“နိုင်ရမည် … နိုင်ရမည် … နိုင်ကို နိုင်ရမည် … မည်သို့ပင် ဆိုစေကာမူ နိုင်ရမည် … အဘယ်ကြောင့်ဆိုသော် … ရှုံး၍ မဖြစ်သောကြောင့်ဖြစ်ပေသည် … ထို့ကြောင့် နည်းပေါင်းစုံ …လိုင်းပေါင်းစုံ … မထသ … လမ်းကြောင်းမှန်သမျှ အကုန်သုံး၍ … နိုင်အောင်ကြိုးစားကြပါ … မနိုင်လျင် ရှုံးပေလိမ့်မည် … ဒန်တန့်တန်”
ခေါင်းပေါင်းစကြီး ညာချ၍ တိုက်ပုံအစုတ်တထည်ကို ဝတ်ကာ လုံခြည်စိမ်းဝတ် ဖိနပ်ဗလာနှင့် လက်သီးလက်မောင်းတန်း ကြွေးကြော်နေသူ တဦးကို ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တွေ့လိုက်ရသောကြောင့် အလွန်အံ့သြသွားကြလေသည်။
ဖိုးရှုပ်။ ။ ဟေ့ကောင် ကြွက်စုတ် … အဲဒါ ဘယ်သူကြီးလဲကွ၊ ပါးစပ်ကလည်း နိုင်ရမည်၊ နိုင်ရမည်နဲ့။
ကြွက်စုတ်။ ။ ယူနီဖောင်းကြည့်ရုံနဲ့ သိသင့်ပါတယ်ကွာ …။ အဲဒါ တခြားသူမဟုတ်ဘူး မနုသီဟပါတီက လွှတ်တော် အမတ်မင်း ဦးအဝှာပဲ။
ဖိုးရှုပ်။ ။ ဟိုက် ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။
ရုက္ခစိုး။ ။ သိချင် မေးကြည့်ကြတာပေါ့ကွာ …။ မသိရင်မေး မစင်ရင်ဆေး တဲ့။
ဖိုးရှုပ်။ ။ မသိရင် စပ်စု၊ မစင်ရင် လွှင့်ပစ် မဟုတ်ဘူးလား။
ဖိုးရှုပ်က နောက်လိုက်သည်ကို ကြွက်စုတ်က မျက်စောင်းထိုးကြည့်ရင်း “ဦးအဝှာ မဟုတ်လား … ဘာတွေ အော်နေတာလဲဗျ”
ဟု အမတ်မင်းကို မေးလိုက်သည်။
ဦးအဝှာ။ ။ နိုင်ဖို့ ဂါထာ ရွတ်နေတာ … ။ နိုင်ရမည် … နိုင်ရမည် နိုင်ကို နိုင်ရမည် … လိုင်းပေါင်းစုံ … မထသကို စီး၍ နိုင်အောင်ကြိုးစားမည်။
ရုက္ခစိုး။ ။ ဘာလဲဗျ … လိုင်းပေါင်းစုံ … မထသကိုစီးပြီး နိုင်အောင်ကြိုးစားမည် ဆိုတာ။
ဦးအဝှာ။ ။ တော်တော် ခက်တဲ့သူတွေပဲ။ ကျုပ်တို့ကို အထက်က မှာထားတယ်။ ကြားပေါက် ရွေးကောက်ပွဲကြီးမှာ နိုင်အောင်ကြိုးစားရမယ်တဲ့၊ မနိုင်ရင် ရှုံးမယ်၊ ရှုံးရင် အရှက်တော်ကြီး ဗျန်းဗျန်းကွဲမယ်တဲ့ဗျ။ အဲဒါကြောင့် လိုင်းပေါင်းစုံ သုံးပြီး နိုင်အောင်ကြိုးစားမလို့။ မထသ ဆိုတာက ကိုယ့်ဘာသာ မမေ့အောင် အတိုကောက်မှတ်ထားတာ။
ကြွက်စုတ်။ ။ သြော် … ဒီလိုလား။ နိုင်ဖို့ သေချာနေကြပြီလား။
ဦးအဝှာ။ ။ သေချာသလောက်တော့ ရှိနေပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်တို့က လိုင်းပေါင်းစုံ သုံးမှာလေ။ အထက်လမ်း မရရင် အောက်လမ်း၊ မရရင် အလယ်လမ်း။ အဲဒါကမှ မရရင် ၁၂ ကြိုးတို့၊ ဇော်ဂနီ ဇော်ဂနက် ဇော်ဂပြာ ဇော်ဂဝါ အကုန် သုံးမှာ။
ဖိုးရှုပ်။ ။ အောက်လမ်းကတော့ သိပ်ခေတ်မရှိတော့ဘူးနဲ့ တူတယ်နော် ဦးအဝှာ။
ဦးအဝှာ။ ။ ဘာလို့ မရှိရမှာလဲ … ရှိလို့ပဲ သုံးရမယ်လို့ အထက်က မှာထားပြီ။ မနိုင်လို့မဖြစ်ဘူးဗျ။
ရုက္ခစိုး။ ။ ကြိုတင်မဲတို့၊ မဲလိမ်တာ၊ မဲခိုးတာတို့ လုပ်ရင် အင်တာနေရှင်နယ်မှာ ကွိုင်တက်မယ်လေ။ ခင်ဗျားတို့ သမ္မတကြီး မျက်နှာပျက်မှာဗျ။
ဦးအဝှာ။ ။ သိပါတယ်။ ဒီနည်းမရရင် ဟိုနည်း … ဟိုနည်းမရရင် တခြားနည်း သုံးမှာပေါ့။ မထသပါဆို။
ကြွက်စုတ်။ ။ လမ်းခင်းတာလည်း ခေတ်မရှိတော့ဘူးနော်။ လူတွေက သိကုန်ပြီ …၊ လမ်းကို တခြမ်းပဲ ခင်းပေးပြီး မနိုင်ရင် ဆက်မခင်းဘူးဆိုတာ အားလုံးနပ်တယ်။
ဦးအဝှာ။ ။ ခင်ဗျားတို့ မသိပါဘူး။ လူတွေမှာ အခု ကြုံနေရတာ ဗိုက်ပြဿနာဗျ။ အခုဆို ကျုပ်တို့ပါတီက ဆောင်ပုဒ်တောင် ထုတ်ထားပြီ “သင့်ကြောင့် ဗိုက်မနာပါစေနှင့်” တဲ့။
ရုက္ခစိုး။ ။ သြော် … ခင်ဗျားတို့က ဗိုက်ဝအောင် လုပ်ပေးမှာပေါ့ … ဒီလိုလား။
ဦးအဝှာ။ ။ အာ ခက်နေပြန်ပါပြီ။ ဗိုက်ပြဿနာ ဖြေရှင်းပါမယ်ဆိုမှ … ဗိုက်ဝအောင် လုပ်ပေးမလားဗျ။ အိမ်သာတွေ ဆောက်ပေးမှာကို ပြောတာ။
ဖိုးရှုပ်။ ။ ဒါက ၁၂ ကြိုးလား … ဇော်ဂနီ ဇော်ဂနက်လား။
ဦးအဝှာက ဖိုးရှုပ်၏အမေးကို ပြန်မဖြေဘဲ “အခုလောလောဆယ် လူတွေ သည်းခြေကြိုက်က ဘာလဲ သိလား” ဟု ပြန်မေးလိုက်သည်။
ကြွက်စုတ်။ ။ တိုင်းပြည်တည်ငြိမ်ရေး … တရားဥပဒေ စိုးမိုး ….။
“ဟာ လွဲပြီ … လုံးဝ အလွဲကြီးပဲ” ဟု အမတ်မင်းက အတင်းဖြတ်ပြောသည်။
ဖိုးရှုပ်။ ။ အဲဒါတွေ မဟုတ်ဘူးလား … ဒါဆို ဘာလဲဗျ။
ဦးအဝှာ။ ။ (လည်ကတုံးကော်လာကို မရရအောင်ထောင်၍) မသိရင်မှတ်ထား … ၅ ထောင်တန် ဆင်းမ်ကတ်ဗျ။
ရုက္ခစိုး။ ။ သြော် … ၅ ထောင်တန် ဆင်းမ်ကတ် ရအောင်လုပ်ပေးမယ်လား …။ ကောင်းပါ့ဗျာ။ ဒါမျိုးကတော့ ကြိုဆိုရ မှာပေါ့။
ဦးအဝှာ။ ။ အဲဒါကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ။ ဆက်သွယ်ရေးကိစ္စပဲဟာ။ ကျုပ်တို့လည်း လုပ်မပေးနိုင်ပါဘူး။ ကျုပ်တို့က ၅ ထောင်တန် ဆင်းမ်ကတ် ရရမယ်လို့ လူတွေကို မစားရဝမခန်း ကတိတွေပေးမယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ ရှုံးခဲ့ရင် ရှုံးလို့ လုပ်မပေးနိုင်ဘူး ပြောမယ်၊ ကံကောင်းထောက်မစွာ နိုင်ခဲ့ရင်တော့ ဘယ်တုန်းက လုပ်ပေးမယ် ပြောလို့လဲ ဆိုပြီး မျက်နှာပြောင်တိုက်မယ်။
ကြွက်စုတ်။ ။ ဒါလည်း အထက်က လာတာပဲလား။
ဦးအဝှာ။ ။ အထက်တောင် တော်တော်မြင့်တဲ့ အထက်ဗျ။ သြော် ကျန်သေးတယ် … ဝန်ထမ်းတွေကို လစာတိုးပေးဖို့လည်း ကျုပ်တို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်တော်ကြီးက ကြိုးစားနေတာ တွေ့တယ်မဟုတ်လား။
ရုက္ခစိုး။ ။ အာ … အဲဒီအဆိုကို ပြည်ထောင်စု လွှတ်တော်က မဖြစ်နိုင်ဘူးဆိုပြီး ပယ်ချလိုက်ပြီ မဟုတ်လား။ တယောက်ကို တသိန်း တိုးပေးဖို့တောင် မဖြစ်နိုင်ဘူးလေ။
ဦးအဝှာ။ ။ အဲဒါပဲ … ခင်ဗျားတို့က မျက်စိတဆုံးမမြင်ကြဘူး။ ကျုပ်တို့ ကိုယ်တော်ကြီးကလည်း မဖြစ်နိုင်ဘူး ဆိုတာ သိပြီးသား …။ သို့သော် သူက ဝန်ထမ်းတွေအတွက် ဘယ်လို ကြိုးစားပေးနေပါတယ် ဆိုတာကို ပြနေတာ သဘောပေါက်။ အဲဒီတော့ ဝန်ထမ်းတွေကလည်း … သြော် သူ့ခမျာ ငါတို့အတွက် ကြိုးစားပေးရှာသားပဲ၊ ဟိုး အထက်ဘုံက ခွင့်မပြုလို့ မရရှာတာ၊ ကျွတ်ကျွတ် သွေးတွေတိုးကုန်တော့မှာပဲ ဆိုပြီး သနားချစ်ကြီး ချစ်အောင် လုပ်ပြနေတာ … ဟဲဟဲ … ခင်ဗျားတို့ကို ကျုပ်က ခင်လို့ ပြောပြတာနော်။
ကြွက်စုတ်။ ။ ဘယ်လိုပဲဖြစ်ဖြစ် လွယ်တော့မလွယ်ပါဘူးဗျာ။ ဟိုဒင်းပါတီကို လူတွေက အရမ်းကို အားပေးနေပြီ။
ဦးအဝှာ။ ။ သိတယ်လေ။ အဲဒါကြောင့် ကျုပ်တို့လည်း နည်းလမ်းစုံအောင် ကြိုးစားနေရတာပေါ့။ သူတို့ရဲ့ အားနည်းချက်ကို သိအောင်လုပ်၊ အောက်လမ်းနည်း သုံးပြီး ရတဲ့နည်းနဲ့ နှိပ်ကွပ်၊ နာမည်ဖျက် … ။
ဖိုးရှုပ်။ ။ အဲဒါတွေကော အထက်က မှာထားတာပဲလား။
ဦးအဝှာ။ ။ သေချာတာပေါ့ … အထက်မှ … တော်တော်ကို မြင့်တဲ့ အထက်ဗျ။
ရုက္ခစိုး။ ။ နေပါဦး ဦးအဝှာရယ် … ကျုပ်တို့မသိလို့ တခုလောက် မေးစမ်းပါရစေ။ ဘာဖြစ်လို့ ဒီလောက်တောင် နိုင်ချင်နေရတာလဲ။ ဒီ ကြားပေါက်ရွေးကောက်ပွဲက ၄၈ နေရာလေးပဲ ရမှာကို။
ဦးအဝှာ။ ။ ကျုပ်တို့နိုင်ချင်ရခြင်း အကြောင်းရင်းကတော့ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်ဗျ … ။
ဖိုးရှုပ်။ ။ ခင်ဗျားတို့မှာ ဘယ်တုန်းက ဂုဏ်သိက္ခာရှိခဲ့လို့လဲဟင်။
ဦးအဝှာ။ ။ မရှိတဲ့ ဂုဏ်သိက္ခာကို ရသလောက် ဆည်ရမယ်လေဗျာ။ နောက်တခုကတော့ နိုင်မှ တိုင်းပြည်ကို အိတ်ထဲထည့် … အဲ … တိုင်းပြည်ကို ကယ်တင်လို့ရမယ်ဗျ။ ကျုပ်တို့ပါတီမှ မကယ်ရင် တိုင်းပြည်ကြီး ဘာတွေဖြစ်ကုန်မလဲ ခင်ဗျားတို့ သိလား။
ကြွက်စုတ်။ ။ မသိလို့ ပြောပြပါဦး။
ဦးအဝှာ။ ။ ကျုပ်လည်း မသိဘူးဗျ။ ဒါလည်း အထက်က မှာထားတဲ့အတိုင်း ပြောပြတာပဲ။ သြော် ပြောရဦးမယ်၊ ကျုပ်ကိုလည်း နှယ်နှယ်ရရမမှတ်နဲ့နော် … ကျုပ်ကိုယ်တိုင်လည်း အထက်ကလာတာဗျို့ ဟဲဟဲ။
ဦးအဝှာက ကြွက်စုတ်အမေးကို ပြန်ဖြေရင်း အပေါ်သို့ မော့ကြည့်ကာ မျက်လုံးမှာ လည်လာသည်။ ထို့နောက် ညာဘက်လက်ကို ဖုန်းပြောသည့်ဟန်ဖြင့် နားရွက်တွင်ကပ်၍ “ဟဲလို … ကြားရလား … ဟုတ်ကဲ့ … ၅ ထောင်တန် ဆင်းမ်ကတ် သုံးပြီး စကားပြောနေပါတယ်။ သိပါပြီခင်ဗျ၊ ဗိုက်ပြဿနာ … ဟုတ် … ဟုတ် … ဗိုက်ပြဿနာ ရှင်းဖို့အတွက် တိုင်းဒေသကြီး တခုကို အိမ်သာအလုံး ၅၀ ဆောက်ပေးဖို့ စီစဉ်ပြီးပါပြီ … ဟုတ် … ဟုတ် … အထက်က ညွှန်ကြားချက်အတိုင်းပါပဲ …။ ရထားလည်းဖြစ်တယ်၊ ဟယ်လီကော်ပတာလည်း ဖြစ်တယ်၊ ထော်လာဂျီလည်း ဖြစ်ပါတယ်ခည” ဟု ပြောနေသည်။
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ ကြည့်လုပ်ဦး … သူ့ပုံစံက မူမမှန်ဘူးထင်တယ်။
ဦးရုက္ခစိုးက ထိတ်လန့်တကြားဖြင့် ဖိုးရှုပ်နှင့် ကြွက်စုတ်ကို ပြောလိုက်သည်။
ဦးအဝှာက ဦးရုက္ခစိုးတို့ကို တလှည့်စီကြည့်ရင်း “ကျုပ်ကို ကျုပ်ထက်မြင့်တဲ့ အထက်က ပြန်ခေါ်နေလို့ သွားလိုက်ဦးမယ်။ အားလုံးပဲ မှတ်ထားကြနော် ကျုပ်ကို ဆက်သွယ်ချင်ရင် အနည်းဆုံး ၆ ထပ်တိုက်ခေါင်မိုးပေါ်ကနေ လှမ်းအော်လိုက်ပါ” ဟု ပြောလေသည်။
ဦးရုက္ခစိုးတို့ ဘာမှ ပြန်မပြောနိုင်ခင် ဦးအဝှာက “အဖေရယ်အမေရယ် အစ်ကိုရယ်မောင်ရယ် အဘိုးရယ် အဘွား ရယ် … ဖွံ့ဖွံ့လေးကို မဲပေးကြပါကွယ်” ဟု အသံနေအသံထားဖြင့် သီဆိုရင်း ကွေးနေအောင် က၍ အနီးရှိ ဆောက်လက်စ ကန်ထရိုက်တိုက်တွင် ထောင်ထားသော ဝါးလှေခါးပေါ် တက်သွား လေတော့သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။