မိုးလေး တပြိုက် နှစ်ပြိုက် ရွာလိုက်၍ ယခင်ရက်များက အပူငွေ့များနှင့် အာကာပြင်မှာ ဟီးလေးခို နေသည့် မီးခိုးမြူများ လွင့်ပြယ်စ ချင်းမိုင်မြို့ကလေးမှာဖြင့် အတာသင်္ကြန် ၏ အငွေ့အသက်များက လွင့်ပျံ့လို့လာနေသည်။ ကျူံး ပတ်လည်ရှိ ငုဝါတွေကလည်း ဝင်းထိန် နေသလို ဒွိုင်ဆူထေ့ တောင်ပေါ်တွင်လည်း စိမ်းလန်းသော သစ်ပင် ပန်းမန်များ၊ သာယာလျက်ရှိသော ချင်းမိုင်မြို့၏ အပေါ်စီး မြင်ကွင်းများက မြင်ရသူတိုင်း၏ စိတ်ကို ဖမ်းစားထားသည်။
ထိုင်းနိုင်ငံ ချင်းမိုင် သင်္ကြန်က မြန်မာသင်္ကြန် ရသကို ကူးလူးခံစား၍ ရသောကြောင့် တတိုင်းတပြည်ရောက်နေသည့် မြန်မာများပင် ချင်းမိုင် သင်္ကြန်ကို နှစ်စဉ်လို လာရောက်လည်ပတ်ကြသည် မဟုတ်ပါလား…
ဦးရုက္ခစိုး တဦးတည်း ဒွိုင်ဆူထေ့ တောင်စောင်း ညောင်ပင်ရိပ် ကနေ မြန်မာပြည်ရှိရာဘက်မျှော်ငေးရင်း ရိုးရာနှစ်ကူးအတာသင်္ကြန် ကို ယမ်းရော် နေမိသည်။ နားထဲမှာလည်း သင်္ကြန် သီချင်းသံတွေ ကြားယောင်လာမိသည်။
သင်္ကြန်တွင်းမို့ ပန်းပိတောက်ဝေလွင်… မြန်မာ့ ယဉ်ကျေးမှု အတာရေ သဘင်…
တဦးအပေါ် တဦး ရင်းနှီးစွာချစ်ခင်… …
… ကြည်လင်…ရွှင်လန်း ချမ်းမြေ့ပါစေချင်…
“ဒီအချိန်ဆို မြန်မာပြည်မှာ ပိတောက်တွေ စပွင့်နေပြီလား…”
ဦးရုက္ခစိုး စိတ်ထဲက ရေရွတ်လိုက်သော်လည်း နှုတ်ကပါ အသံထွက်သွားသည်။
ထိုစဉ် သီချင်းသံလိုလို သံပြိုင် သီဆိုသံကို ကြားရ၍ နားစွင့်လိုက်မိသည်။
သင်္ကြန် နှစ်ဦး တူးပို့ တူးပို့ တူးသံ မြူးသာယာ…
သင်္ကြန်မယ်များ တူးပို့ တူးပို့ တူးမာရဲ့ နော်ဗျာ…
ငွေငန်း သံစုံ တူးပို့ တူးပို့ မာပါစေနော်ဗျာ…
ဟေ့…ဟေ့…ဟေ့…ဟေ့…
သင်္ကြန်ကျပြီ…သင်္ကြန်ကျပြီ…သင်္ကြန်ကျပြီ…မောင်တို့
သင်္ကြန်ကျပြီ…သင်္ကြန်ကျပြီ…သင်္ကြန်ကျပြီ…မောင်တို့
အို…ဘာတဲ့…ဟေ့…ဟေ့…ဟေ့…ဟေ့…
အနီးရောက်လာမှ သူ့ဆီ ဦးတည်လာနေသည့် ဖိုးရှုပ်နှင့် ကြွက်စုတ် ၂ ယောက်ကို ခုန်ဆွ ခုန်ဆွ၊ ခြေကားလျား လက်ကားလျားဖြင့် တွေ့ရတော့သည်။
ကြွက်စုတ်။ ။ ဟာ… ဦးရုက္ခစိုးကို မြင်ရတာ ငါးရိုးနင်နေသလို…ဂဏန်း သုံးလုံး ထီ လွဲသွားသလို…ကိုယ်ချိန်နေတဲ့ ကောင်မလေး လင်နောက် လိုက်ပြေးသွားသလိုမျိုးပဲ…မျက်နှာကြီးကလည်း မအီမလည်နဲ့ပါလား…သြော်…သိပြီသိပြီ…တခုခုကို လွမ်းသလိုလို… ဆွေးသလိုလို ဖြစ်နေတာနဲ့ တူတယ်…
ရုက္ခစိုး။ ။ ဟဲ့ အကောင် ငကြွက်…တွေ့တာနဲ့ မဟုတ်တန်းတရား ပေါက်ပန်းလေးဆယ်က စပြောနော်…နင့် ဂျီးဒေါ်ကို လွမ်းသလို ဆွေးသလို ဖြစ်နေတာ…
ဦးရုက္ခစိုး ငေါက်လိုက်၍ ကြွက်စုတ် ဇက်ပု သွားသည်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း သင်္ကြန်ကျတော့မယ်လေ…အခုလို နှစ်သစ်ကူး ကာလမှာ မင်္ဂလာ ရှိရှိနဲ့ ပျော်ပျော် ရွှင်ရွှင် နေမှပေါ့…
ရုက္ခစိုး။ ။ ငါ့ဟာ ငါ ဘယ်လိုနေနေ…မင်းတို့ ပူစရာ မလိုဘူး…အဝေးကနေ လှမ်းပြီး မြန်မာ့အရေး တော်တော်လေးများ ပူပန်နေသူ များ ကျနေတာပဲ…အခုဘာလာလုပ်ကြတာလဲ…အေးအေးချမ်းချမ်းကို နေရတယ် မရှိဘူး…
ဖိုးရှုပ်။ ။ ဘာလာ လုပ်ရမှာလဲဗျာ…ဒီလူနဲ့ ဒီနတ် ဆုံမှတ် ဖြစ်တဲ့ သတင်း ပုလင်းလည်း ရှယ်…သင်္ကြန် အကြိုပွဲလည်း နွှဲဖို့ လာတာလေ…စိမ်းစိမ်း ကားကားကြီးတော့ မလုပ်လိုက်ပါနဲ့ ဗျာ…
ကြွက်စုတ်။ ။ ဟုတ်ပါတယ် ဦးရုက္ခစိုးရဲ့ အခုနှစ်က အရင်နှစ်တွေနဲ့ မတူဘူးလေ…အကောင်းဘက် ဦးတည်နေတဲ့ အပြောင်း အလဲတွေ နဲ့ နှစ်လို့ သုံးသပ်သူတွေက ဆို မှုတ်လား…ကံကောင်းခြင်း လက်ဆောင်တွေတောင် ရောက်လာနိုင်တယ်…
ရုက္ခစိုး။ ။ ဘာကံကောင်းတာလဲ…ဘာပြောင်းတာလဲ…နယ်စပ်က စစ်ပြေး ဒုက္ခသည်တွေ အိမ်နီးချင်း နိုင်ငံတွေထဲ ပြောင်းကြတာ လား…
ကြွက်စုတ်။ ။ အင်းလေ…နောက်ဆို အဲလိုတွေ မဖြစ်ရတော့အောင် ငြိမ်းချမ်းရေးတွေ ဆွေးနွေးနေကြပြီမဟုတ်လား လို့…သူတို့လည်း ကြိုးစားနေတယ်လေ…
ကြွက်စုတ်က လေပြေကလေးနှင့် ပြောလိုက်ပြီးနောက် ဖိုးရှုပ်ကလည်း ဝင်အားဖြည့်လိုက်သည်။
ဖိုးရှုပ်။ ။ ဒီနေ့ တင်ပဲ သမ္မတကြီးနဲ့ ဒီမိုကရေစီ မိခင်ကြီးတို့ အရေးပေါ်တွေ့…နေ့လယ်စာ စား…ငြိမ်းချမ်းရေး…ဆန်ရှင် ရုပ်ရေး တွေ…ဘာတွေ ဆွေးနွေး ဆိုပြီး သတင်းတွေ တက်နေပြီ ဗျ…
ကြွက်စုတ်။ ။ အမေရိကန်ကြီးကလည်း တချို့ ဆန်ရှင်တွေ ရုပ်ပေးနေပြီလေ…ဒီမို မိခင်ကြီးလည်း လွှတ်သဘင်ထဲ ဝင်ထိုင်တော့ မယ်…
ရုက္ခစိုး။ ။ ငါလည်း အဲဒီ ကိစ္စတွေ ကြားပြီးသားပါကွ…မိခင်ကြီးကို အရင်က အိမ်အကျယ်ချုပ်၊ အခု လွှတ်သဘင် အကျယ်ချုပ် ကျသလို ဖြစ်နေမယ် ဘာညာ ဆိုပြီး ပြောနေတာတွေလည်း ရှိတယ်လေ…ပါလီမန် ဒီမိုကရေစီ လွယ်ကူဖွယ် မရှိ ဆိုတာမျိုး ပြောတဲ့ သူလည်း ရှိ မဟုတ်လား…
ကြွက်စုတ်။ ။ ဒါနဲ့ စစ်ထောက်လှမ်းရေးချုပ် ဟောင်ကြီး “အဘ”နဲ့ သတင်းဌာနတခု ဗျူးမှုနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲလည်း ရှိဆို…
ဖိုးရှုပ်။ ။ အဲဒါ အခုနက ပဲ သူငယ်ချင်း တယောက်ဆီက ဖုန်းဝင်လာတယ်လေ…အဲဒီ အဘ က ဗျူးလည်း မဗျူး ကြောင်း…ဘယ် ပြည်ပ မီဒီယာနဲ့မှလည်း မတွေ့ကြောင်း ဆိုပြီး ရှင်းသတဲ့…တရားစွဲတာတွေ ဘာတွေ လုပ်ရင်တော့ ကောင်းမယ်နော်…
ကြွက်စုတ်။ ။ အံမယ် ဖိုးရှုပ်…မင့်အကြံ မသိဘူး မှတ်နေလား…တရားစွဲရင် မင်းက သတင်းထပ်လုပ် သတင်းရေးခ ရမယ်လေ…အဲဒီ ကိစ္စတော့ ဘာဖြစ်မယ် မသိဘူး…ဟို ရွှေမင်းသမီးလေး ပါးရိုက်မှုကတော့ တထောင်နဲ့ ပြီးသွားဆို…ဂျပန်ကြီး ပါးရိုက် မှုလည်း ရှိသေးတယ်…ဒါနဲ့ အဘ ကိစ္စ ပြောပါဦး ဟ …
ဖိုးရှုပ်။ ။ ဟ မင်းမို့ မသိတယ်…အဲဒီ အဘ ဂယက်လှိုင်းက ဆူနာမီ လှိုင်း နီးနီးကို ရိုက်ခတ် သွားတာ မောင်ရင်…အဘ က သူ့ ဗျူး မှာ ဒီမိုကရေစီ မိခင်ကြီးကို ဒီပဲယင်း လုပ်ကြံမှုထဲက ကယ်တင်ခဲ့တာ သူပဲ ဆိုပြီး ပြောထည့်လိုက်တာလေ…တော်တော် လှုပ်သွားတယ်…
ရုက္ခစိုး။ ။ ငါ တခု နားမလည်တာက အဲဒီလို ပြောထည့်လိုက်တာနဲ့ ဘာလို့ ရှင်းလင်းပွဲ ထလုပ်ရတာလဲ…အဘ ဆိုသူကြီးကလည်း လက်ရှိ ဘာတာဝန်မှ ထမ်းနေတာလည်း မဟုတ်ဘူးလေ…ဘယ်လို ဆိုင်လဲ မသိဘူး…
ကြွက်စုတ်။ ။ ခက်ပြီကော ဦးရုက္ခစိုး ရယ်…ဆိုင်ဆိုင် မဆိုင်ဆိုင်…ရှင်းချင် ရှင်းမယ်…ရှုပ်ချင် ရှုပ်မယ်…ပိတ်ချင် ပိတ်မယ်…ဖွင့်ချင် ဖွင့်မယ်…ခေါ်ချင် ခေါ်မယ်…ပို့ချင် ပို့မယ် လေ…နည်းမျိုးစုံနဲ့ လုပ်ချင်သလို လုပ်ခဲ့တာ ကြာပေါ့ဗျာ…ဘာ အကြောင်းပြချက် ပေးနေ ရ ဦးမှာလဲ…
ဖိုးရှုပ်။ ။ အဲဒါတော့ ငကြွက်က ဟုတ်ပြန်ရော…အခုလည်း NLD မဲဆွယ်ပွဲတုန်းက ကူခဲ့တဲ့ အဆိုတော် တချို့ကို နေပြည်တော် သင်္ကြန် မဏ္ဍပ်တွေမှာ ဖျော်ဖြေဖို့ ပထမ စီစဉ်ထားပြီးမှ ခွင့်မပြု၊ ပိတ်တယ်…စသဖြင့် ရှင်းရှင်းလင်းလင်းမရှိဘဲ ဟိုလိုလို ဒီလိုလိုလုပ်ပြီး ပြန်ဖျက်တာတွေလုပ်တယ်…
ကြွက်စုတ်။ ။ အေး မင်းပြောမှ သတိရတယ်…စောစောပိုင်းက သတင်းစာမှာ သင်္ကြန် သံချပ်သံတွေ ပြန်ကြားရတော့မယ် ဘာညာ ဆိုပြီး ပါလာတယ်…နောက် တကယ် သံချပ်လုပ်မယ့် လူတွေ ပေါ်လာတော့ မရေမရာ ဖြစ်လာတယ်…တင်းကျပ် မလို လို… ခွင့်မပေးတော့ဘူး လိုလိုတောင် ဖြစ်နေပြီ… ပထမ ငါတောင် စဉ်းစားတာ ရန်ကုန် သင်္ကြန်က သံချပ် အဖွဲ့တွေဆီ သွားပြီး သံချပ် ထိုးမလားပေါ့…ဒီပုံဆို မလွယ်ပါဘူး…
ရုက္ခစိုး။ ။ ဟ ကြွက်စုတ်ရ သံချပ်ထိုးတာများကွာ အခု ထိုးလည်း ရတာပဲ…မင်းက တကယ်ကော ထိုးတတ် လို့လား…
ကြွက်စုတ်။ ။ ဟာ ဦးရုက္ခစိုးက ဒါ အထင် စမော တာပဲ…ဖိုးရှုပ် မင်း ငါ့ကိုနည်းနည်း ကူကွာ…
ဖိုးရှုပ်။ ။ ငါကလည်း အဆင်သင့်ပဲဟေ့…စ တော့…
ကြွက်စုတ် + ဖိုးရှုပ် (သံချပ်အတိုင်အဖောက်) ။ ။ တတ်နိုင်ပါပေ့ အဘ ရေ…အခုတော့လည်းလေ ပုဆိုး ချွတ် ပြန်ပေါ့… အခုတော့လည်းလေ ပုဆိုး ချွတ် ပြန်ပေါ့…
ရုက္ခစိုး။ ။ ဟိုး ဟိုး…ဘာ ပုဆိုး ချွတ်တာလဲ…မင်းတို့ဟာ မရှင်းဘူး…
ကြွက်စုတ်။ ။ ဟာ ဦးရုက္ခစိုးကလည်းဗျာ…ရှင်းနေရဦးမှာလား…အဲဒီ အဘ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက အခု ဒုလ္လဘ သင်္ကန်းစည်း ပြီး သာသနာ့ ဘောင် ဝင်နေတာကို ပြောတာလေဗျာ…ကဲ ဖိုးရှုပ် ဆက်မယ်…
ကြွက်စုတ် + ဖိုးရှုပ် (သံချပ်အတိုင်အဖောက်) ။ ။ ဟို ကောင်မလေး ညိုတိုတို…အပျိုဆိုရင် တူးနယ့် တဲ့နယ့်…အပျိုဆိုရင် တူးနယ့် တဲ့နယ့်…
ရုက္ခစိုး။ ။ ဟေ့ ဟေ့ မင်းတို့ဟာ မဟုတ်တော့ဘူး ထင်တယ် ကွာ…ရပ်လိုက်ရင်ကောင်းမယ် ထင်တယ်…ဘာ တူးနယ့် တဲ့နယ့် လဲ…
ကြွက်စုတ်။ ။ လုပ်ပြန်ပြီ ဦးရုက္ခစိုးကလည်း ဆင်ဆာဘုတ် ကျနေတာပဲ…ကိုယ်နားမလည်တာနဲ့ ရပ်ခိုင်းရတယ်လို့…တူးနယ့် တဲ့နယ့် ဆိုတာ နောက်တာဗျ…ကျနော်တို့က“လောင်းလိုက် ပက်လိုက်”လို့ ဆက်ဆိုမလို့ ကို ဦးရုက္ခစိုးက အတင်း ဝင်တားတော့ တန်းလန်း ကြီးဖြစ်ပြီး တမျိုးတွေ ဖြစ်ကုန်တာပေါ့…ဒါဆို ဆက်ထိုးလိုက်ဦးမယ် သံချပ်…ဖိုးရှုပ်ရေ…
ကြွက်စုတ် + ဖိုးရှုပ် (သံချပ်အတိုင်အဖောက်) ။ ။ ဟို ကောင်မလေး ညိုတိုတို…အပျိုဆိုရင် လောင်းလိုက် ပက်လိုက်…အပျိုဆိုရင် လောင်းလိုက် ပက်လိုက်…
နေပြည်တော်က လွှတ်သဘင်မှာ…မေးပါ မြန်းပါ ဆုံးဖြတ်ပါဗျ…မေးပါ မြန်းပါ ဆုံးဖြတ်ပါဗျ…
ဦးရုက္ခစိုးကြီး သက်တော်ကို…မေးရင် မြန်းရင် စိတ်ဆိုးမှာပဲ…မေးရင် မြန်းရင် စိတ်ဆိုးမှာပဲ…မေးရင် မြန်းရင် စိတ်ဆိုးမှာပဲ…
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ ဒါ မင်းတို့ သက်သက် ကြိုတင်ကြံစည် ထားတာပဲကွ…တွေ့ကြသေးတာပေါ့ ကွာ…
ဦးရုက္ခစိုး ဒေါသဖြစ်ပြီး အနီးအနားတွင် ရရာ လက်နက် လိုက်လံ ရှာဖွေနေစဉ် ကြွက်စုတ်နှင့် ဖိုးရှုပ် သကောင့်သား၂ ကောင်ကား ကမ္ဘာ့အမြန်ဆုံး စံချိန်တင်၍ပြေးကာ အဝေးဆုံးသို့ ရောက်သွားလေပြီ…။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေး သားထားခြင်း မဟုတ်ပါ။