်ဝင်းဝင်းနုလည်း ပြည်ပသို့ ထွက်ခွာခဲ့ရသည်။
ထိုအဖြစ်အပျက်နှင့် စပ်လျဉ်း၍ နိုင်ငံတကာ တရားရုံး (International Court of Justice) တွင် စစ်အစိုးရနှင့် ဒေါ်ဝင်းဝင်းနု တို့အကြား အပြန်အလှန် တရားစွဲဆိုမှုများ ၂ နှစ်ခန့် ဖြစ်ခဲ့ကြသည့်အပြင် ပြည်တွင်းတရားရုံး၌ပါ တရားစွဲဆိုမှုများ ရှိခဲ့သည်။
ဒေါ်ဝင်းဝင်းနု က “စစ်အစိုးရလက်ထက်မှာ တောင်းမယ်ဆိုရင် ရချင်မှရမယ်။ ဒီအမှုက ICJ မှာလည်း ရင်ဆိုင်ခဲ့တာဆိုတော့ သက်သေအထောက်အထား ခိုင်ပြီးသား။ ကျမဘက်က အလွဲသုံးစားလုပ်ခဲ့တာ မရှိသလို ဦးအောင်သောင်းနဲ့လည်း ပုဂ္ဂိုလ်ရေး မပြေလည်မှု မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယခုအခါ နိုင်ငံရေး အနေအထား ပြောင်းလဲနေပြီ ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံများကို တကျော့ပြန် ပြန်လည် ဖိတ်ခေါ်နေရာ မန္တလေးဘီယာနှင့် ပတ်သက်၍ မိမိ ဆုံးရှုံးနစ်နာမှုများကို သမ္မတ ဦးသိန်းစိန် အပါအဝင် သက်ဆိုင်သူများထံ တောင်းခံသွားမည်ဟု ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဒေါ်ဝင်းဝင်းနုက ဆိုသည်။
ရောင်ခြည်ဦး ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ ၇ သန်းခန့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း၊ ယခုအချိန်အထိ အစိုးရအဖွဲ့များထံသို့ လုပ်ငန်း တရားဝင် လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း ဒေါ်ဝင်းဝင်းနုက ဆက်ပြောသည်။
ရောင်ခြည်ဦး ကုမ္ပဏီသည် မန္တလေးဘီယာကို စတင် ရင်းနှီးမြှုပ်နှံစဉ်က ဆွီဒင်နိုင်ငံသား ကျွမ်းကျင်ပညာရှင် နှစ်ဦးဖြင့် ငွေကြေးနှင့် တခြားသော ကုန်ကြမ်းများကို စိုက်ထုတ်ကာ လည်ပတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုစဉ်က ဟန်နီကန် (Heineken)၊ ကားလ်စဘာ့ဂ် (Carlsberg)၊ ဆင်းဂါး (Singha) နှင့် ဖော်စတာ (Foster) စသည့် နာမည်ကျော် အမှတ်တံဆိပ်များ အပါအဝင် မှောင်ခိုဈေးကွက်မှ တရားမဝင် ဝင်ရောက်လာသည့် တရုတ်ဘီယာများနှင့်ပါ မန္တလေးဘီယာသည် ဘီယာဈေးကွက်တွင် ယှဉ်ပြိုင်ခဲ့သည်။
ဒေါ်ဝင်းဝင်းနုသည် ထိုစဉ်က နဝတ အစိုးရအဖွဲ့ဝင်များဖြစ်သည့် အတွင်းရေးမှူး (၁) တာဝန်ယူခဲ့သော ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် စိန်အောင်၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် မြင့်အောင်၊ ဗိုလ်ချုပ် မောင်မောင်ခင်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝင်းအောင် စသည့်သူများနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခဲ့သူ ဖြစ်သည်။
ထိုစဉ်က အဖြစ်အပျက်နှင့် ပတ်သက်ပြီး အမှတ် (၁) စက်မှုဝန်ကြီးဌာနကို ကိုင်တွယ်ခဲ့သည့် ဝန်ကြီးဟောင်း ဦးအောင်သောင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ရောင်ခြည်ဦး ကုမ္ပဏီသည် စာချုပ်အရ အမေရိကန် ဒေါ်လာ ၆ သန်း အရစ်ကျ ထည့်ဝင်မည်ဟု သဘောတူညီခဲ့သော်လည်း သက်တမ်းကုန်ဆုံးခါနီးအထိ အမေရိကန်ဒေါ်လာ ၁ သန်းခန့်သာ ထည့်ဝင်ထားသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် ရောင်းဝယ်မှု၌ စက်ရုံ ဒါရိုက်တာအဖွဲ့နှင့်လည်း ညှိနှိုင်းဆောင်ရွက်မှု မရှိကြောင်း၊ ထို့အတွက် စာချုပ်သက်တမ်းကို ဆက်လက် မတိုးမြှင့်တော့ခြင်းဖြစ်ကြောင်း ဖြေကြားသည်။
“ကျနော်တို့ကို လေးလေးစားစား ဆက်ဆံရမယ်လို့ ယူဆဟန်လည်း မတူဘူး၊ ဘယ်လူကြီး ပိုင်တယ်၊ ကက်ဘိနက် တဝက်ပိုင်တယ်၊ ထောက်လှမ်းရေးကို ပိုင်တယ်၊ ဘာရည်ရွယ်ချက်နဲ့ ပြောတယ်တော့ မသိဘူး၊ ခြိမ်းခြောက်တဲ့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်တယ်” ဟု ထိုစဉ်က ဆက်ဆံရေးနှင့် ပတ်သက်၍ ဦးအောင်သောင်းက ဆိုသည်။
ဒေါ်ဝင်းဝင်းနုဘက်မှ ICJ ၌ အမှုဖွင့် တိုင်ကြားသကဲ့သို့ မိမိတို့ကလည်း ဒေါ်ဝင်းဝင်းနုအား ပြည်ပမီဒီယာများသို့ မမှန်မကန် ပြောဆိုမှုကြောင့် ပြည်တွင်းတရားရုံးတွင် တရားစွဲဆိုခဲ့ရာ လာရောက်ရင်ဆိုင်ခြင်း မရှိသည့်အတွက် တရားခံပြေးဟု သတ်မှတ်ခဲ့ကြောင်း ဦးအောင်သောင်းက ပြောသည်။
စစ်အစိုးရလက်ထက်က ဒေါ်ဝင်းဝင်းနုအပေါ် တရားစွဲဆိုမှုကို ဥပဒေရှုထောင့်မှ ကြည့်လျှင် တရားမျှတ ပါကြောင်း၊ ဒေါ်ဝင်းဝင်းနုကသာ နိုင်ငံတော်ကိုသာ ပေးရန်ရှိသည်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောသည်။
နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသူများက ထိုစဉ်က စစ်အစိုးရအနေဖြင့် စီးပွားရေး ပဋိပက္ခများကို တရားဥပဒေအရ ဖြေရှင်းခြင်း မပြုဘဲ မန္တလေး ဘီယာစက်ရုံအား ဝင်ရောက် သိမ်းပိုက်လိုက်သည့်အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အမည်းစက်တခု ဖြစ်ခဲ့ပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း လက်တွန့်ခဲ့ရသည်ဟု သုံးသပ်ကြသည်။
၁၈၅၉ ခုနှစ်တွင် ကနောင်မင်းသားကြီး တည်ထောင်ခဲ့သော အမြောက်စက်ရုံကို ၁၈၈၆ တွင် ဗြိတိသျှတို့က ဘီယာစက်ရုံအဖြစ် ပြောင်းလဲပြီး ဘီယာ ထုတ်လုပ်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ခေတ်တွင်လည်း ဂျပန်တို့က ဘီယာကို ဆက်လက် ထုတ်လုပ်ခဲ့သည်။ ယင်းနောက် ခေတ်အဆက်ဆက်တွင် ဘီယာထုတ်လုပ်မှု လည်ပတ်ခဲ့ပြီး သက်တမ်း ၁၂၇ နှစ်ရှိပြီဖြစ်သော မန္တလေး ဘီယာသည် ရှေးကျသည့် အမှတ်တံဆိပ်တခု ဖြစ်ခဲ့သည်။
ယခုအခါ မန္တလေးဘီယာကို တပ်မတော်၏ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်က လွှဲပြောင်းလုပ်ကိုင်နေပြီး မြန်မာပြည် ဈေးကွက်တွင် ဟန်နီကန်၊ ကားလ်စဘာ့ဂ်၊ ဆင်းဂါး၊ ဘီယာချန်း စသည့် ဘီယာများနှင့် ယှဉ်ပြိုင်လျက်ရှိသည်။