အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ထုတ်ဝေလျှက်ရှိသော မြန်မာတိုင်းမ် ဂျာနယ်ကို ရပ်ဆိုင်းရန်နှင့် ယင်းဂျာနယ် ထုတ်ဝေနေသော Myanmar Consolidated Media (MCM) Co., Ltd. ကုမ္ပဏီကို ဖျက်သိမ်းရန် အဆိုပါ ကုမ္ပဏီမှ ဒါရိုက် တာများ ဖြစ်ကြသော ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက် ထားလိုက်ကြောင်း သိရသည်။
ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံးသို့ ၂၀၁၃ ခုနှစ် တရားမ အထွေထွေ အမှုအမှတ် ၁၅၁ ဖြင့် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျာနယ်ကိုရပ်ဆိုင်းရန်အတွက် တားမြစ်အမိန့်ပါ တပါတည်း တင်ထားပြီးဖြစ်ကြောင်း လျှောက်ထားသူများ ဘက်မှ အကျိုးဆောင်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်မြင့်က ဧရာဝတီသို့ ပြောသည်။
“တရားရုံးကို ရောက်တယ်ဆိုကတည်းက အားလုံး ချေပခွင့် ရှိပါတယ်။ ဒီတားမြစ်အမိန့်ကိုရော၊ ကုမ္ပဏီဖျက်သိမ်းဖို့ လျှောက်တာ ကိုရော တဘက်ကလည်း ချေပခွင့်ရှိပါတယ်။ ကျနော်တို့ကို ကုမ္ပဏီ ဖျက်သိမ်းချင်တယ်လို့ တရားစွဲခိုင်းလို့ စွဲတာပဲ။ ဥပဒေ အတိုင်းပဲ လုပ်သွားတာပါ။ ကျနော်တို့က တရားရုံးကိစ္စတွေ ဆိုတော့ သိပ်ပြောလို့မရပါဘူး။ ကျနော်တို့ ပြောလိုက်လို့ တရား ရုံးဘက်ကရော၊ အမှုရင်ဆိုင်ရမယ့် တခြားဘက်တွေကရော တမျိုးမြင်သွားမှာ မလိုလားပါဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့ ကြွေးမြီးရှင် ဘက်မှ စာရင်းရှင်း၊ ကုမ္ပဏီ ဖျက်သိမ်းလိုကြောင်း ကြေညာချက်ကိုသာ သိထားပြီး မည်သို့ လျှောက်ထားသည် ဆိုသည့် အသေးစိတ်ကို မသိရသေး သောကြောင့် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို မပြောနိုင်သေးကြောင်း MCM Co., Ltd. ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် ရှေ့နေ ဦးမင်းစိန်က ဧရာဝတီသို့ ပြောသည်။
၎င်းတို့ အနေဖြင့် မြန်မာတိုင်းမ် ဂျာနယ် ထုတ်ဝေမှုကို ရပ်ဆိုင်းရန် တဘက်က တင်ပြထားသည်ကိုလည်း မသိရ သေးကြောင်း၊ တဘက်ရှေ့နေထံမှ လျှောက်ထားမှု အသေးစိတ်ကို သိရပြီးမှသာ မည်သို့ ဆက်လက် ဆောင်ရွက်သွားမည်ကို ဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကုမ္ပဏီ နည်းဥပဒေအရ ကျနော်တို့ လျှောက်ထားမှု အသေးစိတ်ကို တောင်းရဦးမယ်။ သတင်းစာထဲ ပါသလောက်ကတော့ အကြွေးရစရာရှိလို့ စာရင်းရှင်းမယ့် သဘောမျိုးလောက်ပဲ ရှိသေးတယ်။ အဲဒီလျှောက်လွှာကို တိတိကျကျ သိရတော့မှ သူတို့မှာ ဂျာနယ်ထုတ်ဝေမှုကို တားမြစ်ခွင့်ရှိ၊ မရှိ၊ ကုမ္ပဏီ ဖျက်သိမ်းကိစ္စကိုလည်း ဘယ်လို ဆက်လုပ်မယ်ဆိုတာ ပြောလို့ ရမယ်။ အခုအချိန်အထိ ကျနော်တို့ဘက်က အသေးစိတ် ဘာမှ ပြောလို့မရသေးပါဘူး” ဟု ၎င်းက ဆက်ဆိုသည်။
မြန်မာတိုင်းမ် ဂျာနယ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်သော မိမိ တို့နှင့် ၄၉ ရာခိုင်နှုန်း ပိုင်းဆိုင်သော နိုင်ငံခြားသား မစ္စတာ ရော့စ် ဒန်ကလေတို့ အကြား ရှယ်ယာကိစ္စများနှင့် မည်သို့မျှ ညှိနှိုင်း ဆောင်ရွက်၍ မရတော့သောကြောင့် ကုမ္ပဏီကို တရားရုံး၏ အဆုံးအဖြတ်ဖြင့် ဖျက်သိမ်းရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဒေါက်တာ ခင်မိုးမိုးက ဧရာဝတီသို့ ပြောသည်။
မိမိတို့ လက်ဝယ် ပိုင်ဆိုင်ထားသော ရှယ်ယာများကိုလည်း ရောင်းချ၍ မရသည့်အတွက် ထိုသို့ ဖြစ်လာရခြင်း ဖြစ်ကြောင်း၊ရှယ်ယာများကို မစ္စတာ ရော့စ် ဒန်ကလေ ဘက်မှ ရှင်းလင်းပေးရန် လက်တွေ့ ဖြစ်မလာသောကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ညှိလို့ရခဲ့ရင်တော့ ဒီအခြေအနေ ဘယ်ဖြစ်လာမလဲ။ အခုတော့ တရားရုံး ဆုံးဖြတ်ချက် မကျသေးခင်မှာ စကားဦးသန်းတဲ့ စကားမျိုး မပြောချင်ဘူး။ တရားရုံးကို စော်ကားသလို ဖြစ်မှာစိုးလို့။ ကုမ္ပဏီကို အပြီး ဖျက်သိမ်းလိုက်ချင်တဲ့ ဆန္ဒတော့ မရှိပါ ဘူး။ ဒီလောက်ကောင်းတဲ့ အလုပ်တခုကို မဖြစ်လွန်းလို့သာ လုပ်ရတာပါ” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ ကုမ္ပဏီကိုပါ ဖျက်သိမ်းရန်အထိ ဆောင်ရွက်ခြင်းသည် ကောင်းမွန်သော လုပ်ရပ်တခု မဟုတ်ကြောင်း၊ တကယ် ဖျက်သိမ်းသည် ဖြစ်စေ၊ မဖျက်သိမ်းသည် ဖြစ်စေ ဝင်ရောက် လုပ်ကိုင်နေသော ဝန်ထမ်းများ၏ စိတ်ဓာတ် ရေးရာများကို ထိခိုက်စေသော လုပ်ရပ်ဖြစ်ကြောင်း မြန်မာတိုင်းမ် သတင်းဌာနကို စတင် တည်ထောင်သူများထဲတွင် တဦး အပါအဝင် ဖြစ်သည့် ဦးဆန်နီဆွေက ဧရာဝတီသို့ ပြောသည်။
ဦးဆန်နီဆွေသည် ၂၀၀၄ ခုနှစ် စစ်ထောက်လှမ်းရေး လက်ထက်တွင် စာပေစိစစ်ရေး၏ ခွင့်ပြုချက် မယူဘဲ ဂျာနယ်တွင် သတင်းဖော်ပြမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၅ ခုနှစ် ဧပြီတွင် ၎င်းကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ရကာ ယခုနှစ် ဧပြီတွင် ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။
၎င်းအနေဖြင့် ၂၀၀၅ ခုနှစ်ကတည်းက မြန်မာတိုင်းမ် တွင် ရှယ်ယာပိုင်ဆိုင်မှု မရှိခဲ့သောကြောင့် အကျဉ်းကျ နေမှုမှ လွတ်မြောက်လာပြီး နောက်ပိုင်း ရှယ်ယာများကို ပြန်လည်ဝယ်ယူရန် ကြိုးစားခဲ့ရာ ဈေးနှုန်း ကိုက်ညီမှု မရှိခြင်းကြောင့် မဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
“ကျနော်က မြန်မာတိုင်းမ်ကို တည်ထောင်သူ တယောက်အနေနဲ့ အများကြီး သံယောဇဉ်ရှိတယ်။ ဒီလိုမျိုး ပိတ်သိမ်းတာ၊ ဖျက်သိမ်းတာအထိပါ လုပ်တာမျိုးကတော့ အလုပ်သမားတွေ အတွက်ပါ အများကြီး ကသောင်းကနင်းဖြစ် စေတာပေါ့။ ဒီလိုမျိုး လုံး၀ မလုပ်သင့်ပါဘူး။ ကျနော်ကိုယ်တိုင် စတင် ပျိုးထောင်ခဲ့တဲ့အတွက် တော်တော် စိတ်မကောင်း ပါဘူး။ ရှယ်ယာတွေ ပြန်ဝယ်ဖို့ ဘာ့ကြောင့် မအောင်မြင်တာလဲတော့ ကျနော်မသိဘူး။ မရောင်းချင်လို့ မရောင်းတာ ဖြစ်မှာပေါ့” ဟု ဦးဆန်နီဆွေက ပြောသည်။
မြန်မာတိုင်းမ် ရှယ်ယာ ကိစ္စနှင့် ပက်သက်ပြီး ယခုနှစ် ဇန်နဝါရီလ အတွင်းကလည်း ရှယ်ယာရှင်များ အချင်းချင်း စကားများ၍ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဟု ဆိုကာ အမှုဖွင့်သည် အထိ ဖြစ်ခဲ့ကြကြောင်း သိရသည်။
မြန်မာတိုင်းမ် သတင်း ဂျာနယ်ကို ၂၀၀၀ ပြည့်နှစ်တွင် ဦးဆန်နီဆွေနှင့် သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ တို့က စတင်တည်ထောင်ခဲ့ပြီး အင်္ဂလိပ် ဘာသာ တမျိုးတည်းဖြင့် စတင် ထုတ်ဝေခဲ့သည်။ ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဦးဆောင်ခဲ့သော စစ်ထောက်လှမ်းရေး အဖွဲ့သည် ဂျာနယ် ထုတ်ဝေမှုတွင် ကျောထောက် နောက်ခံပြုမှုများ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာဘာသာဖြင့်ပါ ထုတ်ဝေခဲ့သည်။
မြန်မာတိုင်းမ် ဂျာနယ်တွင် နိုင်ငံခြားသား အယ်ဒီတာ အများအပြား ဝင်ရောက် လုပ်ကိုင်နေမှု၊ ရော့စ် ဒန်ကလေနှင့် ပတ် သက်သည့် နိုင်ငံခြား သတင်းထောက် အများအပြားသည် ၂၀၁၀ ရွေးကောက်ပွဲကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် ကာလများတွင် သတင်းများ ရယူ ဖော်ပြခဲ့မှုများကြောင့် ထိုကာလက ပြန်ကြား ရေးဝန်ကြီး ဦးကျော်ဆန်း၏ မျက်မုန်းကျိုးမှု ခံရကာ ဒေါက်တာတင်ထွန်းဦးနှင့် ရော့စ် ဒန်ကလေတို့ ပြဿနာ ဖြစ်ပွား ခဲ့သေးကြောင်း အဆိုပါ ဂျာနယ်နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနစ် ဇန်နဝါရီလ ကတည်းက ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက် အရွေးချယ်ခံခဲ့ပြီး ရှုံးနိမ့်ခဲ့သော ဒေါက်တာတင်ထွန်းဦးနှင့် ရော့စ် ဒန်ကလေတို့ အကြား ပြဿနာများ စတင်ဖြစ် ပွားခဲ့ကြောင်း၊ ယခု ဖြစ်ပွားခဲ့သော ပြဿနာမှ စတင်၍ ရှယ်ယာရှင်များ အချင်းချင်း သတင်းစာ ထုတ်လုပ်မှု ကိစ္စတွင် သဘောထား ကွဲလွဲနိုင်ကြောင်း၊ ရှယ်ယာ ထုတ်ယူသည်အထိပင် ဖြစ်လာနိုင်ကြောင်း ယင်းဂျာနယ်နှင့် နီးစပ်သူများက သုံးသပ်ကြသည်။