ဖိုးရှုပ်။ ။ အခုတပတ်ကတော့ ပွားစရာ တော်တော်များတယ် ကြွက်စုတ်ရေ။
ကြွက်စုတ်။ ။ လုပ်ပြီ … ဒီမှာ ဟေ့ကောင် အပွားကြီးသက်သက်ဖြင့်အလုပ်မဖြစ်ဘူးဆိုတာ သဘောပေါက်နော်။
ဖိုးရှုပ်။ ။ သြော် မင်းကလည်းကွာ … ဘာမှ မပြောဘဲ ကြောင်တောင်တောင် လုပ်နေတာထက် စာရင် ပွားတာက တော်သေးတာပေါ့ မဟုတ်ဘူးလား။
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စကားကောင်းနေစဉ် သူတို့ရှိရာ ကျုံးနဘေးသို့ ဦးရုက္ခစိုး ပျာယီးပျာယာ ရောက်ရှိလာသည်။
ဖိုးရှုပ်။ ။ ဘာလဲ ဦးရုက္ခစိုး … ရင်တုန်နေသေးလား။
ရုက္ခစိုး။ ။ အခုဟာက ရင်တုန်တာမဟုတ်ဘူး၊ ရင်ခုန်တာကွ။
ကြွက်စုတ်။ ။ ဘယ်လို … ဒီနတ်ကလည်း တမျိုးပါလား။ ဘာလဲ ရုက္ခစိုး လူပျိုကြီးမလုပ်ဘဲ မိန်းမယူတော့မလို့လား။
ရုက္ခစိုး။ ။ မဟုတ်ရပါဘူးကွာ … လာမယ့် ဗယ်လင်တိုင်းဒေး အကြောင်း ကြားလာလို့ပါ။
ဖိုးရှုပ်။ ။ အဲဒီသွားဖို့ ဆိုရင်လည်း ဦးရုက္ခစိုး ဘေးမှာ နတ်သမီးလေး တပါးပါမှဖြစ်မှာဗျား။
ကြွက်စုတ်။ ။ ဘာလဲ ပထမဆုံး ရောက်လာမယ့် စုံတွဲ ၅၀၀ ကို အခန်းမဲဖောက်ပေးမယ်၊ ဒင်နာကျွေးမယ် ဆိုတဲ့အစီအစဉ် သဘောကျလို့လား …။ မလုပ်ပါနဲ့ ဦးရုက္ခစိုးရယ် … ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့တဲ့ မှတ်ထားနော်။
ရုက္ခစိုး။ ။ အဝှာပါးစပ်က အဝှာစကားထွက်ပြန်ပြီ။ ငါက သွားမလားကွ။ သူတို့အစီအစဉ်ကြီး ကြားပြီး ဘယ့်နှာကြီးတုန်းလို့ စဉ်းစားမိလို့ပါ။
ဖိုးရှုပ်။ ။ ဒီမိုကရေစီ ခေတ်ကြီးလေ ဦးရုက္ခစိုးရယ်။ သူတို့ မဲမဖောက်ပေးလည်း စုံတွဲတွေက သူတို့ဘာသာ အခန်းရှာ သွားကြမယ် ဆိုတာ သိထားလို့ အဆင်ပြေအောင် လုပ်ပေးတာ နေမှာပါ။
ရုက္ခစိုး။ ။ တော်တန်တိတ် အကြော်ပန်းကန်ဖိတ် … ဒီမိုကရေစီ ဆိုပြီး မြန်မာနိုင်ငံကို အဝှာနိုင်ငံ ဖြစ်အောင် လုပ်တာတော့ ငါလက်မခံဘူးကွာ။ ထားလိုက်တော့ အဲဒီကိစ္စက သူတို့ အဝှာကိစ္စတွေ၊ မပြောချင်တော့ဘူး။ ငါ ပြောချင်တာက အဲဒါမဟုတ် ဘူးကွ။ ဗယ်လင်တိုင်းဒေးအကြောင်းက ဖေ့စ်ဘုပေါ်ပြန့်နေလို့သာ မင်းတို့သွားချင် သွားပါစေတော့လို့ သတင်းယူလာတာ။
ကြွက်စုတ်။ ။ ကျနော်တို့ သွားလို့ မဖြစ်ပါဘူး ဦးရုက္ခစိုးရယ်။ ကိုယ့်ဘာသာပဲ နိုင်ငံရေး ယောင်ယောင်၊ ဂျာနယ်လစ် ယောင်ယောင် လုပ်နေရလို့ အတွဲရှာဖို့ မအားသလိုလို လုပ်နေရတာက သိက္ခာ ရှိပါတယ်။ တော်ကြာ သွားလိုက်မှ အရှက်တွေ ကွဲနေပါ့မယ်။
ရုက္ခစိုး။ ။ မသွားရင်လည်း ပြီးတာပဲ။ ဒါနဲ့ မင်းတို့ ဟိုကိစ္စ ကြားပြီးပြီလား။
ဖိုးရှုပ်။ ။ လုပ်ပြန်ပြီ အစမရှိ အဆုံးမရှိနဲ့။ သူ့ကိုသူ ကြော်ငြာ မော်ဒယ်လ်များ မှတ်နေလား မသိဘူး။
ရုက္ခစိုး။ ။ မင်းက စကား ဆုံးအောင်မစောင့်ဘဲ အတင်း ဝင်ပြောတာကိုးကွ။ ငါပြောတာက ၅ ထောင်တန် ဆင်းကတ် ကိစ္စ။
ကြွက်စုတ်။ ။ ဒါများ။ လူတွေကြားမှာ ပွထနေတာ ကြာပေါ့။ လွယ်တာကို ခက်အောင် လုပ်တဲ့ နေရာမှာတော့ တို့မြန်မာကို ဘယ်သူမှ မီမယ် မထင်ဘူးနော်။ ဖုန်းတွေ ဈေးပေါပေါနဲ့ ရောင်းနိုင်ရဲ့သားနဲ့ တမင်ကို ဈေးမကြီးကြီးအောင် လုပ်နေတယ်။
ရုက္ခစိုး။ ။ ငါ တခု စဉ်းစားမိတာ ရှိလို့ကွ။ တို့သမ္မတကြီးသာ ငါးထောင်တန် ဆင်းကတ်တွေ ရောင်းဖို့ အမိန့်ပေးလိုက်မယ် ဆိုရင် လူတွေက သူ့ကို ပြေးပြီး ဖက်နမ်းကြမယ် ထင်တယ်နော်။
ဖိုးရှုပ်။ ။ ဖြစ်နိုင်တယ်။ သမ္မတ ရာထူးက မဆင်းပါနဲ့တော့ လို့တောင် ပြောချင်ပြောမှာ။
ရုက္ခစိုး။ ။ စဉ်းစဉ်းစားစားလည်း လုပ်ပါကွယ်။ ငါက သဘောပြောတာပါ။ သူ့ခမျာ သမ္မတသာ ဖြစ်ရှာတာ သူပြီးတာနဲ့ ပြီးတာမှ မဟုတ်ဘဲ။ တော်ကြာ ဆက်သွယ်ရေးဝန်ကြီးက သူလက်နဲ့ရေးတာ ခြေနဲ့ဖျက်ပါတယ်ဆိုပြီး ဒေါပွရင် တို့သမ္မတကြီး ဘယ်နား သွားပုန်းရမှန်းမသိဖြစ်နေပါ့မယ်။
ဖိုးရှုပ်။ ။ ဟုတ်တော့လည်း ဟုတ်သားဗျ။ ဆက်သွယ်ရေးက လူတွေကို ၅ သိန်းတန်ဖုန်းတို့၊ ၃ သိန်းတန်ဖုန်းတို့ ရောင်းစားဖို့ ကြံနေချိန်မှာ ၅ ထောင်တန် ဆင်းကတ် ထုတ်မယ်၊ ထုတ်လို့လည်းရတယ် ဆိုတော့ အကုန် ရှော့ခ်ဖြစ်ကုန်တာပေါ့။
ကြွက်စုတ်။ ။ သမ္မတ ခမျာလည်း အပြောင်းအလဲကို လိုချင်ရှာလို့ လုပ်ရှာ၊ ပြောရှာပါတယ်ဗျာ။ ကြားက ဖိုးကန့်လန့် တွေကြောင့် အရှေ့ကို မရောက်ဘဲ တန်းလန်းကြီးတွေ ဖြစ်နေတာ။
ရုက္ခစိုး။ ။ သြော် မင်းတို့ကို နောက်တခု ပြောရဦးမယ်။ ဖော်ဗျူဟာ ဆိုတဲ့မီဒီယာက ရေးထားတာကွ။ သူရေးထားတဲ့ အတိုင်းဆိုရင် မဟုတ်တာလုပ်ထားလို့ ငရဲကျနေတဲ့သူတွေ နတ်ပြည်ရောက်ဖို့ လွယ်သွားပြီ။
ဖိုးရှုပ်။ ။ ဟင် ဆန်းလှချည်လား။ ဒီပုံအတိုင်းဆို သေရင်ငရဲကျဖို့ သေချာနေတဲ့ ပေါတာကြီးတို့ အုပ်စုအတွက် အဆင်ပြေ သွားတာပေါ့နော်။
ရုက္ခစိုး။ ။ အေးပေါ့ကွာ … အဲဒီမီဒီယာက ရေးထားတယ်။ ကောင်းကင်နဲ့မြေအောက် ရထားလမ်းဖောက်တော့မယ်တဲ့။ သူရေးတဲ့အတိုင်းဆို ငရဲကနေ ရထားလက်မှတ်ဝယ်ပြီး ကောင်းကင်ကို သွားလိုက်ရုံပဲ ဟီဟိ။
ကြွက်စုတ်။ ။ လုပ်ပြီ ဦးရုက္ခစိုးရာ။ မနောက်ပါနဲ့။ မိုးပျံရထားလမ်းနဲ့ မြေအောက်ရထားလမ်း ဖောက်မယ် ပြောတာပါ။
ဖိုးရှုပ်။ ။ ဟာ ဒါဆို တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော်လည်း တွေ့လိုက်တယ်။ ဂျီဗလာ ဆိုတဲ့မီဒီယာ က ရေးထားတာလည်း တော်တော်ဆန်းတယ်။ မြေအောက်မိုးပျံရထားလမ်း ဖောက်မယ်တဲ့။ တကယ်သာ ဖောက်ရင် ကမ္ဘာမှာ မြန်မာဟေ့လို့တောင် ကြွေးကြော်လို့ရတယ်။
ရုက္ခစိုး။ ။ အဲဒါတွေ မင်းတို့ကို ပြောချင်တာ။ ကိုယ်က မီဒီယာလုပ်မယ်၊ စတုတ္ထမဏ္ဍိုင် ဘာညာဆိုပြီး သူများကို ထောက်ပြမယ် ဆိုရင် ကိုယ့်ကို ပြန်ထောက်ပြစရာ မရှိအောင် နေရမယ်၊ ကိုယ့်ဘက်ကလည်း မှန်နေရမယ်ပေါ့ကွာ။
ဦးရုက္ခစိုး၏ ဆုံးမစကားကို ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ငြိမ်ပြီး နားထောင်နေကြသည်။
“အိမ်းကြိုးစားကြ၊ ကြိုးစားကြ … ကြိုးစားမှ ဒိုးပြား … အဲ ယောင်ကုန်ပြီ။ ကြိုးစားမှ မီဒီယာ ကျားခေါင်းဓားစက်ကြီးနဲ့ ဝေးမှာဟေ့” ဟု ဦးရုက္ခစိုးက ပြောလိုက်သည်။
ပြောပြောဆိုဆို ထိုနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားသော ဦးရုက္ခစိုးကြောင့် ဖိုးရှုပ်ကော ကြွက်စုတ်ပါ မည်သည့် စကားမှ ပြန်ပြောချိန်မရဘဲ ဆံ့တငင်ငင် ကျန်ရစ်ခဲ့ကြ လေတော့သတည်း။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။