ဧရာဝတီ တိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးချစ်လွင်ကို လယ်သမားတဦးက တရားစွဲဆိုထားမှုအပေါ် အထောက်အထားများ မပြဘဲ မြို့နယ်တရားရုံးက ပယ်ချ လိုက်သည်။
ကန်ကြီးထောင့်မြို့နယ် ခုံဇင်ကုန်း ကျေးရွာအုပ်စု၊ ငါးရှဥ့်ထူး ကျေးရွာနေ ဒေါ်နော်လာဟေးက ၎င်းပိုင် လယ် ၁၃ ဧကအတွင်း စိုက်ပျိုးထားသည့် စပါးပင်များအား ဦးချစ်လွင်က ဝင်ရောက် ဖျက်ဆီးသည်ဟုဆိုကာ ဇူလိုင်လ ၂ ရက်နေ့က မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယင်းလယ်များမှာ ဦးချစ်လွင် ဝယ်ယူထားသည်ဟူသော အကြောင်းပြချက်ဖြင့် ရုံးတော်က ပလပ်လိုက်ခြင်းဖြစ်သည်။
“ပလပ်ကြောင်း ဖတ်ပြတဲ့စာထဲမှာ ဒီလယ်တွေဟာ ဦးချစ်လွင်က တဖြတ်စီ တဖြတ်စီ ငွေကြေးနဲ့ ဝယ်ထားတာ ရှိခဲ့တယ်။ လယ်ယာမြေ ဥပဒေအရ အုပ်ချုပ်ရေးမှူးက လယ်ယာမြေ ကော်မတီဖွဲ့စည်းပြီး တားတဲ့အချိန်မှာ သူတို့ (နော်လာဟေး) က ဝင်လုပ်ခဲ့ခြင်း ဖြစ်တယ်။ ဥပဒေလမ်းကြောင်းအရ ဦးချစ်လွင်ကို စွပ်စွဲချက်တွေ မခိုင်လုံတဲ့အတွက် ဒီအမှုကို ပလပ်ပါတယ်လို့ အကြောင်းပြ ထားတယ်” ဟု လယ်သမားများဘက်မှ လိုက်ပါကူညီ ပေးနေသူ ကိုမြင့်နိုင်က ပြောသည်။
ယမန်နေ့ တရားခွင်သို့ ဧရာဝတီတိုင်းဒေသကြီး၌ လယ်ယာမြေနှင့် ပတ်သတ်၍ ပထမဆုံး တရားစွဲဆိုခံရသူ လွှတ်တော် ကိုယ်စားလှယ် ဦးချစ်လွင် လာရောက်ခြင်းမရှိဘဲ တရားလို ဒေါ်နော်လာဟေး ရှေ့မှောက်၌ အမှုအား ကိုင်တွယ်ခဲ့သည့် ကန်ကြီးထောင့်မြို့နယ် တွဲဘက် တရားသူကြီးက ဆုံးဖြတ်ချက်ကို ဖတ်ပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုအား လာမည့်စက်တင်ဘာလ ၅ ရက်နေ့တွင် ပုသိမ်ခရိုင် တရားရုံးသို့ အယူခံ တက်သွားမည်ဖြစ်ကြောင်း တရားလို ဒေါ်နော်လာဟေး၏ သားဖြစ်သူ ကိုရေချမ်းက ပြောသည်။
“ဒီလယ်တွေဟာ ကျနော်တို့ လယ်တွေပါ။ ကျနော်တို့သူ့ကို ရောင်းထားတာ မရှိပါဘူး။ ဦးချစ်လွင်ကို ကျနော်တို့ ငွေပေးစရာရှိတာ ဟုတ်ပါတယ်။ ခြံနဲ့နွား ၆ ကောင် အပေါင်ထားပြီး ငွေချေးခဲ့တာပါ။ လယ်ကိုပေါင်တာ ရောင်းတာ မဟုတ်ပါဘူး။ အမှန်တရား ပေါ်ပေါက်ဖို့ အမှုကိုဆက်ပြီး အယူခံတက်သွားမှာပါ” ဟု သူက ဆိုသည်။
ဦးချစ်လွင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။
လယ်ယာမြေ အမှုနှင့်ပတ်သတ်၍ လွှတ်တော်ကိုယ်စားလှယ် ဦးချစ်လွင်အား ဧရာဝတီက ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
လယ်ကိစ္စနှင့် ပတ်သတ်၍ ဧရာဝတီ သတင်းဌာန၏ အစောပိုင်း ဆက်သွယ် မေးမြန်းချက်တွင် ဦးချစ်လွင်က ဒေါ်နော်လာဟေး ၏ လယ် ၅ ဧကကို ၁ ဧက ကျပ် ၆ သိန်းနှုန်းဖြင့် ဝယ်ယူထားကြောင်း၊ လယ်ယာ ဝယ်ယူမှုနှင့်ပတ်သတ်၍ ယုံကြည်မှုဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး သူ့ထံတွင် စာချုပ်စာတမ်း အထောက်အထား မရှိကြောင်း၊ လယ်ယာမြေနှင့် ပတ်သတ်၍လည်း မြေခွန်ပြေစာ၊ ဘဏ်စာအုပ် စသဖြင့် အထောက်အထား တစုံတရာ မရှိကြောင်း ပြောဆိုထားသည်။
ဦးချစ်လွင် အနေဖြင့် လယ်ယာမြေ ဝယ်ယူကြောင်း အထောက်အထား တစုံတရာ ပြသနိုင်ခြင်းမရှိဘဲ ရုံးတော်က အမှုကို ပလပ်လိုက်ခြင်းမှာ တရားမျှတမှု မရှိကြောင်း လယ်သမားအရေးကူညီသူ ကိုမြင့်နိုင်က ပြောသည်။
“လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ တရားစွဲခံရသူ တရားခံ တယောက်လို ရုံးတော်မှာ လာရောက် ထွက်ဆို တာလည်း မရှိဘဲ ရဲကနေ ဒီလိုပဲ အမှုစစ်ပြီး မေးမြန်းပြီးတော့ တင်ပေးလိုက်တယ်။ ဒီလယ်တွေကို သူဝယ်ထားပါတယ်လို့ စာချုပ်စာတမ်း ပြနိုင်တာမရှိဘူး။ ပါးစပ်နဲ့ပဲ ဝယ်ထားပါတယ် ပြောပြီး ရုံးတော်က ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာ တရားမျှတမှု မရှိဘူးလို့ ပြောချင်ပါတယ်” ဟု သူက ဆိုသည်။
မိမိတို့အနေဖြင့် ဦးချစ်လွင်ထံ၌ ခြံနှင့် နွား ၆ ကောင် အပေါင်ထားပြီး ၁၀ ကျပ်တိုးဖြင့် ငွေ ၃၇ သိန်း ချေးယူခဲ့ခြင်း ဖြစ်ကြောင်း၊ အတိုး မဆပ်နိုင်သဖြင့် လယ်ယာမြေမှ ထွက်ရှိသော စပါးအားလုံးကို နှစ်စဉ် အတိုးအဖြစ် ပေးဆပ်ခဲ့ရကြောင်း ဒေါ်နော်လာဟေး၏ သားဖြစ်သူ ကိုရေချမ်းက ပြောသည်။
“သူက လယ်က ထွက်သမျှစပါး နှစ်တိုင်းရတာကို မကျေနပ်ဘဲ လယ်တွေကို မှတ်ပုံတင်ရာမှာ သူ့နာမည်နဲ့ ပြောင်းပြီး မှတ်ပုံတင်မယ် ပြောတယ်။ ကျနော်တို့က အကြွေးကိုဆပ်ပါမယ်၊ လယ်ကိုတော့ မယူပါနဲ့ပြောတာ မရဘူး။ ငွေပြန်ဆပ်တာ သူက လက်မခံတော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးချစ်လွင်သည် ငွေချေး၍ လယ်နှင့် အိမ်ခြံမြေများ သိမ်းယူလေ့ရှိကြောင်း လယ်ယာမြေများ အကြွေးဖြင့် အသိမ်းခံခဲ့ရသည့် ကန်ကြီးထောင့်မြို့နယ် ဆားကွင်း ကျေးရွာမှ လယ်သမားများထံမှ သိရသည်။
“ကျနော်က မပြေလည်လို့ သူ့ဆီမှာ ငွေ ၁ သိန်း ယူခဲ့တယ်။ မပြေလည်လို့ မဆပ်နိုင်ဖြစ်တော့ အတိုးတက်လာတာ ၄ သိန်း ဖြစ်သွားရော။ ပြီးတော့ကျနော့်လယ် ၅ ဧကကျော်ကို သိမ်းသွားတယ်။ ပြေစာတွေကို ကျေးရွာ မြေတိုင်းစာရေးနဲ့ ပေါင်းပြီး ခိုးထုတ်သွားတာ။ ပိုင်ရှင်ဖြစ်တဲ့ ကျနော်တောင် မသိလိုက်ဘူး။ အခု သူ့ငွေ ပြန်ပေးမယ်၊ လယ်ပြန်ပေးပါ ဆိုတာကို သူက လုံး၀ လက်မခံဘူး” ဟု ဆားကွင်း ကျေးရွာမှ လယ်သမားတဦးက ပြောသည်။
ဧရာဝတီ တိုင်းဒေသကြီးရှိ မြို့နယ်တရားရုံးများ၌ လယ်ယာမြေနှင့် ပတ်သက်၍ တရားစွဲဆိုမှု အမြောက်အမြား ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။