ရခိုင်ပြည်နယ်ရှိ မြို့နယ် ၆ မြို့နယ်တွင် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို နောက်ထပ် ၂ လ သက်တမ်း တိုးလိုက်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လတွင် စတင်ခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခ ဖြစ်ပွားမှု တနှစ်ပြည့်မြောက်သည့်တိုင် နေရာဒေသတချို့တွင် လုံခြုံရေးအရ လိုအပ်သည်ဟု ယူဆသည့်အတွက် သက်တမ်းတိုးရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီကို ပြောသည်။
“အခြေအနေ မကောင်းလို့ ထပ်တိုးတာ မဟုတ်ပါဘူး။ တည်ငြိမ်အေးချမ်းနေပေမယ့် လိုအပ်သေးတယ်ထင်လို့ ၂ လ သက်တမ်း ထပ်တိုးတာပါ” ဟု ဦးဝင်းမြိုင်က ဆိုသည်။
ညမထွက်ရ အမိန့်သက်တမ်းတိုးသည့် မြို့နယ်များမှာ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်၊ စစ်တွေ မြို့နယ်များ ဖြစ်ပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။
ညမထွက်ရ အမိန့်သည် မြို့နယ်တချို့တွင် လိုအပ်နေသေးသော်လည်း တချို့ဒေသများတွင် မလိုအပ်တော့ကြောင်း၊ ညမထွက်ရ အမိန့်ကြောင့် ညအချိန်တွင် သွားလာရသည့် ရေကြောင်း၊ ကုန်းကြောင်း ခရီးစဉ်တချို့ ကြန့်ကြာမှုများ ရှိကြောင်း ဒေသခံများက ပြောသည်။
“တချို့အလုပ်သမားတွေ၊ အရောင်းအဝယ် လုပ်သူတွေက ည ၉ နာရီ၊ ၁၀ နာရီလို အချိန်တွေမှ အိမ်ပြန်ရတာ၊ ဆိုင်သိမ်းတာတို့ လုပ်ရတယ်၊ ၁၄၄ အမိန့် ထုတ်ထားတော့ အခြေခံ လူတန်းစားတွေအတွက် စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေကြတယ်” ဟု ကျောက်ဖြူ ဒေသခံတဦးက ပြောသည်။
ကျောက်ဖြူမြို့တွင် ညမထွက်ရ အမိန့် သက်တမ်း ထပ်တိုးကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ပြီးခဲ့သည့် နှစ်ရက်က ကြေညာခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်၊ မောင်တောနှင့် ကျောက်တော် မြို့နယ်တို့တွင်မူ ညမထွက်ရ အမိန့် ထုတ်ပြန်ထားသော်လည်း နယ်စပ်ဒေသ ဖြစ်သည့်အတွက် ထိရောက်မှု မရှိကြောင်း ဒေသခံများက ပြောသည်။
ကျောက်တော်မြို့နယ်၊ ကုလားတန် မြစ်ကြောင်း တလျှောက်တွင် နေထိုင်သူ ဘင်္ဂါလီများနှင့် ဒေသခံ တိုင်းရင်းသားတို့ အကြား အငြင်းပွားမှု မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံတဦးဖြစ်သူ ဦးမောင်မောင်က ပြောသည်။
“ညမထွက်ရ အမိန့်ထုတ်ထားပေမယ့် ညဘက်မှာ ခိုးထွက်တယ်။ မြစ်ကြောင်း တလျှောက်မှာ ပိုက်ကွန်တွေ ထောင်ထားခဲ့ကြတော့ ကျနော်တို့ ဒေသခံတွေရဲ့ စက်လှေတွေ၊ လောင်းလှေတွေ ခဏခဏ မှောက်တယ်။ စစ်တပ်နဲ့ အာဏာပိုင်တွေကို တိုင်ရင်လည်း ထိရောက်မှု မရှိဘူး” ဟု ၎င်းက ဆိုသည်။
ကုလားတန်မြစ်ကြောင်း တလျှောက် ကျေးရွာများတွင် ဘင်္ဂါလီလူဦးရေ များပြားသည့်အတွက် လုံခြုံရေးတပ်များ ချထားသော်လည်း ထိရောက်မှု မရှိဟု သိရသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လနှင့် အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ညမထွက်ရ အမိန့်ကို ရခိုင်ပြည်နယ်၏ မြို့နယ်အများအပြားတွင် ထုတ်ပြန်ခဲ့ပြီး အများစုမှာ ပြန်လည် ရုတ်သိမ်းနိုင်ခြင်း မရှိသေးပေ။ သို့သော် နယ်မြေ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်၍ ကန့်သတ်ချိန် အတိုးအလျော့ ပြုလုပ်ခြင်းများရှိသည်။
စစ်တွေဒေသနှင့် တခြားမြို့ တချို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သူ တချို့ ရှိကြောင်း၊ ထိုသို့ထွက်သည့်အတွက် လူရာချီ ဖမ်းဆီး အရေးယူခံခဲ့ရကာ အများစုမှာ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောသည်။ ၂၀၁၂ ခုနှစ်အတွင်း ပဋိပက္ခများကြောင့် လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး ၁ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။