မြန်မာပြည်၏ အခြေအနေ အရပ်ရပ် ကောင်းသွားပြီထင်ပြီး ဦးရုက္ခစိုး ကန့်လန့်ကန့်လန့် မပါတော့ဘူးဟု ဆုံးဖြတ်ကာ တိတ်တိတ်ကလေး ချင်းမိုင်က ဒွိုင်ဆူထေ့ တောင်ပေါ်တွင် သီတင်းသုံးချင်ယောင် ဆောင်နေစဉ်ဖြစ်သည် …။ တောင်ပေါ်တွင် နေနေရသော်လည်း သံယောဇဉ်က မပြတ်၊ အလှူရှင်တယောက် လာရောက်ပူဇော်ထားသည့် ဆမ်ဆောင်း အက်စ်သရီး ဖုန်းတလုံး ကိုင်ကာ facebook အကောင့်တခု ဖွင့်ထားမိသဖြင့် မြန်မာပြည်သတင်းများကို မကြည့်ချင် မြင်လျက်သား ဖြစ်ကာ ရန်ကုန် သွားချင်သည့်စိတ်ကို မနည်း ချိုးနှိမ်ထားရ၏။
ဒီကြားထဲ ရန်ကုန်ရောက် သကောင့်သားများ ဖြစ်ကြသည့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က ၁၅၀၀ တန် ဆင်းကတ် တခုစီကို မှောင်ခိုဈေးဖြင့်ဝယ်ကာ ဦးရုက္ခစိုးထံ ဗိုက်ဘာဖြင့်တနည်း၊ စကိုက်ကတဖုံ ဖုန်းခေါ်၍ အားမရ၊ မစ္စကော အခါခါပေး၍ ဖုန်းပြန်ဆက်ခိုင်း တတ်ပြန်လေရာ သတင်းအစုံအလင်ကို မလွတ်ချင်သော ဦးရုက္ခစိုး မြန်မာပြည် သွားချင်စိတ် ရွစိတက်နေ လေတော့သည်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး ပြန်လာပါတော့ဗျာ။ ဒီမှာပွဲတွေကောင်းနေပြီ။ အခုအချိန်က ပြန်လာလို့ အကောင်းဆုံးပဲနော်။ အခုဆို နိုင်ငံခြားက လူတွေ အကုန်ပြန်လာကြပြီဗျ။
ကြွက်စုတ်။ ။ ဟုတ်တယ် ဦးရုက္ခစိုး၊ အခုလို ၈ လေးလုံး နှစ်ပတ်လည်မှာ ပြန်လာတယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် သိက္ခာ မကျတော့ဘူးပေါ့ဗျာ၊ ဟုတ်တယ်မဟုတ်လား၊ မူမနေစမ်းပါနဲ့။
ရုက္ခစိုး။ ။ နင်တို့နှစ်ကောင် ဘယ်လိုခေါ်ခေါ် … ငါက မလာဘူးဆို မလာဘူးပဲ။
ဦးရုက္ခစိုးအသံတွင် လာချင်သည့်အသံ ကဲနေမှန်း ဖိုးရှုပ်ကော ကြွက်စုတ်ပါ ရိပ်မိသည် … ထို့ကြောင့် …
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကို မြင်စေချင်တယ်ဗျာ …။ အရင်က မတည့်တဲ့သူတွေ၊ တယောက်နဲ့ တယောက် သတ်ချင် နေတဲ့သူတွေက အခု အတူတူ အရက်သောက်နေကြပြီဗျ။
ရုက္ခစိုး။ ။ ဒါဘာဆန်းလဲကွာ … မင်းနဲ့ ဖိုးရှုပ်လည်း ဘယ်လောက်ပဲ ရန်ဖြစ်ရန်ဖြစ် အရက်ဝိုင်းရောက်ရင် ပြန်ချစ်ကြတာပဲ မဟုတ်လား။ တည့်နေတဲ့သူတွေ ကွဲပြီး … ကွဲနေတဲ့သူတွေ တည့်တာ သတင်းမဟုတ်ဘူး၊ အဲဒါ မြန်မာပြည်ပဲ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး တော်တော် တတ်နေပါလား။ အခုက မြန်မာပြည်ကြီး အရင်နဲ့မတူ တိုးတက်နေတာတွေ ဦးရုက္ခစိုးကို မြင်စေချင်လို့ ခေါ်တာဗျ။ လာကြည့် သင့်တယ်။ facebook ပေါ်ကနေ ထိုင်ကြည့်နေရုံ၊ အာရုံခံ ကြည့်နေရုံနဲ့ အလုံးစုံ သိတယ်လို့ ထင်မနေနဲ့ဗျ။
ကြွက်စုတ်။ ။ အဲဒါတော့ ဟုတ်တယ် … ၊ ကိုယ်ကိုယ်တိုင် အတွင်းမှာ နေမှ အတွင်းအကြောင်း သေချာ နားလည်တယ်လို့ ဆိုနိုင်မယ်။
ကြွက်စုတ်က အပြင်မှ အထဲသို့ ပြန်လာသူများ ပြောလေ့ရှိသော စကားတခွန်းကို အလွတ်ကျက်ထားသည့် အတိုင်း ပြောလိုက်သည်။
ရုက္ခစိုး။ ။ မင်းလည်း တော်တော် တတ်နေပါလား ကြွက်စုတ် ဟင် … ငါ … လူတွေကိစ္စ ဝင်မပါတော့ဘူးလို့ ပြောပြီးပြီလေ။ ရုက္ခစိုးကွ၊ ဘူးဆို ဖရုံလည်းမသီးဘူး၊ သခွားလည်း မသီးဘူး။
ကြွက်စုတ်။ ။ လူကိစ္စ ဝင်မပါတော့ဘူး၊ ဘာဘူးနဲ့ လာလုပ်မနေနဲ့ ဦးရုက္ခစိုး၊ အကြောင်းသိချင်းတွေ။ facebook ပေါ်ကနေ ခင်ဝင့်ဝါလေးကို အကြိမ်ပေါင်း များစွာ like လုပ်ဖို့ ကြိုးစားနေတာ မသိဘူး မှတ်မနေနဲ့။
ဦးရုက္ခစိုး အနည်းငယ် ရှက်သွားပြီး “ဒါက မျိုးချစ်စိတ်ကွ” ဟု လေပျော့ကလေးဖြင့် ပြန်လည် ခြေပသည်။
ဖိုးရှုပ်နှင့် ကြွက်စုတ်ကတော့ သူတို့ သိထားသမျှ သတင်းများ၊ အတင်းအဖျင်းများ ပြောပြကာ ဦးရုက္ခစိုး မြန်မာပြည် ပြန်လာရေး ဆွယ်တရား ဟောကြတော့သည်။ ကာတွန်းစာအုပ်များ အိမ်တွင် ထိုင်ဖတ်ရင်း လမ်းညွှန်ချက် ပေးနေသည့် အကြီးအကဲ ဟောင်းကြီး အကြောင်းလည်း မတိုး၊ လွှတ်တော် လက်ဝှေ့ပွဲကြီးတွင် ထိုးရလွန်းသဖြင့် နှစ်ဘက်စလုံး ပမ်းနေပြီး ပွဲနားရမလို ဖြစ်နေသည့် အကြောင်း ပြောပြလည်း မရ၊ သွေးထိုးလှုံ့ဆော်သူများ … နောက်ကွယ်မှ ကြိုးကိုင်နေသူများ (မှတ်ချက် – သတင်းကြေညာသံဖြင့် ဖတ်ပါ) ကြောင့် ဟိုနေရာမီးလောင်၊ ဒီနေရာ ပြာကျ ဖြစ်နေကြောင်း ပြောပြသော်လည်း “နတ်နဲ့မဆိုင်” ဟုသာ မှတ်ချက်ပြုသည်၊ ကော်ဖီဆိုင် ဖွင့်ထားသူ အနုပညာ မြတ်နိုးသူကြီး အကြောင်း ပြောတော့လည်း စိတ်မဝင်စားပြန်၊ ဒါတွေက facebook တွင် တက်လာသည့် အတင်းပေါင်းစုံ ဖတ်ရတာလောက် စိတ်ဝင်စားစရာ မကောင်းဟု ဆိုသည်။ သြဂုတ်လ အတွင်း ကွယ်လွန်သွားကြရှာသော လူ့အဖိုးတန်များ အကြောင်း ပြောပြန်တော့ ဦးရုက္ခစိုးက “ဒီလောက် ရှုပ်ထွေးတဲ့ မင်းတို့ လူ့လောကမှာ သူတို့ ဒီလောက်နေသွားတာ တော်ရောပေါ့ကွာ၊ ဆက် ဒုက္ခ မပေးချင်စမ်းပါ နဲ့တော့။ ငါတောင် မင်းတို့လို ငရှုပ်တွေ လုပ်လို့ သစ်ပင်ပေါ်ကနေ အထက်ကို မရောက်တာ” ဟု ပြောပြန်သည်။
ဖိုးရှုပ်နှင့် ကြွက်စုတ် ပြောရလွန်းဖြင့် မောနေကြပြီ။ အင်တာနက် ကော်နက်ရှင်ကလေး နည်းနည်း မျက်နှာသာ ပေးသောကြောင့် ဗိုက်ဘာဖြင့် ပြောနေသဖြင့်သာ ပိုက်ဆံမကုန်ဘဲ လေကျောရှည်နိုင်ခြင်း ဖြစ်သည်။
ကျူးကျော်မိုးကျတဲ အသစ်များ အကြောင်း၊ လယ်သိမ်းယာသိမ်း ကိစ္စ၊ ဆန္ဒပြသည့် ကိစ္စနှင့် ၁၅၀၀ တန် ဖုန်းဆင်းကတ်ကို သိန်းကျော် ပေးဝယ်ရသည့်ကိစ္စ များကတော့ ရန်ကုန်မြို့လယ် ကားကျပ်သည့် ကိစ္စလိုပင် သူတို့ ကိုယ်တိုင်က စိတ်မဝင်စား သောကြောင့် ဦးရုက္ခစိုးကို ပြောပြမနေတော့။ ပြောစရာက ကုန်သလောက် ရှိသွားပြီ … သို့သော် ဖိုးရှုပ်က ရုတ်တရက် …
“ဟာ … ဦးရုက္ခစိုး …၊ အကြီးအကဲနှင့် ကျပ်သိန်း ၅၀၀ အမှုကြီး ကြားပြီးပြီလား” ဟု မေးခွန်းထုတ်လိုက်သည်။
ရုက္ခစိုး။ ။ ဘာပြောတယ် အကြီးအကဲနှင့် ကျပ်သိန်း ၅၀၀ အမှုကြီး ဟုတ်လား၊ အဲဒါ ဘာလဲကွ။
အနည်းငယ် စိတ်ဝင်စားဟန်ပြသည်။
ကြွက်စုတ်။ ။ (အားတက်သွားပြီး) အလှူရေစက် လက်နဲ့ မကွာဆိုသလို … ညောင်စေ့လောက် လှူလို့ ညောင်ပင် ကြီးလောက် ရမယ် ဆိုတဲ့ စကားအတိုင်း …။ သိန်း ၅၀၀ လောက်လှူပြီး … ပြီး …
ကြွက်စုတ်စကားမဆုံးခင် ဖိုးရှုပ်က “မင်းဟာက ရပ်ကွက်တွေထဲ ဆိုက်ကားနဲ့ လှည့် အလှူခံတာနဲ့ ရောနေပြီ ကြွက်စုတ်ရဲ့။ ဒီလို ဦးရုက္ခစိုး … အကြီးအကဲက စတုတ္ထထောက် (ယဲ့ယဲ့) ဆိုတဲ့ အဖွဲ့ကို သိန်း ၅၀၀ လှူလိုက်တယ်တဲ့ဗျာ” ဟု ပြောလိုက်သည်။
ရုက္ခစိုး။ ။ ဘာ …။
ဦးရုက္ခစိုး၏ အသံကြောင့် ဖိုးရှုပ်ကော ကြွက်စုတ်ပါ လန့်သွားသည်။
ကြွက်စုတ်။ ။ ဖြည်းဖြည်း မေးပါ ဦးရုက္ခစိုးရယ် … ကလူ ကလူ လိပ်ပြာလေး ပြန်လာပါ။
ရုက္ခစိုး။ ။ နေစမ်းပါဦး။ ဘယ်လိုဖြစ်တာလဲ။ ကျုပ် သိသလောက်တော့ အဲဒီအဖွဲ့က သူတို့ရေးထားတဲ့ မီဒီယာ ဥပဒေကိစ္စ အကြီးအကဲနဲ့သွား ညှိနှိုင်းတာဆို။
ကြွက်စုတ်။ ။ ညှိဖို့တော့ သွားတာပဲလေ၊ ဒါပေမယ့် သူတို့ စတုတ္ထထောက် (ယဲ့ယဲ့) ကြီးမှာက ရုံးခန်းလည်း မရှိ၊ ခုံတွေ စားပွဲတွေလည်း မရှိ ဆိုတော့ စာနယ်ဇင်းလောကကြီး တိုးတက်ဖို့ စားပွဲတွေ၊ ခုံတွေ ဝယ်ရအောင် ဆိုပြီး အဲဒီ သိန်း ၅၀၀ ယူလာတာ နေမှာပေါ့။
ရုက္ခစိုး။ ။ ဟဲ့ … ဒါဆို စာနယ်ဇင်းသမားတွေ တောင်းနေတဲ့ အဝှာလွတ်လပ်ခွင့် ဆိုတာကြီးကကော … ဘာဖြစ်သွားပြီတုန်း။
ဖိုးရှုပ်။ ။ အဲဒါပြောတာပေါ့ ဦးရုက္ခစိုးရယ် … ဒီဟာအတွက် အစိုးရကို အပြင်းအထန် အတိုက်အခံ လုပ်နေပါတယ် ဆိုမှ၊ ဟိုကပေးတဲ့ ပိုက်ဆံကို ယူလာရတယ်လို့။ ဘယ်သူ့ကိုမှလည်း မတိုင်ပင်ဘူး။
ကြွက်စုတ်။ ။ ဒါတော့ အကြီးအကဲရဲ့ စေတနာကို မင်းက စော်ကားလိုက်တာပဲ။ ဟိုဟာက ဟိုဟာ သပ်သပ်၊ လှူဒါန်းတာက လှူဒါန်းတာ သပ်သပ်ပဲကွ။ ဒီပိုက်ဆံ ယူသင့်တယ်။
ဖိုးရှုပ်။ ။ မယူသင့်ဘူး ဟေ့ကောင်၊ အခုအချိန်က သူတို့ဆီက မီဒီယာ လွတ်လပ်ခွင့် တောင်းနေတာ၊ မီဒီယာ လွတ်လပ်ခွင့်ကို မပေးဘဲ ပိုက်ဆံပေးတာကို ယူလာတယ်ဆိုတာ မဖြစ်သင့်ဘူး၊ ယူမယ်ဆိုရင်တောင် စာနယ်ဇင်းသမား တွေရဲ့ အသံတွေကို နားထောင်၊ မဲခွဲ ဆုံးဖြတ်သင့်တယ်။ ဒါမှ လွတ်လပ်တဲ့၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ စတုတ္ထထောက် ဖြစ်တော့မှာပေါ့။
ကြွက်စုတ်။ ။ ယူသင့်တယ်ကွာ …။ လူကြီးတွေက ကောင်းတယ်ထင်လို့ စီစဉ်ခဲ့တာကို လူငယ်တွေက ပြန်ပြောခွင့်မရှိဘူး။ ဒါ မြန်မာ့ရိုးရာ ဓလေ့ပဲ၊ မြန်မာ့ယဉ်ကျေးမှုပဲ။
“ဒီမိုကရေစီ ကွ”
“မြန်မာ့ ရိုးရာကို မပယ်ဖျက်ကောင်းဘူးကွ”
“လွတ်လပ်ပြီး တရားမျှတမှု အရေးကြီးတယ်”
“ဓလေ့ထုံးစံနဲ့ မြန်မာ့ယဉ်ကျေးမှု မရှိရင် မျိုးချစ်စိတ်မရှိတာပဲ”
“…. ….”
“…. ….”
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ အချင်းချင်း စကားများ၊ အငြင်းပွားနေကြ သဖြင့် ဦးရုက္ခစိုး မြန်မာပြည်လာရေး ကိစ္စကို မေ့သွားကြသည်။ သို့သော် … ဦးရုက္ခစိုးက “ဟဲ့ … နင်လည်းတော်၊ နင်လည်းတော် … ။ ဟိုကောင်မလေးကိုလည်း သတိရကြဦး …” ဟု အော်ပြောလိုက်ရာ နှစ်ဦးပြိုင်တူ “ဘယ်ကောင်မလေးလဲ” ဟု မေးခွန်းထုတ်လိုက်ကြ တော့သည်။
ရုက္ခစိုး။ ။ ခင်ဝင့်ဝါကို ပြောတာဟ၊ မင်းတို့ရန်ဖြစ်နေတာနဲ့ သူ မဲမရဘဲ နေဦးမယ်။ မင်းတို့တတွေ ဟာလေ … ထစ်ကနဲရှိ ငြင်းကြဖို့၊ ရန်ဖြစ်ဖို့ပဲ သိတယ်။ ခက်ပါတယ်၊ ငါ ပြန်လာမှကို ဖြစ်တော့မှာ … ကြာပါတယ် … အခုပဲ ပြန်လာတော့မယ်၊ ပြည်ထဲရေး နတ်မင်းကြီးဆီ အခုပဲ ဗီဇာသွားလျှောက်မယ် …။ လာလေ့ …။
ပြောပြောဆိုဆို … ဦးရုက္ခစိုး ဗိုက်ဘာမှ ရုတ်တရက် ပျောက်သွားသည်။ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားပြီးနောက် ပြိုင်တူဆိုသလို … “ဦးရုက္ခစိုး ပြန်လာပြီကွ” ဟု ပျော်ရွှင်စွာ အော်လိုက်ကြ လေတော့သည်။
မှတ်ချက်။ ။ ဦးရုက္ခစိုးကို ပြန်လာစေချင်သော ကိစ္စတွင် နှစ်ဦး ညီညွတ်ကြသည့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့သည် သိန်း ၅၀၀ ယူရေး၊ မယူရေး ကိစ္စ ဆက်လက် အငြင်းပွား၊ ဒီဘိတ် လုပ်ရေးအတွက် ၁၉ လမ်းတွင် အပုပ်ချိန်၌ ဆုံရန် အချိန်းအချက် ပြုလိုက်ကြ လေသတည်း။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။