ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ တရားခံအဖြစ်စွပ်စွဲပြီး မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ် ချမှတ်ခံလိုက်ရတဲ့အပေါ် အဖြစ်မှန်ကို ဖုံးကွယ်ပြီး လူစားထိုးလိုက်တယ်လို့ သံသယရှိနေကြတဲ့ မြန်မာလူထုဟာ မြန်မာလူငယ် နှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ထုတ်မှုတွေ ဆက်တိုက် ပြုလုပ်နေကြပါတယ်။
ဒီအမှုကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီ တရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က အမိန့်ချမှတ် လိုက်တာဖြစ်ပြီး အဲဒီနေ့ မွန်းလွဲပိုင်းကစကာ ရန်ကုန် မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့မှာ စတင်ဆန္ဒပြခဲ့ကြတာပါ။ ရန်ကုန်မြို့က စတင်လိုက်တဲ့ ဆန္ဒပြတောင်းဆိုမှုတွေဟာ မန္တလေး၊ မုံရွာတို့ အပါအဝင် မြန်မာပြည် အထက်၊ အောက်မြို့တွေကို ပါ ဆက်တိုက်ဆိုသလို ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဂိတ်ပေါက်မြို့ တွေဖြစ်တဲ့ မြဝတီ၊ တာချီလိတ်နဲ့ ဘုရားသုံးဆူတို့မှာလည်း ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ခဲ့သလို ကံပေါက်ဒေသမှာရှိတဲ့ ထိုင်းနိုင်ငံ အခြေစိုက် PTTEPI စွမ်းအင် ကုမ္ပဏီတွေကိုပါ မြန်မာလူထုက ဆန္ဒပြလာကြပါတယ်။
ဗြိတိန်နိုင်ငံသားတွေဖြစ်တဲ့ Hannah Witheridge နှင့် David Miller တို့ရဲ့ အလောင်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ မနက် အစောပိုင်းက Koh Tao ခေါ် လိပ်ကျွန်းရှိ Sairee ကမ်းခြေမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် Witheridge က အဓမ္မပြုကျင့်ခံထားရပြီး ဥယျာဉ်သုံး ပေါက်ပြားဖြင့် အရိုက်ခံထားရပါတယ်။ အသက် ၂၄ နှစ်အရွယ် David Miller က သတိမေ့မြောအောင် အရိုက်ခံထားရပြီးနောက် ပင်လယ်ထဲကို ဆွဲချခံခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပုံရိပ်တွေကို ထိုခိုက်လာမှာ စိုးရိမ်တဲ့အတွက် ထိုင်းရဲတပ်ဖွဲ့ဟာ ဒီအမှုကို အလျင်အမြန် ဖြေရှင်းဖို့ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်တဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ နှစ်ဦးဟာ သံသယ တရားခံတွေဖြစ်လာပါတယ်။ လူစားထိုးတယ်၊ မြေနိမ့်ရာလှံစိုက်တယ်ဆိုတဲ့ စွပ်စွဲပြောဆို မှုတွေဟာ သေဒဏ်ချပြီးချိန်အထိ လျော့ကျ မသွားခဲ့ပါဘူး။
မြန်မာလူငယ်နှစ်ဦးက သူတို့ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က မူလက ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် နောက်ပိုင်း ဒီအမှုမှာ သူတို့ နှစ်ဦး ပြစ်မှုကျူးလွန်းခြင်းမရှိကြောင်း၊ နှိပ်စက်ဝန်ခံ ခိုင်းတဲ့အတွက် ကျူးလွန်တယ်လို့ ပြောဆိုခဲ့တာဖြစ်ကြောင်း ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ဆီက တရားရုံးမှာ ထွက်ဆိုခဲ့ကြပါတယ်။
လိပ်ကျွန်းလူသတ်မှုမှာ မြန်မာလူငယ် ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ညှင်းပန်းနှိပ်စက်တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က တောင်းဆိုထားတာ တွေ့ရပါတယ်။
လိပ်ကျွန်းလူသတ်မှုဟာ ထင်ရှားတဲ့ အမှုဖြစ်လို့ ကျော်ကြားခဲ့ပေမယ့် ထိုင်းနိုင်ငံအတွင်းမှာ အမှုအခင်း ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေကို တရားခံအဖြစ်စွပ်စွဲကာ ထိုင်းရဲတွေရဲ့ ရိုက်နှက်စစ်ဆေးမှုတွေ ခံခဲ့ရသူတွေ အများအပြား ရှိခဲ့ကြပါတယ်။
အခုနှစ် စက်တင်ဘာလအတွင်းက အသက် ၁၇ နှစ်အရွယ် ကျောင်းသူတဦးကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၄ ဦးသူတို့ကို ရနောင်း ရဲအဖွဲ့က နှိပ်စက် ညှဉ်းပမ်းပြီး ဖြောင့်ချက် ပေးခိုင်းခဲ့တယ်လို့ ပြောဆိုကြောင်း ဘန်ကောက်ထုတ် Bangkok Post သတင်းစာက ဖော်ထုတ်ရေးသား ခဲ့တာလည်း တွေ့ ရပါတယ်။
လိပ်ကျွန်း အမှုမှာလည်း ထိုင်းရဲတပ်ဖွဲ့ ဆောင် ရွက်ထားတဲ့ မျိုးရိုးဗီဇ DNA ရယူပုံတွေဟာ တရားဝင် ဆောင်ရွက်မှုတွေ မဟုတ်သလို အမှုအတွက် အရေးပါတဲ့ ကွင်းဆက်တွေကို ဖျောက်ဖျက် ပစ်ခဲ့တယ်လို့ လိပ်ကျွန်းအမှုမှန် ပေါ်ပေါက်ရေး အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖွဲ့စည်းပေးထားတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့က ဆိုပါတယ်။
အလားတူ ဒီအမှုကို DNA စစ်ဆေးပေးခဲ့တဲ့ နာမည်ကျော် ထိုင်းမှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ အမျိုးသမီး ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်ကလည်း ပေါက်တူးရိုးပေါ်မှာ တွေ့ခဲ့တဲ့ DNA ဟာ မြန်မာလူငယ် နှစ်ဦးဖြစ်တဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ရဲ့ DNA မဟုတ်ဘဲ တခြားသူ တဦးရဲ့ DNA သာ ဖြစ်တယ်လို့ ဧရာဝတီနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
“ကျမတို့ အဖွဲ့က တွေ့ရှိခဲ့တာကတော့ လူသတ်လက်နက်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားတဲ့ ပေါက်ပြားပေါ်မှာ တွေ့ရှိရတဲ့ DNA က စွပ်စွဲခံaနရသူ ၂ ဦးရဲ့ DNA နဲ့ မတူပါဘူး။ အမျိုးအမည်မသိ ယောက်ျားတယောက်ရဲ့ DNA ဖြစ်ပါတယ်။ တခြားသူတွေရဲ့ DNA တွေလည်း ကျမတို့ ရဖို့လိုပါတယ်။ စွပ်စွဲခံနေရသူတွေ မဟုတ်တဲ့ ဘယ်သူမှန်း မသိတဲ့ အမျိုးသားတယောက်ရဲ့ DNA ကိုပဲ ကျမတို့ တွေ့ခဲ့တာပါ” လို့ ဒေါက်တာ ပွန်းထစ်ရိုကျနာ စူလန်က ဆိုထားပါတယ်။
လိပ်ကျွန်းလူသတ်မှု တရားစီရင်ချက်ဟာ မျှတတဲ့ တရားစီရင်ချက် ဖြစ်တယ်လို့ သေဆုံးသူ David Miller ရဲ့ မိသားစုဝင်တွေက ကော့စမွီတရားရုံးရှေ့မှာ အမိန့်ချပြီး နာရီပိုင်း အတွင်းမှာပဲ သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်လို အကြောင်းအချက်တွေ အပေါ်မှာ တည်မှီပြီး ပြောသလဲဆိုတဲ့ အရင်းခံ အကြောင်းတရားကိုတော့ မသိရသေးပါဘူး။
ဗြိတိန်နိုင်ငံသား နှစ်ဦးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး လိပ်ကျွန်းကို ဗြိတိသျှ စုံထောက်တွေ ကွင်းဆင်း စစ်ဆေးခဲ့ကြ ပေမယ့်လည်း ဒီစစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရက ပွင့်ပွင့်လင်းလင်း ထုတ်ပြန်တာမရှိသလို ရေငုံနှုတ်ပိတ်နေတဲ့ အပေါ်မှာ ဒီအမှုကို စိတ်ဝင်တစား စောင့်ကြည့်နေသူတွေက အားမလိုအားမရ ဖြစ်နေကြပါတယ်။
ဒါ့အပြင် လိပ်ကျွန်းလူသတ်မှု အမှုမှန် ပေါ် ပေါက်ရေးအတွက် ဗြိတိန်အစိုးရရဲ့ ရပ်တည်ချက်အပေါ် လူအခွင့်အရေး အဖွဲ့တွေက မေးခွန်းထုတ် နေကြပါတယ်။
ကော့စမွီတရားရုံးက သေဒဏ်စီရင်မှုကို David Miller မိသားစုဝင်တွေက မျှတတဲ့ စီရင်မှုဖြစ်တယ်လို့ ပြောဆိုချိန်မှာ အံ့အားသင့် ငိုပွဲဆင်ခဲ့ရသူတွေ ကတော့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ရဲ့ မိခင်တွေ ဖြစ်ပါတယ်။ အရင် ရုံးချိန်းရက်တွေမှာ သားဖြစ်သူတွေက သူတို့ မကျူးလွန်ကြောင်း ယုံကြည်ဖို့ ကတိပေးခဲ့တဲ့အတွက် အမှုက ကွင်းလုံးကျွတ် လွတ်မယ်လို့ မိခင်နှစ်ဦးက မျှော်လင့်ခဲ့ကြတာပါ။
သေဒဏ်အမိန့် ချမှတ်လိုက်ချိန်မှာတော့ အရုပ်ကြိုးပြတ် ငိုကြွေးခဲ့ကြပါတယ်။ အရင်ရုံးချိန်းတွေမှာ သားအတွက် စိတ်ဓာတ်မာမာနဲ့ မျက်ရည် မကျဘဲ ယုံယုံကြည်ကြည် မျှော်လင့်နေတဲ့ မောင်ဇော်လင်းရဲ့ မိခင်တောင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ငိုကြွေးခဲ့တာ တွေ့လိုက်ရပါတယ်။
မြန်မာလူငယ် နှစ်ဦး သေဒဏ်ချမှတ်ခံလိုက်တဲ့ သတင်းကို ထိုင်းမီဒီယာတွေကလည်း ခေါင်းကြီး သတင်းအဖြစ် ဖော်ပြနေကြပြီး ထိုင်းနဲ့မြန်မာ နိုင်ငံအကြား သတိထားရမယ့် ဆက်ဆံရေး အနေအထားကို ရောက်သွားပြီလား ဆိုပြီး မေးခွန်းထုတ်လာတာတွေ ရှိနေပါတယ်။ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပေါ် နေပေမယ့် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကတော့ ပြောပလောက်တဲ့ ထိခိုက်မှုမျိုး မရှိသေးပါဘူး။
မြန်မာပြည်တွင်းက ဆန္ဒပြမှုတွေဟာ ထိုင်းနိုင်ငံအထိ ရိုက်ခတ်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ကိုယ်တိုင် မီဒီယာတွေရှေ့မှာ ထွက်ရှင်းနေရတဲ့ အခြေအနေအထိ ရောက်ရှိနေပါတယ်။ ဒီအပေါ်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အယူခံဝင်ခွင့်ဆိုတာ ကမ္ဘာတဝှမ်းလုံးမှာ ရှိသလို ထိုင်းနိုင်ငံမှာလည်း ရှိတဲ့အပြင် လူထုရဲ့ ဖိအားပေး ခံရတာနဲ့ပဲ အားလုံးကို လွှတ်ပေးဖို့လိုမလား ဆိုပြီးတော့ သတင်းစာ ရှင်းလင်းပွဲမှာ မကျေမနပ်နဲ့ ပြောဆိုသွားတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်မှု အပေါ်မှာ မြန်မာပြည်သူတွေတင် မကဘဲ ထိုင်းပြည်သူတွေကပါ သံသယ ရှိနေကြတာပါ။ ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးကို တရားခံအဖြစ် စွပ်စွဲဖမ်းဆီးစဉ်ကတည်းက ထိုင်းရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ် ထိုင်းပြည်သူတွေက သံသယ ပေါင်းစုံနဲ့ မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကတော့ ဒီအမှုမှာ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတကာ စံချိန် စံညွှန်းအတိုင်း ကိုင်တွယ် ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လူထုသိအောင် ချပြမှုမရှိသေးတဲ့ အခြေအနေအပေါ် ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ဝေဖန်ခံနေရတာတွေကတော့ လျော့ကျမသွားပါဘူး။
တချိန်တည်းမှာပဲ မြန်မာ့တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံရဲ့ တရားဥပဒေ အရ စီစဉ်ဆောင်ရွက်မှုကို လေးစားကြောင်း၊ ဒါပေမယ့်လည်း သက်သေ အထောက်အထားတွေ ခိုင်လုံမှု ရှိ မရှိ ပြန်လည် သုံးသပ် ဆန်းစစ်ပေးစေလိုကြောင်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး၊ ထိုင်းဘုရင့် တပ်မတော် စစ်ဦးစီးချုပ်တို့ထံကို နှစ်သစ်ကူး သဝဏ်လွှာပေးပို့တဲ့အထဲမှာ ထည့်သွင်း တောင်းဆို ထားတာကို တွေ့ရပါတယ်။
အဲဒီ သဝဏ်လွှာထဲမှာ “တရားဥပဒေအရ အပြစ်ရှိသူကို ပြစ်ဒဏ် မပေးမိခြင်းထက် အပြစ်မဲ့သူကို ပြစ်ဒဏ် ပေးမိခြင်းမျိုး မဖြစ်စေရန် အရေးကြီးပါကြောင်း၊ စီရင်ချက် ချမှတ်ခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား တည်ရှိနေသော ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားယုံကြည်မှုတို့ကို ရှေးရှုကာ တရားဥပဒေအရ ညီညွတ်မျှတစွာ အကောင်းဆုံး ဖော်ဆောင်အလေးထား ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း” လို့လည်း ပါရှိပါတယ်။
အလားတူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၉ ဖွဲ့နဲ့စုဖွဲ့ထားတဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ကလည်း နှစ်နိုင်ငံ ဘုံအကျိုးစီးပွားကို ရှေးရှုပြီး ပြန်လည် စဉ်းစားသုံးသပ်သင့်တဲ့အကြောင်း ထိုင်းတော်ဝင် အစိုးရကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။
နောက်ဆုံး သတင်းတွေအရ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ကို ကော့စမွီ အကျဉ်းထောင်ကနေ နခွန်စီထမ္မရတ်ချ် ခရိုင်ထောင်ကို ပို့ထားပြီး သံခြေကျင်းနဲ့ ၂၄ နာရီထားတယ်လို့ ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့တဲ့ ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးကွန်ရက် (MWRN) က ထုတ်ပြန်ထားပါတယ်။
နှစ်ဦးလုံးမှာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိနေဆဲဖြစ်ပြီး အကျဉ်းသားတွေကလည်း သူတို့ နှစ်ဦးကို အားပေးနှစ်သိမ့်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ အရင် ကော့စမွီအကျဉ်းထောင်မှာ နေခဲ့စဉ်ကလည်း အကျဉ်းသားတွေရဲ့ ဖေးမနှစ်သိမ့်မှုတွေကို ရရှိခဲ့ကြပါတယ်။
MWRN ထုတ်ပြန်ချက်ထဲမှာ “သူတို့ ၂ ဦးစလုံး စိတ်ပိုင်း၊ ရုပ်ပိုင် ကျန်းမာကြံ့ခိုင်မှုရှိပြီး၊ မိမိတို့ ဤအမှုကို မကျူးလွန်ခဲ့ကြောင်း၊ အမှန်တရားဟာ တနေ့မှာပေါ်လာမှာ ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ အဆင့်ဆင့် ရင်ဆိုင်သွားမှာ ဖြစ်ကြောင်း အများပြည်သူကိုလည်း ပြောပေးပါလို့ အမှာစကား ပါးလိုက်ပါတယ်” လို့ ဆိုပါတယ်။
မြန်မာလူငယ် နှစ်ဦးဘက်က တရားမျှတမှု ရရှိရေးအတွက် မြန်မာသံရုံး စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့နဲ့အတူ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ ထိုင်းလူ့အခွင့်အရေး ကော်မရှင်တို့ကလည်း အမှုဖြစ်စဉ် အစအဆုံး လိုက်ပါ ဆောင်ရွက်ခဲ့ကြပြီး သေဒဏ် ချမှတ်မှုအပေါ် သူတို့လည်း စိတ်ပျက်ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီအမှုဟာ ပြီးဆုံးသွားခြင်း မရှိသေးဘဲ နောက်ထပ် ၂ ဆင့် ကျန်ရှိနေသေးကြောင်း၊ ထပ်မံတက် ရမယ့် အယူခံတရားရုံးနဲ့ တရားလွှတ်တော်ချုပ် စတဲ့ရုံးတွေမှာ ပိုမိုထင်ရှားတဲ့ သုံးသပ် ဆုံးဖြတ်ချက်တွေ လက်ခံရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ အစွမ်းကုန် ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ တကွ၊ မိသားစုဝင်များ၊ မြန်မာပြည်သူများ အနေဖြင့် ယုံကြည် စိတ်ချစေရန် အသိပေးကြောင်း ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက တရားဝင် ထုတ်ပြန် ကြေညာထားပါတယ်။
ထိုင်းနိုင်ငံရှေ့နေများကောင်စီ ထုတ်ပြန်ချက်မှာ “ယခုအချိန်အထိ တရားခံနှစ်ဦးကို ပြစ်မှု ကျူးလွန်သူများဟု ဆုံးဖြတ်ချက် ပြုလုပ်၍ မရသေးပါ” လို့ ထည့်သွင်းဖော်ပြထားပြီး နောက်ထပ် တရားရုံး နှစ်ဆင့်ကို ကျော်ဖြတ်ရန် ကျန်သေးတဲ့ အကြောင်း ထောက်ပြထားပါတယ်။
အယူခံကို တလအတွင်း တင်ရမှာဖြစ်ပြီး အယူခံအောင်မြင်ခဲ့ရင် ဥပဒေအကြောင်းအရ ရလဒ် ကောင်းတွေ ထွက်လာမယ်လို့ မြန်မာသံရုံးစုံစမ်းရေး ကော်မတီအဖွဲ့ရဲ့ ရှေ့နေဦးအောင်မျိုးသန့်က မျှော်လင့်နေပါတယ်။
“ကျနော်ထင်တယ်၊ အဲဒီလိုဆိုရင်တော့ ပြစ်ဒဏ်ရဲ့ လေး၊ ငါး၊ ဆယ်နှစ်ထက် မပိုဘူးလို့ ထင်ပါတယ်။ ဖြစ်ဖို့ရာခိုင်နှုန်း ၈၀ လောက်က ကျနော် ပြောရဲပါတယ်” လို့ ဦးအောင်မျိုးသန့်က ဆိုပါတယ်။
ဒီအမှုမှာ ထိုင်းအစိုးရ အနေနဲ့ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ရင် ထိုင်းနိုင်ငံ၊ ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်း တရားရေးဌာနတို့ရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းစေနိုင်သလို လက်ရှိအခြေအနေဟာ ဆုပ်လည်းဆူး၊ စားလည်းရူး အခြေအနေကို ရောက်နေတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒီအမှုကို စောင့်ကြည့် လေ့လာနေကြသူတွေက မှတ်ချက်ပြုကြပါတယ်။