ရန်ကုန်ကို ရောက်တိုင်း ကိုဝင်းနိုင် မောင်းသော Taxi ကို ငှားစီးမိသည်။ သူက လမ်းကြောကို သေသေချာချာ ကြည့်မောင်းတတ်သည်။ အတင်းကျော် မတက်၊ ခေါင်းအတင်းထိုးပြီး မဝင်။ ကားပေါ်မှာ စီးတဲ့ ခရီးသည်ကို စိတ်ပူအောင် မလုပ်။ ဆိုတော့ သူ့ရဲ့ Service လူကြိုက်များသည်။ ဒါ့အပြင် သူက ကွမ်းမစား။ ဒါကြောင့် ကားမှန်ကို ချပြီး ဗြစ်ကနဲ မထွေး။ ရွံစရာအလွန်ကောင်းသော အပြုအမူတခု၊ မြန်မာတွေ ပြင်စရာ သောင်းခြောက်ထောင်ထဲက ပြင်ရမည့် ကိစ္စတခု ဖြစ်သည်ဟုလည်း ယူဆသည်။
ပြောချင်တာက ကိုဝင်းနိုင်အကြောင်း။ သူက အသက် ၃၀ ကျော်။ အဆိုတော် လင်းလင်းရဲ့ သီချင်းတွေကို ကြိုက်တတ်သူ။ စကားနည်းသူ။ စကားကို တိုတိုတုတ်တုတ်ပဲ ပြောတတ်သူ။ ကားတွေကို ချစ်တတ်သူ။ ရန်ကုန်လမ်းပေါ်မှာ ကားကောင်းတွေတွေ့ရင် သူ စိတ်လှုပ်ရှားလာတတ်သည်။ ပြီးတော့ အဲဒီကားအကြောင်း သူပြောပြတတ်သည်။
အင်းလျားလမ်းနှင့် တခြား လမ်းမများပေါ်က စံအိမ်တော်ကြီးတွေကို ဖြတ်မောင်းတိုင်း သူက ပွင့်ပွင့် လင်းလင်း ပြောတတ်သည်။ သုံး လေး ငါးခေါက် သူ့ကားကို စီးမိတော့ သူ့ရဲ့နိုင်ငံရေး အာဝါသ အရောင်အသွေးကို ခန့်မှန်းမိစ ပြုလာသည်။
“အဲဒါ ကျနော်တို့ တိုင်းပြည်က သူခိုးကြီးတွေပေါ့ ” ဟု တက္ကသိုလ်ရိပ်သာ လမ်းနှင့် အင်းလျားလမ်းပေါ်က အိမ်ကြီး၊ ဈေးကြီးကြီး ပေးဝယ်ထားရတဲ့ ပြိုင်ကားတွေ ထိုးရပ်ထားသည့် အိမ်ကို တွေ့ရတော့ သူပြောသည်။ ပြီးတော့ သူက ကားကို ဆက်မောင်းသည်။ နောက်တနေရာ ရောက်တော့ လမ်းကြောင်းရှိလို့ ကားကို ရပ်ပေးရသည်။ ကိုဝင်းနိုင်က အဲဒီလို အခါမျိုးမှာ သူကပြောတတ်သည်။ “ကျနော်တို့ဘဝက ဒီလိုပါပဲဗျာ” ဟု စကားကို ရပ်သည်။ ပြီးတော့ “ဒီအသားမည်းမည်း ဗိုက်ရွှဲရွှဲတွေနဲ့ လွတ်မှာ မဟုတ်ပါဘူး” ဟုလည်းဆိုကာ သူ၏ မှုန်ကုပ်နေသော မျက်နှာကလည်း လငပုတ်ဖမ်းသလို ဖြစ်သွားသည်။
ကျနော်က သဘောကျလို့ အသံထွက်အောင် ရယ်မိသည်။ သူပြောတဲ့ အသားမည်းမည်း ဗိုက်ရွှဲရွှဲ ဆိုတာ ဘာလဲ။ ကိုယ့်ဗိုက်ကို ပြန်ကြည့်မိသည်။ ကိုယ့်အသားရောင်ကို ပြန်ပြီးခိုးကြည့်မိသည်။
“အဲဒီ အသားမည်းမည်း ဗိုက်ရွှဲရွှဲ နဲ့ Smart မဖြစ်တဲ့ သူတွေကို အသားမည်းမည်း ဗိုက်ရွှဲရွှဲ ခပ်တုံးတုံးလူကပဲ ရွေးခဲ့တာ မဟုတ်လား” ဟု ကျနော့် ဒရိုင်ဘာကို နောက်ပြီး မေးတော့ သူက ရယ်ပြသည်။ “ဒီဘဝကတော့ ဘယ်တော့မှ လွတ်မှာ မဟုတ်ပါဘူးဗျာ” ကိုဝင်းနိုင်က ညည်းသည်။
“ဒီ အစိုးရက ဒီလောက် ကောင်းတာတွေ လုပ်ပေးနေတာပဲဗျာ” ကျနော်က အထွန့်တက်ကြည့်သည်။ အဲဒီကျတော့ သူက နိုင်ငံရေးသုတေသီ မဟုတ်တော့ အသေအချာ ပြန်မပြောတတ်။ ဒါပေမယ့် “သူတို့ အိတ်ထဲပဲ ထည့်နေတာပါဗျာ” ဟု သူက ပြန်ဖြေသည်။ ” ဒီတသက်တော့ ဒီမိုကရေစီကို မြင်ရမယ် မထင်ပါဘူး” ဟုဆိုသော ကိုဝင်းနိုင်ပြောသည့်” ဒီမိုကရေစီ” ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကျနော် အဓိပ္ပါယ် ဖော်ကြည့်သည်။
ကား အေးအေး ဆေးဆေး မောင်းပြီး စီးပွားရှာနိုင်တာကို ပြောတာ။ မတရားမှုတွေ လူလိမ်တွေ လုယက်တာတွေ ပေါများလှတဲ့ နိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သမ္မာအာဇီဝ ဝမ်းစာရှာစားလို့ မရတာကို ဒီမိုကရေစီ မရှိဘူးလို့ ပြောနေတာ။ သူတို့ပဲ ယူပြီး ပြည်သူ ပြည်သားတွေ စားစရာ မရှိတာကို သူက ဒီမိုကရေစီ မရှိတာလို့ အဓိပ္ပါယ်ဖွင့်နေမည်။ သူ့ရဲ့ ခံစားချက်တွေကို ပြောခွင့်မရတာကို သူကပြောနေတာ ဖြစ်မည်။
ဟိုတလောက Facebook ပေါ်မှာ တယောက်ရေးတာကို တွေ့မိတော့ ပြုံးမိသည်။ “ဆေးခြောက် တကျပ်သားက ထောင်ခြောက်နှစ် ကျသွားနိုင်ပေမယ့် တသက်လုံး ဘိန်းချလာတဲ့ကောင်တွေက သမ္မတ နဲ့ ညစာ စားချင် စားရနိုင်တယ် ” တဲ့။
ဆက်ပြီးရေးထားတာက “ကွန်ဒုံးတခု လက်ထဲတွေ့ရင် ပြည့်တန်ဆာမှုနဲ့ ထောင်ကျနိုင်ပေမယ့် နေပြည်တော်အထိ ဇိမ်ခန်း တက်ဖွင့်နိုင်ရင် သမ္မတ အကြံပေးလည်း ဖြစ်ချင် ဖြစ်သွားမယ်”
“ဓာတ်ပုံရိုက်တဲ့ သတင်းထောက်က ပိုက်နက်ကျူးလွန်မှု ဖြစ်နိုင်ပေမယ့် ဘူဒိုဇာ နဲ့ ရွာကိုဖျက်တတ်ရင် သမ္မတထိ တက်ဖြစ်နိုင်တယ်”။ ဖတ်ကြည့်တော့ သဘောကျ သလိုလိုတော့ ဖြစ်သွားမိသည်။ ကိုဝင်းနိုင်ကို ကျနော်က Facebook က အဲဒီ Comment လေးကို ရွတ်ပြတော့ သူလည်း သဘောကျသွားသည်။
ကိုဝင်းနိုင်လို Taxi ဒရိုင်ဘာတွေ ရန်ကုန်မှာ မကြာခဏ တွေ့ဖူး တားစီးခဲ့ဖူးသည်။ ရင်ဖွင့်သံတွေ ကြားရသည်။ အမှန်တရားနှင့် အနီးစပ်ဆုံး ဖြစ်နိုင်ပါသည်။ တိုင်းပြည်ကို ပြုပြင်ချင်သူများ ကိုဝင်းနိုင်ရဲ့ Taxi ကိုစီးကြည့်စေချင်သည်။ သူပြောရဲမယ်ဆိုရင် အသားမည်းမည်း ဗိုက်ရွှဲရွှဲ တွေအကြောင်း၊ သူခိုးကြီးတွေအကြောင်း ကြားစေချင်သည်။
(ကိုအောင်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား တဦးဖြစ်ပြီး ၁၉၈၈ မှ စတင်၍ မြန်မာ့အရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည်။)