အခုတလော ထိုင်းနိုင်ငံက ရုပ်သံသတင်းကြည့် ပရိသတ်တွေအတွက် ထိုင်းလွှတ်တော် အစည်းအဝေးတွေဟာ ပျင်းစရာ မကောင်းတော့တာကို တွေ့ရပါတယ်။
ဥပဒေကြမ်းတခုနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။ ဒီဥပဒေကြမ်းဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပြည်တော်ပြန်နိုင်အောင် ရေးဆွဲထားတယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။
ရုန်းရင်းဆန်ခတ် ဖြစ်မှုဟာ လွှတ်တော်ဥက္ကဋ္ဌကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝန်းရံပြီး လွှတ်တော်ထဲက ခေါ်ထုတ်သွားမှုနဲ့ အဆုံးသတ်ပါတယ်။ အမတ်တချို့က လွှတ်တော်ဥက္ကဋ္ဌရှိရာကို သွားကြပြီး အော်ဟစ် ကန့်ကွက်ကြ၊ တချို့က စာရွက်စာတမ်းတွေနဲ့ ပစ်ပေါက်ကြတာကို ရုပ်သံသတင်းတွေမှာ ရှင်းရှင်းလင်းလင်း တွေ့ခဲ့ရပါတယ်။
ဒီလိုဖြစ်ရပ်ကို ရုပ်သံကနေ တိုက်ရိုက်ပြသတာ တွေ့လိုက်ရတော့ ထိုင်းတွေက အေးအေးဆေးဆေး နေတတ်တယ်၊ မြန်မာတွေလောက် ရန်မလိုဘူး ဆိုတဲ့ အယူအဆတခုက မှားနေတယ်လို့ ဆိုရမလိုပါပဲ။
တကယ်ဆိုရင် မြန်မာတွေကပဲ အေးအေးဆေးဆေး နေတတ်ကြတာ မဟုတ်လား။
နေပြည်တော်က လွှတ်တော် အစည်းအဝေးများဟာ အင်မတန် တည်ငြိမ်အေးချမ်းတဲ့ အသွင်ကိုဆောင်တာ အားလုံးအသိပါ။ အမတ်မင်းတချို့ အိပ်ငိုက်နေ၊ အိပ်စက်နေကြတဲ့အထိ အေးချမ်းပါတယ်။ လွှတ်တော်ထဲ အိပ်မောကျကြတဲ့ နေရာမှာတော့ နိုင်ငံတကာကို ပုခုံးချင်း ယှဉ်နိုင်ပြီလို့ ဆိုနိုင်တာပေါ့။
ဟိုတလောက စစ်အရာရှိကိုယ်စားလှယ် အများအပြား အစားထိုးမှုတွေကို တွေ့ရပါတယ်။ ဘာကြောင့် အစားထိုးမှန်းတော့ မသိရပါဘူး။ လွှတ်တော်ထဲ အိပ်ပျော်သွားတတ်တဲ့ စစ်အရာရှိများကို ပြန်ရုပ်သိမ်းသွားတာလည်း ဖြစ်နိုင်ပါတယ်၊ အိပ်စက်ခြင်းကြောင့် ဒီလို အရေးယူတယ် ဆိုရင်တော့ များပြီ ထင်ပါတယ်။
အေးရာအေးကြောင်း ငိုက်နေ၊ အိပ်နေကြတာဟာ ရုန်းရင်းဆန်ခတ် ဖြစ်နေတာထက်တော့ ပိုကောင်းတယ် မဟုတ်လား။
ထိုင်းလွှတ်တော်မှာ ဖြစ်နေတဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ပေါ်လာမှပဲ နေပြည်တော် လွှတ်တော်အခင်းအကျင်းကို ဖန်တီးခဲ့ သူများဟာ အမြော်အမြင်ကြီးကြပါလားဆိုတဲ့ အယူအဆ ပေါ်လာပါပြီ။
ဒီအယူအဆ မှန်တယ် ဆိုရင်တော့ လွှတ်တော်ထဲကို စစ်အရာရှိ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရောက်အောင်လုပ်၊ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းအတွက် နေရာကို အချိန်ယူတည်ထောင်ခဲ့တဲ့ ပါတီကြီးတခုရဲ့ ကိုယ်စားလှယ်တွေ ရောက်သွားအောင် စီစဉ် ကုလားဖန်ထိုးခဲ့တာဟာ တကယ့်ကို အမြော်အမြင်ကြီးတဲ့ လုပ်ရပ်လို့ ဆိုရမှာပါပဲ။
စိတ်တူ၊ သဘောတူ၊ အမြင်တူသူတွေ အများစုနဲ့ စုစည်းထားတဲ့ လွှတ်တော်ဟာ ရုန်းရင်းဆန်ခတ် ဖြစ်စရာအကြောင်း မရှိတော့တာကြောင့် ငြိမ်းချမ်းရေးကို မြတ်နိုးသူတချို့ နေပြည်တော်ရဲ့ လွှတ်တော် အခင်းအကျင်းကို စိတ်ဝင်စားလာဖွယ်ရှိတယ်လို့ ယူဆရပါတယ်။