တရားဥပဒေစိုးမိုးရေး ဆိုတဲ့ စကားလုံးကို အခုတလော ဓာတ်ကျ နေသူတွေထဲမှာ ရွေးကောက်ပွဲ ကော်မရှင်လည်း ပါဝင်လာတာ ဒီကနေ့ တွေ့လိုက်ရပါတယ်။
ကော်မရှင်က ဒီကနေ့ သတင်းတပုဒ် ထုတ်ပြန်ရာမှာ နိုင်ငံအမည်ကို Myanmar လို့ ခေါ်ဖို့ လိုအပ်တယ်၊ ဒါမှ တရားဥပဒေ စိုးမိုးမယ်လို့ ဆိုထားပါတယ်။ ဒီလ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်မိန့်ခွန်းတွေမှာ Burma လို့ပဲ ပြောပြော သွားတာဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ ကော်မရှင် အလုပ် အရမ်းကြိုးစားပါလားလို့ ချီးကျူးခံရနိုင်သလို၊ Burma လို့ ဒေါ်အောင်ဆန်းစုကြည် ပြောနေတာ ကြာလှပြီဆိုတာ မသိဘူးလား၊ ဘယ်မှာသွား အိပ်ပျော်နေတာလဲ၊ ဘာကြောင့် အခုမှ ကန့်ကွက်ရတာလဲလို့ မေးခွန်းထုတ်ခံရဖွယ် ရှိပါတယ်။
Myanmar လို့ ခေါ်ဖို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတယ် လို့ ကော်မရှင်က ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးတွေကလည်း သူတို့ စိမ်ပြေနပြေ စိတ်ကြိုက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဆိုတာကြီးနဲ့ ကိုင်ကိုင်ပေါက် ရတာကို အင်မတန် အရသာတွေ့ဟန် တူပါရဲ့။
အခြေခံဥပဒေ ဖတ်ဖူးသူတချို့ကလည်း “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်” လို့ပဲ ပြဋ္ဌာန်းထားတာ မှန်တယ်၊ The Republic of the Union of Myanmar လို့ အင်္ဂလိပ် ဘာသာပြန်စာအုပ်မှာ ပြဋ္ဌာန်းထားတာလည်း မှန်တယ်၊ ဒါပေမယ့် အခန်း ၁၅ ဆိုတဲ့ နေရာမှာတော့ စကားလုံး တလုံးချင်းရဲ့အဓိပ္ပာယ်ကို “မြန်မာစာဖြင့် ရေးသား ထားချက်များ အပေါ်တွင်သာ အခြေပြုရမည်” လို့ ဆိုနေကြတယ်။
ဒီအတိုင်းဆိုရင်တော့ လွှတ်တော် အစည်းအဝေးတွေ မကြာခင် ပြန်အစပြုတဲ့အခါ အခြေခံဥပဒေထဲက အဲဒီအပိုဒ်ကို တိတိကျကျ ပြင်ဆင် ရေးသားဖို့ ဗိုလ်ချုပ်ကြီးတွေ ပြောဆိုကြတော့မယ့် ပုံပဲ။
နိုင်ငံအမည်ပြောင်းတာဟာ လူထု (သို့မဟုတ် လူထုကိုယ်စားလှယ်တွေ) နဲ့ တိုင်ပင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လက်ကိုင်ပြုထားတာ အစိုးရမင်းများလည်း သိမှာပါ။
၁၉၈၉ ခုနှစ်ကစပြီး နိုင်ငံအမည်ကို Myanmar လို့ ပြောင်းလဲခဲ့သူတွေဟာ နေရာတကာ ဝင်ပါပြီး လူတတ်ကြီးလုပ်လေ့ရှိတဲ့ စစ်ဗိုလ်ကြီးတွေပါပဲ။ မြန်မာ နဲ့ ဗမာ၊ Myanmar နဲ့ Burma ဆိုတဲ့ ဝေါဟာရတွေကို မြန်မာပြည်မှာ လွတ်လွတ်လပ်လပ် ဆွေးနွေးငြင်းခုံတာမျိုး မရှိခဲ့ဘဲ စစ်ဗိုလ်ကြီးတွေ သတ်မှတ်ပေးသလိုပဲ ပြောဆိုသုံးနှုန်းခဲ့ရတာ ကြာပါပြီ။
သူတို့ ပြောင်းထားတဲ့ နာမည်၊ သူတို့ သေနတ်နဲ့ချိန်ပြီးဆွဲခဲ့တဲ့ အခြေခံဥပဒေ ဆိုတော့ ဒီလို ကာကွယ်ပြောဆို ရေးသားနေတာဟာ သဘာ၀ ခပ်ကျကျပါပဲ။
ဟိုတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားပြောဆိုမှုတွေကို ကဏ္ဍကောစ လုပ်တာဟာ အစိုးရသတင်းစာတွေရဲ့ ဂျူတီပေါ့၊ အခု ဒီသတင်းစာများက ဒေါ်အောင်ဆန်းစုကြည်ကို မဝေဖန်တော့ဘူး ဆိုတော့ ဒီတာဝန်ကို ရွေးကောက်ပွဲ ကော်မရှင်ကပဲ ယူတော့မယ့် သဘောများလား၊ ဒီလိုလည်း မဟုတ်လောက်ပါဘူးလို့ ထင်ရတာပါပဲ။
ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို ဖတ်ပြီး စဉ်းစားမိတာတွေ ရေးလိုက်တာပါ။ အလုပ်မရှိ အဝှာ သန်းရှာတယ်ပဲ ဆိုဆို ပေါ့လေ။ ဝေါဟာရ ပိုင်းဆိုင်ရာ ငြင်းခုန်လိုပေမယ့် ဒီလိုငြင်းခုန်ခွင့် ရှိမရှိ အခြေခံဥပဒေကို ဖင်ပြန်ခေါင်းပြန်၊ အထပ်ထပ်အခါခါ မွှေနှောက်ပြီး ပြန်လည်ဖတ်ရှု လိုက်ပါဦးမယ်။