ရုက္ခစိုးမှာလည်း ရုက္ခစိုးနှင့် ဆိုင်ရာအလုပ်တွေ ရှိပေမယ့် လူတွေလောက် ဗာရီဟ မများလို့ ဦးရုက္ခစိုးမှာ အချိန်တွေ ပိုနေ တတ်ပါသည်။ ပုံမှန်အတိုင်း ဆိုရင်တော့ အွန်လိုင်းတက်လိုက်၊ စိတ်ကူးတည့်ရာ လျှောက်သွားလိုက်နှင့် ဦးရုက္ခစိုး အချိန် တွေကို ဖြုန်းရသည်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ ဦးရုက္ခစိုး လတ်လျားလတ်လျားနှင့် လမ်းသလားမိသည့် အချိန်တွေက ပိုများ လာသည်။ နှစ်ပေါင်း လေးဆယ်ကျော် ကြာခဲ့ပြီးမှ မြန်မာနိုင်ငံမှာ ပထမဆုံးပြန်လည်၍ ဆီးဂိမ်း အားကစားပြိုင်ပွဲကြီးကို အားလုံး မျှော်လင့် စောင့်စားကြရင်း အပြိုင်အဆိုင် ဂုဏ်ပြု ကြိုဆိုနေကြချိန်တွင် ဆက်သွယ်ရေးနှင့် လျှပ်စစ်ဌာနက အားလုံးထဲမှာ ထိပ်ဆုံးက ဖြစ်နေသည်။ တဖွဲ့နှင့် တဖွဲ့ အလျှော့မပေးဘဲ သူနိုင်ကိုယ်နိုင် ဂုဏ်ပြုပြိုင်ကြသည့် အခါ မီးလာသည့် အချိန်မှာ
အင်တာနက် ကွန်နက်ရှင်ကကျ။ ကွန်နက်ရှင် ပြန်ရသည့် အချိန်ကျတော့ မီးကပျက်သွားနှင့် ဦးရုက္ခစိုး လမ်းထွက်နေဖို့ ချည်းပဲ
အကြောင်းက ဖန်လာသည်။
သို့သော် ထိုသို့ ကွန်မလာမီးပျက် ဖြစ်နေရသည့် ကြားထဲ သူအပြင်မထွက်ရဲသည့် ကိစ္စတရပ်က ပေါ်ပေါက်လာတော့၏။ ထိုအကြောင်းမှာ …။
တနေ့သ၌ မီးမှောင်မှောင်ထဲ စမ်းတဝါးဝါးနှင့် သစ်ပင်ကို သော့ခတ်ခါ အပြင်ထွက်ရန်ပြင်စဉ် ငပွေးနှစ်ကောင် ဖြစ်ကြကုန်သော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ရောက်လာကြတော့၏။
ဖိုးရှုပ်။ ။ ဘယ်လစ်ဦးမလို့လဲ ဦးရုက္ခစိုးကြီး …၊ အားနေ အပြင်ထွက်ဖို့ပဲ လုပ်နေတော့တာပဲ။
ကြွက်စုတ်။ ။ အဲဒါကို သိလို့ အမိဖမ်းဖို့လာတာ အတော်ပဲ အပြင်မထွက်နဲ့ဦး … ဦးရုက္ခစိုးကို မိတ်ဆက်ပေးဖို့ ပါလာတယ်။
ဦးရုက္ခစိုးကို မိတ်ဆက်ပေးမည်ဆိုတော့ မိုးစက်ဝိုင်လေးလား၊ နန်းခင်ဇေယျာလေးလား … ခုတလော လေဒီဂါဂါထက်ပင် လန်းနေသည့် မိုင်လေဆိုင်းရပ်စ်တော့ မဖြစ်နိုင်ဟု တွေးလိုက်သည်။
ဖိုးရှုပ်။ ။ ဘာတွေ စဉ်းစားနေတာလဲ ဦးရုက္ခစိုးရဲ့ …၊ ကျနော်တို့ မိတ်ဆက်ပေးမယ် ဆိုတာ မိုးစက်ဝိုင်နဲ့ မဟုတ်ဘူးနော်။
ဖိုးရှုပ်က ဦးရုက္ခစိုးနှင့် အပေါင်းအသင်း ဖြစ်နေသည်မှာ ကြာပြီဖြစ်သောကြောင့် စိတ်ထဲတွင် ဘာရှိနေသည်ကိုပင် သိသည့်အလား ပြောလိုက်သည်။ ဖိုးရှုပ်စကားအဆုံးတွင် ဖျာလိပ်တလိပ်ကို ကိုင်ထားသော နတ်တပါး ဘွားခနဲ ပေါ်လာတော့၏။
ရုက္ခစိုး။ ။ ဟိုက် ပလုတ်တုတ် … ဘာကြီးတုန်းဟ။
“မိမိသည်ကား တခြားသူမဟုတ် … ဖျာခင်းနတ်သာ ဖြစ်တော့သကိုး”
ဖျာကိုင်ထားသည့် နတ်က သူ့ကိုယ်သူ နတ်မူနတ်ဟန်နှင့် မိတ်ဆက်သည်။
ရုက္ခစိုး။ ။ ဘာ … ဘာ … ဖျာခင်းနတ် ဟုတ်လား … ကျုပ်တော့ ဖျာလိပ်နတ်ပဲ ကြားဖူးပါတယ်။
ကြွက်စုတ်။ ။ ဖျာလိပ်နတ်က နတ်ထီးမဟုတ်ဘူးလေ ဦးရုက္ခစိုးရဲ့ … ကျနော်တို့လို ယောက်ျားစစ်စစ် လူသားတွေ မပြောနဲ့ ယင်ဖိုလာရင်တောင် ယင်ဖမ်းတဲ့ ကော်နဲ့ ကပ်ပစ်တာ မဟုတ်လား။
ရုက္ခစိုး။ ။ အေးလေ ဟုတ်သားပဲ၊ ဒါပေမယ့် ဒီက ဖျာခင်းနတ်ကြီးက …။
ဖျာခင်းနတ်။ ။ မိမိက လူ့ဘဝမှာကတည်းက ဖျာဝင်ဝင်ခင်းတာ ဝါသနာပါလို့ နတ်ဖြစ်တော့လည်း ဖျာတချပ်ပိုင်တဲ့ ဖျာခင်းနတ် ဖြစ်နေတာ။
ရုက္ခစိုး။ ။ သြော်သိပြီ … တောအလှူတွေမှာ ဖျာခင်းတဲ့အလုပ် လုပ်ခဲ့တာလား။
ဖျာခင်းနတ်။ ။ ထွတ် … အောက်တန်းကျရန်ကောဗျာ …။ ဘယ်က တောအလှူကမှာလဲ။ ကျုပ်က နေရာ ကြီးကြီး လွတ်မှ ဖျာဝင်ခင်းတဲ့ နတ်ဗျ။
ရုက္ခစိုး။ ။ နားမလည်ဘူးဗျာ လင်းစမ်းပါဦး။
ဖိုးရှုပ်။ ။ မီးပျက်နေပါတယ် ဆိုမှ လင်းခိုင်းနေပြန်ပါပြီ။ လျှပ်စစ်ရုံးနားမှာ ဖရောင်းတိုင်ထွန်း ဆန္ဒပြနေတယ် … အဲဒီမှာ သွားလင်းချည်။
ရုက္ခစိုး။ ။ ရှင်းစမ်း လင်းစမ်းပါဦးလို့ ပြောနေတာကွ … နတ်ကောင်းတွေ စကားပြောနေချိန်မှာ ဆေးရိုးသည် ဝင်မရှုပ်စမ်းနဲ့။
နဂိုကမှ ဘယ်ကမှန်းမသိသည့် ဖျာကိုင်ထားသော နတ်ကို မကြည်မလင် ဖြစ်နေရသည့် ကြားထဲ ဖိုးရှုပ်၏ နားမလည် ပါးမလည် ဝင်ပြောမှုကြောင့် ဦးရုက္ခစိုး ကျွဲမြီးတိုသွားသည်။
ဖျာခင်းနတ်။ ။ စိတ်မဆိုးပါနဲ့ ဦးရုက္ခစိုးရယ် … ကျုပ်ရှင်းပြပါ့မယ်။ ပွဲလန့်တုန်း ဖျာခင်းတယ် ဆိုတဲ့ စကားကို ဦးရုက္ခစိုး ကြားဖူးတယ် မဟုတ်လား။
ရုက္ခစိုး။ ။ ကြားဖူးတယ်လေ … သြော် သိပြီ ခင်ဗျားက ပွဲကြိုက်မောင် ထင်တယ် ဟုတ်လား၊ လူ့ဘဝတုန်းက ဖျာခ မတတ်နိုင်လို့ ပွဲလန့်တဲ့အချိန် ဖျာဝင်ဝင်ခင်းပြီး ကြည့်လေ့ရှိပုံ ရတယ်။ အတော်ပဲ ကျုပ်မှာ ဖိုးချစ်ပွဲလက်မှတ် အပိုတွေရှိတယ် ကြည့်မလား။
ဖျာခင်းနတ်။ ။ လွဲပြန်ပြီ။ ဦးရုက္ခစိုး ပြောတာတဝက်ပဲ မှန်တယ်။ မိမိက ပွဲလန့်တုန်း ဖျာခင်းတာတော့ အမှန်ပဲ၊ ဒါပေမယ့် ဇာတ်ပွဲတော့ မဟုတ်ဘူး ဦးရုက္ခစိုးရဲ့ …၊ မိမိက ပွဲလည်း မကြိုက်ဘူး။ မိမိ ကြိုက်တာက နေရာပဲ။
ရုက္ခစိုး။ ။ ဟင် ဘာနေရာတုန်း။
ကြွက်စုတ်။ ။ ခက်တော့ နေပြန်ပါပြီ ဦးရုက္ခစိုးရယ် … နေရာဆိုတာက နေရာပေါ့။
ကြွက်စုတ်၏ မရေမရာ ရှင်းလင်းချက်ကို နားမလည်သောကြောင့် ဦးရုက္ခစိုး ခေါင်းကုတ်နေမိသည်။
ဖျာခင်းနတ်။ ။ ဒီမှာ ဦးရုက္ခစိုး ရှင်းရှင်းပဲ ပြောမယ်၊ အခု ဦးရုက္ခစိုးကို နတ်ငယ်တွေ၊ နတ်ပေါက်စနတွေက သိပ်သဘော မကျတော့ဘူးလို့ သတင်းကြားတယ်ဗျ။
ရုက္ခစိုး။ ။ ဘာ ဘာ … ဘာဖြစ်လို့လဲဗျ။ ကျုပ်က ဘာလုပ်လို့လဲ။
ဖျာခင်းနတ်။ ။ အခု ဆီးဂိမ်းက နီးလာပြီလေ … မီးတွေက ဒီလောက် ပျက်နေတာ၊ ကွန်နက်ရှင်တွေ ဒီလောက် ညံ့နေတာ ဆီးဂိမ်း လိုက်ဖ်ရှိုးတွေ ဘယ်လိုကြည့်မလဲ။
ရုက္ခစိုး။ ။ အဲဒါ ကျုပ်နဲ့ ဘာဆိုင်လို့လဲဗျ။
ဖျာခင်းနတ်က ဦးရုက္ခစိုးစကားကို ဂရုမစိုက်ဟန်နှင့် ဆက်ပြောသည်။
ဖျာခင်းနတ်။ ။ ပြီးတော့ မီတာခတွေက တက်ဦးမယ်တဲ့။
ရုက္ခစိုး။ ။ အဲဒါလည်း လျှပ်စစ်ဝန်ကြီးရဲ့ ကိစ္စပဲလေ …။
ဖျာခင်းနတ်။ ။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဒါပေမယ့် နတ်ငယ်တွေ၊ နတ်ပိစိကွေးတွေက ဒါ ဦးရုက္ခစိုး လက်ချက်လို့ ထင်နေကြပြီဗျ။
ရုက္ခစိုး။ ။ ဟာ ဒါဆို ကျုပ် သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်ဗျာ။
ဖျာခင်းနတ်။ ။ မရတော့ဘူးဗျ။ ပြီးတော့ ဦးရုက္ခစိုး စကားမှားထားတာ ရှိသေးတယ်။
ရုက္ခစိုး။ ။ ဟမ် … ဘာများ မှားမိပါလိမ့်။
ဖျာခင်းနတ်။ ။ အရင် အစိုးရလက်ထက်က ပြည်သူတွေအတွက် အရှုံးခံ၊ အနစ်နာခံပြီး လုပ်ပေးခဲ့ရလို့ အခု လက်ရှိ မွဲနေရတာလို့ ပြောတယ်လေ။
ရုက္ခစိုး။ ။ ဘယ်မှာပြော … ဟာ အဲဒါက ကျုပ်စကား မဟုတ်ပါဘူးဗျာ။ တခြားတယောက် ပြောတာကို မုခစာအုပ်မှာ တွေ့လို့ ဖိုးရှုပ်နဲ့ ကြွက်စုတ်ကို ပြန်ရှယ်မိတာပါ။
ဖျာခင်းနတ်။ ။ စိတ်တော့ မကောင်းဘူးဗျာ။ ဦးရုက္ခစိုးကို လာမယ့် ၂၀၁၅ မှာ ဒီသစ်ပင်ကနေ ဆွဲချကြတော့မယ်။
ရုက္ခစိုး။ ။ ဟာ ဒါက ကျုပ်ကိစ္စပါ။ ကျုပ်ဆက်နေချင်ရင် နောက်လေးနှစ်အထိ နေလို့ရသေးတာပဲ။
ဖျာခင်းနတ်။ ။ မဖြစ်တော့ဘူး ဦးရုက္ခစိုး၊ ဦးရုက္ခစိုး သတင်းစာရှင်းလင်းပွဲ လုပ်မယ် ဆိုလည်း နောက်ကျသွားပြီ … မိမိက အရင်ဦးပြီး သတင်းစာရှင်းလင်းပွဲ လုပ်လိုက်ပြီ။ ပြီးတော့ ကျုပ်က နတ်လွှတ်သဘင်မှာလည်း တူကိုင်နော်။
ရုက္ခစိုး။ ။ တူကိုင်ထားရင် အိမ်နံရံတွေ သံလိုက်ရိုက်ပေါ့ဗျာ။
ဖျာခင်းနတ်။ ။ အဲဒီလို စကားကို လက်လွတ်စပယ် မပြောပါနဲ့။ ပြည်သူတွေက အရင်လို ငတုံးတွေ မဟုတ်တော့ဘူးဗျ။ မိမိရဲ့ စကားတောင် ဘယ်ရောက်သွားလဲ မသိဘူး။ ဦးရုက္ခစိုးကြီး အနေနဲ့ လာမယ့် ၂၀၁၅ ကျရင် ရန်ကုန်မှာ ရုက္ခစိုးအဖြစ် မနေတော့မယ့် အကြောင်း၊ ချင်းမိုင်က ဒွိုင်ဆူထေ့ကို ပြန်ပြီး ထိုင်းမုန့်ဟင်းခါး ရောင်းမယ့် အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပြီ။
ရုက္ခစိုး။ ။ ဟာ ကျုပ်လည်း ဘာမှမပြောသေးဘဲနဲ့ …။ ဒီမှာ ခင်ဗျားဘာသာ ဖျာခင်းနတ်မကလို့ ကော်ဇောခင်းနတ် ဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်နေရာကို ထိလာရင် ကျုပ်က တွယ်ရလိမ့်မယ်။
ဦးရုက္ခစိုးက လက်သီးလက်မောင်း တန်းကာ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က ဝင်ဖျန်ဖြေရသေးသည်။ ဖျာခင်းနတ်က လားလားမျှ မမှု။
ဖျာခင်းနတ်။ ။ အေးဗျာ ခက်တော့နေပြီ … ဦးရုက္ခစိုးကို ဒီက နတ်ငယ်တွေ၊ နတ်ပိစိတွေက သဘောမကျလို့ ကန့်ကွက်ရင် ဘယ်လောက်ပဲ ဆက်နေချင် နေချင် နေလို့ရမှာ မဟုတ်တာတော့ သေချာတယ်။
ရုက္ခစိုး။ ။ သဘောကျအောင် မဲဆွယ်မှာပေါ့ဗျာ။ နောက်ကို မုခစာအုပ် သုံးတာလည်း လျှော့မယ်၊ လမ်းလည်း သိပ်မထွက် တော့ဘူးပေါ့။
ဖျာခင်းနတ်။ ။ အဲဒါလည်း နောက်ကျသွားပြန်ပြီ။ မိမိက လွှတ်သဘင်မှာ ပြောလိုက်ပြီလေ … မီတာခတွေ မတက်ဖို့ လုပ်ပေးမယ့် အကြောင်း၊ ပြီးတော့ မိမိရုက္ခစိုးဖြစ်ရင် မိမိရဲ့ ကိုယ်ရောင်ကိုယ်ဝါကို သုံးပြီး ဗိမ္မာန်တွေအားလုံး မီးမှန်အောင် လုပ်ပေးမယ့် အကြောင်း ပြောခဲ့ပြီ။ အားလုံးက မိမိကို ထောက်ခံကြတယ်။ အဲဒီတော့ မထူးပါဘူး ဦးရုက္ခစိုးရယ် … အခုပဲ ဦးရုက္ခစိုး နေရာက ဖယ်ပေးလိုက် ပါတော့လား။
ဦးရုက္ခစိုး တော်တော် တင်းသွားသည် … ဘာစကားမှလည်း မပြောနိုင်တော့ … ဘာသံမှလည်း ထွက်မလာတော့။
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုးကလည်း ပြန်ပြောလိုက်လေ … ဦးရုက္ခစိုး ကိုယ်ရောင် ကိုယ်ဝါနဲ့ အလင်းရောင်ပိုထွက်အောင် လုပ်ပေးမယ်၊ မီတခလည်း မတက်အောင် လျှပ်စစ်ဝန်ကြီးကို ပြောမယ် ဆိုတဲ့အကြောင်း …။
ရုက္ခစိုး။ ။ ဟ ကောင်ရ … အဲဒါတွေက ငါလုပ်လို့ ဖြစ်မယ့်ကိစ္စ တွေမှ မဟုတ်တာ …။ ကိုယ်ရောင်ကိုယ်ဝါနဲ့ လင်းပေးဖို့ ဆိုတာကလည်း အထက်က မဟာ့မဟာ နတ်မင်းကြီးတွေတောင် မလုပ်ပေးနိုင်တဲ့ ကိစ္စကွ။ မဖြစ်နိုင်တာတွေကို ငါက ဘယ်လို လုပ်ပြီး ကတိတွေ ပေးရမှာတုန်း။
ဖိုးရှုပ်။ ။ ဒါဆို ဟို ဖျာခင်းနတ်ကျတော့ လုပ်ပေးမယ်လို့ ဘာလို့ပြောလဲ။
ရုက္ခစိုး။ ။ သူ့ကို နတ်ငယ်တွေ သဘောကျအောင် လော်ဘီလုပ်တာ နေမှာပေါ့ကွာ။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးတို့ နတ်လောကမှာလည်း လော်ဘီက ခေတ်စားတာပဲလား။ ဘာပဲဖြစ်ဖြစ် ခုအတိုင်းဆို ဦးရုက္ခစိုးတော့ နေရာ ဖယ်ပေးရတော့မယ် ထင်တယ်။
ရုက္ခစိုး။ ။ မဖယ်ပေးနိုင်ပါဘူးကွာ … ဒါက ငါဖယ်ပေးမှ ဖြစ်တဲ့ ကိစ္စပဲ။
ဖျာခင်းနတ်။ ။ ဒါဆိုရင်လည်း မိမိကတော့ မိမိ အစီအစဉ်နဲ့ မိမိ တမျိုးတဖုံ လုပ်ရပါတော့မယ်။
ဖိုးရှုပ်။ ။ ဘယ်လို လုပ်မှာလဲဗျ။
ဖျာခင်းနတ်။ ။ ဦးရုက္ခစိုးက ခဏခဏ အပြင်ထွက် လမ်းသလားတဲ့ သူပဲဟာ။ သူ လမ်းသလားချိန်ကို စောင့်ပြီး နတ်ငယ်တွေကို ဆန္ဒပြခိုင်းမယ်၊ ဆန္ဒပြနေတဲ့သူတွေကို သူ အာရုံစိုက်နေတုန်းမှာ မိမိက နတ်ကွန်းထဲ အသာဝင်ပြီး ဖျာခင်းမှာပေါ့။ အခုလောလောဆယ်တော့ ဦးရုက္ခစိုး နတ်ကွန်းနားက မပြန်ဘဲ တချိန်လုံး ဖျာလိပ်ကိုင်စောင့်ရင်း ချက်ကောင်းကို ကြည့်နေမယ်လေ … ဟဲဟဲ။
ထိုအချိန်မှာစ၍ ဦးရုက္ခစိုးမှာ နတ်ကွန်းထဲမှနေ၍ အပြင်လည်း မထွက်ရဲ၊ မီးလာလာ မလာလာ၊ ကွန်နက်ရှင် ကောင်းကောင်း၊ မကောင်းကောင်း … မိမိဟု သူ့ကိုယ်သူ တင်စားတတ်သော ဖျာခင်းနတ်ကြီး၏ ဖျာဝင်ခင်းမည့် ရန်မှ လွတ်လမ်းကိုသာ တပါးတည်း ကြံဆနေရ လေတော့သတည်း။