ကမ္ဘာပေါ်ရှိ အကျင့်ပျက် ခြစားမှု အဆိုးရွားဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေဆဲ ဖြစ်ကြောင်း အဂတိလိုက်စားမှု စောင့်ကြည့်သည့် ဘာလင်အခြေစိုက် Transparency International ၏ ဇန်နဝါရီလ ၂၇ ရက်နေ့က ထွက်ရှိလာသော ၂၀၁၅ ခုနှစ် စာရင်းဇယား တခုအရ သိရှိရသည်။
Transparency International သည် တကမ္ဘာလုံးရှိ ၁၆၈ နိုင်ငံ၏ အဂတိလိုက်စားမှုများကို လေ့လာစောင့်ကြည့်ခဲ့ရာ အမှတ်ပေးစနစ်ကို ၀ မှ ၁၀၀ ထိ သတ်မှတ်ထားပြီး အမှတ်အမြင့်ဆုံး ရရှိသော နိုင်ငံ၏ အစိုးရသည် အသန့်ရှင်းဆုံး အုပ်ချုပ်မှု ဖြစ်ကြောင်း ဖော်ပြထားသည်။
ဇယားအရ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်က ရမှတ်၂၁ မှတ် ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၂၂ မှတ် ရရှိခဲ့သဖြင့် ၁ မှတ် တိုးလာခဲ့ပြီး နိုင်ငံပေါင်း ၁၆၈ နိုင်ငံအနက် အဆင့် ၁၄၇ တွင်ပင် ရောက်ရှိနေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ရမှတ် ၁၅ မှတ်သာ ရရှိခဲ့သဖြင့် ရမှတ်တက်လာသည်ဟု ဆိုနိုင်သော်လည်း ကြားနှစ်များတွင် တိုးတက်မှု နှေးကွေးနေကြောင်း တွေ့ရှိရသည်။
အဆိုပါ ဖော်ညွှန်းချက်သည် ဦးသိန်းစိန် အစိုးရသည် အကျင့်ပျက်ခြစားမှုကို ထိရောက်မှု ရှိအောင် ကိုင်တွယ်ဖြေရှင်းရာတွင် အင်မတန် အားနည်းသည်ကို ထင်ဟပ်လိုက်ခြင်း ဖြစ်သည်။
ယင်းအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂၀၁၄ ခုနှစ် ဧပြီလက လွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းပြီးနောက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းကော်မရှင်ကို နိုင်ငံအကြီးအကဲမှ တိုက်ရိုက်ခန့်အပ်သော အငြိမ်းစား စစ်ဖက်အရာရှိများဖြင့် တည်ထောင်ခဲ့ခြင်းလည်း ဖြစ်သည်။
ကော်မရှင်၏ အဂတိလိုက်စားမှုများ ကိုင်တွယ်ဖြေရှင်းပုံကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက လွှတ်တော်အမတ်တဦးမှ လွှတ်တော်အတွင်း မေးခွန်းထုတ်ခဲ့ပြီး ဥက္ကဌဖြစ်သူ ဦးမြဝင်းက ပြန်လည်ဖြေကြားရာတွင် အစိုးရ အရာရှိများကို စစ်ဆေးရန် အစီအစဉ် မရှိသေးကြောင်း ထည့်သွင်းပြောကြားခဲ့ဖူးသည်။
ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် “အဂတိ ကင်းစင်သော လူ့အသိုင်းအဝိုင်းတခု” ဖော်ဆောင်ပေးရန် ကြိုးစားမည်ဟု ကြွေးကြော်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) သည် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီးနောက် လာမည့် ဖေဖော်ဝါရီလတွင် လွှတ်တော်အသစ်တရပ် ဖွဲ့စည်းမည်ဖြစ်သည်။
သို့သော်လည်း အဂတိလိုက်စားသော အရာရှိများ၏ ထိန်းချုပ်မှု အောက်တွင် နှစ်ပေါင်းများစွာ ကျင့်သားရလာခဲ့သော အစိုးရအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးစားရာတွင် NLD သည် စိန်ခေါ်မှုများစွာ ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်းလည်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ခန့်မှန်းထားကြပြီး ဖြစ်သည်။
Transparency International က ၎င်းတို့၏ ထုတ်ပြန်မှုစာရင်းတွင် ကမ္ဘာပေါ်၌ အကျင့်ပျက်ခြစားမှု အကြွင်းမဲ့ ကင်းစင်သည့် နိုင်ငံဟူ၍ တနိုင်ငံမှ မရှိဟု ဆိုထားသည်ကိုလည်း တွေ့ရသည်။
အဂတိလိုက်စားမှုပြ ဇယားတွင် အဆင့်နိမ့်သော နိုင်ငံများသည် ပဋိပက္ခ ဖြစ်ပွားခြင်း၊ အုပ်ချုပ်မှု ညံ့ဖျင်းခြင်း၊ လုံခြုံရေးနှင့် တရားရေးမဏ္ဍိုင် ကဲ့သို့ အများပြည်သူ အကျိုးပြု အဖွဲ့အစည်းများ အားနည်းခြင်း၊ မီဒီယာ လွတ်လပ်ခွင့် နည်းပါးခြင်း စသည့်အချက်များကို ကိုယ်စားပြုနေကြောင်း ဆိုထားသည်။
အလားတူပင် အဂတိလိုက်စားခြင်း ကင်းရှင်းသော နိုင်ငံများတွင်မူ မီဒီယာ လွတ်လပ်ခွင့်ရှိခြင်း၊ အစိုးရဌာနများ၏ အသုံးစရိတ် အချက်အလက်များကို လွတ်လပ်စွာ လေ့လာခွင့်ပေးထားခြင်းနှင့် လွတ်လပ်သော တရားရေးမဏ္ဍိုင် ရှိခြင်း စသည့်အချက်များကို တွေ့ရကြောင်း ဆိုထားသည်။
Transparency International စာရင်း၏ အဂတိလိုက်စားမှုပြ ဇယားတွင် ဒိန်းမတ်နိုင်ငံက ပထမ အဆင့်ဖြစ်ပြီး အဆိုးဆုံးနိုင်ငံများမှာ မြောက်ကိုရီးယားနှင့် ဆိုမားလီးယားတို့ ဖြစ်ကြသည်။ နိုင်ငံပေါင်း ၁၆၈ နိုင်ငံ၏ ၃ပုံ ၂ပုံမှာ အကျင့်ပျက်ခြစားမှု မြင့်မားသော နိုင်ငံများအဖြစ် သတ်မှတ်ခံခဲ့ရသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်းနှင့် အိန္ဒိယတို့သည် အဂတိလိုက်စားမှုပြ စာရင်းတွင် အဆင့် ၈၀ အတွင်း ပါဝင်နေပြီး အာရှတိုက် တခုလုံးတွင် စင်ကာပူနိုင်ငံ တနိုင်ငံတည်းကသာ အသန့်ရှင်းဆုံး ထိပ်တန်း ၁၀ နိုင်ငံ စာရင်းတွင် ပါဝင်နေကြောင်း သိရှိရသည်။