ကိုတာတေက ဆိုက်ကားသာနင်းတာ ဖောက်သည်တွေထဲ လွှတ်တော်အမတ်တွေက အများသား ဆိုတော့ မြန်မာပြည်ရဲ့ ပြောင်းလဲ တိုးတက်မှုတွေ၊ အံ့မခန်း ပြုပြင်ပြောင်းလဲရေး ဆိုတာတွေကို မကြားချင်မှအဆုံး။ အဲဒီလို ကြားရတိုင်းလည်း မစားရ ဝခမန်း ဆိုပေမယ့် စိတ်ချမ်းသာရပါတယ်။
မြန်မာ့လွှတ်တော် ကြီးက လက်ညှိုးထောင် ခေါင်းညိတ် လွှတ်တော် မဟုတ်တော့ဘူး၊ သွက်လက်စည်ကားပြီး အဆိုတင် တာတွေ၊ ကန့်ကွက်တာတွေ၊ ထောက်ခံတာတွေနဲ့ စည်စည်ကားကား ဖြစ်နေပြီ ဆိုလို့လည်း ဝမ်းသာရပါတယ်။
သဘောတူရင် လက်ယာလက် ပြပါဆိုတဲ့ ခေတ်ကြီးရယ်၊ လက်ညှိုးထောင်ရင် ထောင်တဲ့ လက်ညှိုး ဖြတ်ပစ်မယ်ဆိုတဲ့ ခေတ်ရယ်၊ သဘောတူတူ မတူတူ လုပ်မှာပဲ၊ တသွေးတသံတမိန့် ဆိုတဲ့ ခေတ်ကြီးရယ်ထဲမှာ လူဖြစ်ခဲ့ရတဲ့ ကိုတာတေတို့ အတွက်ကတော့ ဒါဟာ မဟာအောင်ပွဲကြီးလို့ ထင်သပေါ့။
သမ္မတကြီးပြောတဲ့ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်မှုအောက်မှာ ကိုတာတေတို့လည်း သန့်သန့်ရှင်းရှင်း ကောင်းကောင်း မွန်မွန်တွေ ဖြစ်တော့မှာပါလားလို့ ကိုတာတော့ ဉာဏ်တထွာတမိုက်နဲ့ စဉ်းစားရင်း ဆိုက်ကားကို ကုန်းရုန်းနင်းလို့ ပီတိတွေစားပြီး အားရှိခဲ့တာ။
အမယ် တလောက လွှတ်တော်အမတ်တယောက် ပြောပြတာဆို ကိုတာတေ သဘောကျလွန်းလို့၊ အညာဘက်မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲ တခုမှာ ပြည်ထောင်စု ဝန်ကြီးတွေ ရန်ထဖြစ် ဆိုသကိုး။ ကိုတာတေ့စိတ်ထဲ ဒါမှ ဒီမိုကရေစီ နိုင်ငံကွ လို့တောင် ဟစ်လိုက်မိသေးရဲ့။ ကိုတာတေ ဖတ်ဖူးတဲ့ သတင်းစာ ဖြတ်ပိုင်းတွေထဲက ဒီမိုကရေစီ နိုင်ငံတွေမှာ ဝန်ကြီးတွေ ဒီလိုပဲ ခဏခဏ စကားများကြတာ မှတ်သားဖူးတယ်လေ။
ရှိသေးတယ်၊ သူတို့ လွှတ်တော်ထဲမှာ အိပ်ငိုက်တဲ့ အမတ်တွေလည်း အများသားတဲ့။ ဒါလည်း ဒီမိုကရေစီ နိုင်ငံတွေက လွှတ်တော်တွေပဲလို့ ကိုတာတေ့ ဆိုက်ကားဖောက်သည် အမတ်မင်းတွေက ပြောပြတယ်။ သူတို့လည်း အိပ်ငိုက်တာပဲ တဲ့။
“အိပ်မငိုက်ရင် ဒီမိုကရေစီ မလိုလားတဲ့သူလို့ အထင်ခံရမယ့် ပုံပဲနော်။ ဒါဆိုလည်း ငါးသလောက်ပေါင်းတို့၊ ဝက်သား မျှစ်ချဉ်တို့ စားပြီး လွှတ်တော်တက်ပေါ့ အမတ်မင်းရယ်” လို့ အကြံပေးမိလို့ ကိုတာတေ အငေါက် ခံလိုက်ရသေးတယ်။ သူတို့ ဒီမိုကရေစီက စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီတဲ့ဗျား။ အိပ်ငိုက်ပေမယ့် အကြာကြီး ငိုက်လို့မရဘူး၊ ဥက္ကဋ္ဌက စားပွဲကို တူနဲ့ ခဏခဏခေါက်ပြီး သတိပေးသတဲ့၊ ခုံအစွန်းထွက်နေရင်လည်း ဥက္ကဋ္ဌ ကိုယ်တိုင် သတိပေးပြီး ခုံရွှေ့ခိုင်းသတဲ့။ ကိုတာတေ့ အမြင်တော့ ညီညီညာညာ စီတန်းထားသော ဒီမိုကရေစီဆိုရင် ပို နေရာကျမယ် ထင်တယ်။
ကိုတာတေ ခုတလော ပါးစပ်ထဲမှာ ပြောလို့ တော်တော် အာတွေ့နေတာကတော့ အပြောင်းအလဲတို့၊ ပြုပြင် ပြောင်းလဲရေးတို့ ဆိုတဲ့ အမတ်မင်းတွေ ဆီက ရတဲ့ စကားတွေပါ။ ဘာကြောင့်ဆို ကိုတာတေလည်း ပြုပြင် ပြောင်းလဲရေး လုပ်ချင်တယ်လေ။ မဒမ်တေ့ရှေ့တော့ ဒီစကား မပြောရဲဘူးပေါ့။ တော်ကြာ “တော်က ဘာ ပြောင်းချင်တာလဲ” ဆိုပြီး ပြဿနာရှာမှာတော့ ကြောက်သား။
ထားပါလေ ကိုတာတေတို့ လွှတ်တော်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်တဲ့ ကိစ္စ ဆက်ပါ့မယ်။ မကြာသေးခင်က ကြားရတဲ့ သတင်းတွေ ဆိုရင် တကယ်ကိုပဲ အားရစရာ၊ ဘာတဲ့ အစိုးရအဖွဲ့ဝင်တွေ အားလုံး ပိုင်ဆိုင်မှုတွေ အကုန် တင်ပြဖို့ကိစ္စ အဆိုတင်တယ်ဆိုပဲ။ ဒါ တကယ်ကောင်းတာပဲ၊ အင်တာနေရှင်နယ် စကားနဲ့ ပြောရမယ်ဆို ကိုတာတေလည်း ကြိုဆိုတယ်။
သန့်ရှင်းသော အစိုးရဆိုတာ ဒါပဲ။ ကိုယ့်မှာ ဘာတွေရှိတယ်ဆိုတာ ချပြရဲတဲ့ သူတွေကို ကိုတာတေ လေးစားတယ်။ အရင်က ဘာတွေ လုပ်ခဲ့လုပ်ခဲ့ အခုအချိန်မှာ စိတ်သစ်လူသစ်နဲ့ ဒီမိုကရေစီ ခရီးဆက်ကြမယ်ဆိုရင် ကိုတာတေလည်း ဆိုက်ကားနင်းပြီး အမီလိုက်ဖို့ ဝန်မလေးဘူး။
ကိုတာတေ့ကို ပိုင်ဆိုင်မှု အကုန်တင်ဆိုလည်း တင်မှာပဲ။ ဘာရှိလို့တုန်း လို့တော့ လာမမေးနဲ့၊ ကိုတာတေ့မှာ အနာဂတ်ရဲ့ သားကောင်းရတနာ ဘု၊ စု၊ ခရုရယ်၊ ပြီးတော့ အပေါင်လက်မှတ်တွေရယ်၊ မပေါက်တဲ့ ထီလက်မှတ်တွေရယ် ရှိတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုတာတေလည်း ကောင်းမွန်သော ဆိုက်ကားသမားတော့ ဖြစ်ချင်တယ်လေ။
ဒါပေမယ့် … ဒါပေမယ့်ပေါ့ဗျား။ ကိုတာတေက လေးစားမလို့ ကြံကာရှိသေး ကြားလိုက်ရတဲ့ သတင်းကြောင့် အားရပါးရ သမ်းမယ့် ပါးစပ်ထဲ လက်ညှိုးအထည့် ခံလိုက်ရသလို တို့လို့တန်းလန်းနဲ့ ဟတ်ကော့ကြီး ဖြစ်သွားရပါရောလား။
အစိုးရအဖွဲ့တွေရဲ့ ပိုင်ဆိုင်မှုတွေ တင်ဖို့ကိစ္စ ဥပဒေဘဝ ရောက်ဖို့ဝေးလို့ ဆွေးနွေးဖို့ကိုတောင် ဝိုင်းပြီး ကန့်ကွက်လိုက် ကြတာ၊ အဆုံးသတ်မှာတော့ ဒီအဆို ရှုံးတယ် ဆိုတဲ့သတင်းနဲ့ ဖောင်ပိတ် သွားပါလေရော။
ဟုတ်တော့လည်း ဟုတ်ပါတယ် သူတို့ တင်ရမှာက ကိုတာတေ့လို့ အပေါင် လက်မှတ်တွေမှ မဟုတ်ပေဘဲ။ ခိုးရာပါ ပစ္စည်း၊ တိုက်ရာပါ ပစ္စည်းဆိုတာ စည်းကမ်းပြည့်ဝတဲ့ လွှတ်တော်ကြီးနဲ့ မလျော်ဘူးဆိုတာ အဆိုတင်တဲ့ အမတ်မင်း မသိလေရော့ သလား။ ကံကောင်းလို့၊ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်နေလို့သာ ရာဇမာန်ရှ မခံရတာ။ မဟုတ်လို့ကတော့ မလွယ်ရေးချ မလွယ်ဘဲ။ ဒီအမတ်မင်းသာ မီဒီယာသမားဆိုရင် အနည်းဆုံးတော့ နှစ်ပတ် အပိတ်ခံရပြီ။
ကိုတာတေတို့ မြန်မာပြည်ရဲ့ လွှတ်တော်ကြီးက လှုပ်မယ့်လှုပ်တော့လည်း လွှတ် လှုပ် နေတော့တာလို့ ပြောရမလိုပါပဲ။
ထပ်ကြားရပြန်ပြီ … အမတ်မင်းတယောက်က နိုင်ငံသားစိစစ်ရေးကတ်တွေ အရောင်းအဝယ် ဖြစ်နေတဲ့ကိစ္စ အထူး စီမံချက် ချပြီး စုံစမ်း ဖော်ထုတ်ဖို့ ဆိုတဲ့ အဆိုကို တင်ပြန်သတဲ့။ သူ ဆိုလိုတာကတော့ မြန်မာပြည်ထဲမှာ တိုင်းရင်းသားယောင် ဆောင်ပြီး ဝင်လာတာတွေ ရပ်တန့်အောင် လုပ်ဖို့ပါတဲ့။ ကောင်းတာပဲ ဒါလည်း။ ကိုတာတေ ထောက်ခံတယ်။ ဒါကတော့ ဘယ်နိုင်ငံမဆို လုပ်ရမယ့်ကိစ္စလို့ မြင်တယ်။
ကြီးကြီးကျယ်ကျယ် ပြောတာတော့ မဟုတ်ဘူး။ ကိုတာတေတို့ ဘိုးဘွားပိုင် လယ်မြေတွေကို နိုင်ငံသားအချင်းချင်း စီမံကိန်းဆိုတာကြီး အကြောင်းပြပြီး မဖြစ်စလောက် လျော်ကြေးပေး သိမ်းတာတောင် မကြိုက်တာဗျာ၊ ဘယ့်နှယ် မြန်မာ စကားတလုံးမှ မတတ်တဲ့သူတွေက ဘယ်က ရမှန်းမသိတဲ့ နိုင်ငံသား ကတ်တွေကိုင်ပြီး ကိုတာတေတို့ အမျိုး အဆွေတွေရဲ့ မြေတွေ၊ ယာတွေပေါ်မှာ ဝင်နေရာယူမယ်၊ ပိုက်ဆံထုပ်ပြပြီး သိမ်းမယ် ဆိုတာကတော့ ဘယ်လက်ခံလို့ ဖြစ်ပါ့မလဲ။
ဒါပေမယ့် … ဒါပေမယ့်ပေါ့။ ဒီ အမတ်မင်းလည်း မလျော်တာ လုပ်မိတယ် ပြောရမှာပဲ။ ညောင်မြစ်တူးလို့ ပုတ်သင်ဥ ပေါ်မယ့်ကိစ္စကို ဒီစည်းကမ်းပြည့်ဝသော လွှတ်တော်ကြီးထဲမှာ အဆိုတင်မိ ပေတာကိုး။ သူ့အဆိုကို ထောက်ခံဖို့ မတ်တပ် ရပ်တဲ့သူက လူ ၄၀ တောင်မပြည့်လို့ အဆိုကို လက်ခံဆွေးနွေးဖို့ ပယ်ချလိုက်သတဲ့။ အမတ်မင်းနှယ် ထိုင်ခုံမှာ တင်ပါး ကော်နဲ့ ကပ်ထားတဲ့သူတွေ ထလာလိမ့်မယ် လို့များ မျှော်လင့်ရင်တော့ လွဲလိမ့်မပေါ့ဗျာ။ အခုခေတ်က လက်ယာလက် ပြတဲ့ ခေတ်လည်း မဟုတ်တော့ဘူး။ ထိုင်ရာကနေ ထဖို့ဆိုတာ လွယ်တာမှတ်လို့။
ကောင်းမွန်သော ကိစ္စတွေကို ဆွေးနွေးဖို့ လွှတ်တော်ထဲမှာ ကောင်းမွန်စွာ ပယ်ချလိုက်တာကိုပဲ ကျေးဇူးတင်ရမပေါ့။ ဟုတ်တယ်လေ ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်နေပေလို့သာ ဒီအမတ်မင်းလည်း ရာဇမာန်ရှ မခံရဘဲ ကောင်းမွန်စွာ ပယ်ချတာနဲ့တင် ပြီးသွားတာကလား။ ဒီ အမတ်မင်းသာ မီဒီသမား ဖြစ်ရင်တော့ မလွယ်ဘူး။ အခုလောက်ဆို တရားရုံးမှာ တရားရင်ဆိုင်ရင်း သိန်းလေးထောင် အာမခံနဲ့ နေနေရလောက်ပြီ။
လာဦးမယ် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့မလို့တဲ့။ ဒါလည်း သန့်ရှင်းဖို့ ကိစ္စပဲ။ အဆိုတင်တာတွေ ကတော့ အကုန်ကောင်းပဲ။ ကောင်းမွန်တဲ့ ကိစ္စတွေကို ကောင်းမွန်စွာ တင်တဲ့သူတွေကို ကောင်းမွန်စွာ ပယ်ချတာ ကိုပဲ ပြုပြင် ပြောင်းလဲရေးလို့ ခေါ်သလား ကိုတာတေ မတွေးတတ်တော့ပါဘူး။
အဲဒါဆိုရင်တော့ ကိုတာတေလည်း အပြောင်းအလဲတို့ ဘာတို့ ကြီးကြီးကျယ်ကျယ်တွေ သိပ်မပြောတော့ဘဲ ဆိုက်ကားနင်းတဲ့ အလုပ်ကို ကောင်းမွန်စွာလုပ်ပြီး ကိုတာတေ့ ဘု၊ စု၊ ခရုတွေကို ကောင်းမွန်စွာ ကျွေးမွေးအုပ်ချုပ်ရင်း ကိုယ့်ဘာသာ ကောင်းမွန်သော ဆိုက်ကားသမား ဘဝနဲ့ ထမင်းကြမ်း ယပ်ခပ် စားနေတာပဲ အေးပါတယ်လေ။ သန့်ရှင်းအောင်လို့ ရေတော့ မှန်မှန် ချိုးရပေမပေါ့။ ။